မူဆယ် ၁၁ မတ်
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့တွင် ကျောင်းသား၊ ကျောင်းသူများ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုသည့်ကာလ၌ စိတ်အနှောင့်အယှက် မဖြစ်စေရန်နှင့် အများပြည်သူများ စိတ်အနှောင့်အယှက် ဖြစ်စေသည့် ပါဝါအိတ်ဇောတပ်ဆင်သည့် ဆိုင်ကယ်များ၊ အိတ်ဇောပေါက်ဆိုင်ကယ်များနှင့် အိတ်ဇောဖြုတ်ထားသည့် ဆိုင်ကယ်များကို အမှတ် (၁၂၃) ယာဉ်ထိန်းရဲတပ်ဖွဲ့စု (မူဆယ်ခရိုင်) မှ မတ်(၁၀)ရက်မှ စတင်ပြီး အရေးယူခြင်းများ ဆောင်ရွက်နေသည်။
“ဆယ်တန်းစာမေးပွဲကာလတစ်လျှောက်မှာ ပါဝါအိတ်ဇောတပ်ဆင်တဲ့ ဆိုင်ကယ်များ၊ အိတ်ဇောပေါက်ဆိုင်ကယ်များနဲ့ အိတ်ဇောဖြုတ်ထားတဲ့ ဆိုင်ကယ်တွေကို ဖမ်းဆီးအရေးယူ ဆောင်ရွက်ခြင်းတွေ ပြုလုပ်သွားမယ်၊ အဓိကကတော့ ကျောင်းသား၊ ကျောင်းသူတွေ စာမေးပွဲဖြေဆိုတဲ့အချိန်မှာ စိတ်အနှောင့်အယှက် မဖြစ်စေရန်အတွက် မတ်(၂၃)ရက်နေ့အထိ ဖမ်းဆီးအရေးယူ ဆောင်ရွက်သွားမယ်”လို့ ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူး ဒုတိယရဲမှူးချစ်စိန်က ဖမ်းဆီးအရေးယူရခြင်းအကြောင်းကို ပြောကြားသည်။
ဖမ်းဆီးအရေးယူထားသည့် ဆိုင်ကယ်များကို တက္ကသိုလ်ဝင်တန်း စာမေးပွဲပြီးဆုံးပြီးနောက် အိတ်ဇောအသစ်များ လဲလှယ်တပ်ဆင်၍ ဥပဒေအရ အရေးယူဆောင်ရွက်မှုများ ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ဆလိုင်းဗန်ရိုးထန်(ပြန်/ဆက်)


