မူဆယ် ၂၈ မတ်

တရုတ်နိုင်ငံတင်ပို့မည့် ဆန်တန်ချိန် ငါးသောင်းခန့် မူဆယ်နယ်စပ်တွင် ပိတ်မိနေသည့်အတွက် မူဆယ်နယ်စပ်သို့ ထပ်ဝင်လာမည့်ဆန်များ ရပ်ဆိုင်းထားရကြောင်း မူဆယ်ဆန်ကုန်စည်ဒိုင် ဒုဥက္ကဋ္ဌ ဦးမင်းသိန်း က ပြောသည်။

“မူဆယ်နယ်စပ်မှာ ပိတ်မိနေတဲ့ ဆန်တန်ချိန် ငါးသောင်းခန့်က လုံးဝမထွက်သေးဘူး။ တရုတ်က စပိတ်ထားတာက ဖေဖော်ဝါရီ ၂၅ ရက်ကတည်းက ပိတ်တာ အခုထိဘဲ။ ဒါပေမယ့် ဒီကြားထဲမှာ ပါမစ်ကလေးနဲ့တော့ နည်းနည်းပါးပါး သွားလို့ရတယ်။ ဒီပါမစ်ကလည်း သွားလို့ရပေမယ့် တော်တော်လေးကို ခက်ခက်ခဲခဲ သွားနေရတယ်။ ရှင်းရှင်း ပြောရမယ်ဆိုရင် အောက်ကတင်ခိုင်းထားတဲ့ ဆန်တွေတောင် ရပ်ခိုင်းထားရတယ်။ မူဆယ် မှာ ထားစရာ နေရာမရှိလို့”ဟု ဦးမင်းသိန်းက ပြောသည်။

လက်ရှိ ဆန်ဈေးကွက်အတွင်းတွင်လည်း  ၂၀၁၉ နွေဆန်များ ဝင်ရောက်လာမည်ဖြစ်သောကြောင့် မူဆယ်နယ်စပ်တွင် ပိတ်မိနေသည့် ဆန်များ အရောင်းထွက်မှသာ ဆန်ဈေးကွက် အလားအလာကောင်းမည် ဖြစ် ကြောင်း ဆန်ကုန်သည်များထံမှ သိရသည်။

“ဒီမှာ ပိတ်မိနေတဲ့ ဆန်တွေက မိုးစပါးခေါ်တာပေါ့။ မိုးတွင်းမှာ စိုက်ပြီးတော့ ဆောင်းရာသီမှာ ကြိတ်ခွဲသိမ်းတဲ့ စပါးတွေ။ အဲဒီက ထွက်လာတဲ့ ဒီဆန်တွေက ဒီမှာတောင် ဒီလောက်လာပုံနေမယ်ဆိုရင်တော့ အခု နွေစပါး ထွက်လို့ရှိရင်လည်း နွေစပါးက ဘာမှလှုပ်လို့ရမှာမဟုတ်ဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ရှေ့မှာ မိုးစပါးက အများကြီး ကျန်နေတာကိုး။ မိုးစပါး ကျန်နေတဲ့အပြင် အခု နွေစပါးက ထပ်ပြီးတော့ ဝင်ထောက် လိုက်မယ်ဆိုရင် နွေစပါးကလည်း ဘာမှ ဈေးရမှာမဟုတ်ဘူး။ အစကတည်းက ပြောတာပဲ၊ သူတို့ ရင်းနှီး ထားရတာလေ။ ပိုပြီးတော့ ဒုက္ခရောက်တဲ့ ပုံဆန်ပဲ ဖြစ်နေတယ်”ဟု ဆန်ကုန်သည်တစ်ဦးက ပြောသည်။

ယခုလ ၁၅ ရက်က ကုန်သည်စက်မှုအသင်းချုပ်၌  ပြုလုပ်သော ၂၅ ကြိမ်မြောက် နိုင်ငံတော်ဒုတိယသမ္မတ (၁) ဦးဆောင် သော ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကော်မတီနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များ ပုံမှန်တွေ့ဆုံပွဲတွင် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှဥက္ကဋ္ဌ ဦးရဲမင်းအောင်နှင့် ဒုတိယဥက္ကဋ္ဌ ဦးအောင်သန်းဦးတို့မှ  မူဆယ်နယ်စပ်တွင် ရောက်ရှိနေသော ဆန်တန်ချိန် ငါးသောင်းခန့်အတွက် ယူနန်ပြည်နယ် အစိုးရနှင့် လည်းကောင်း၊ ယူနန်ပြည်နယ်မှ Buyerများနှင့်လည်းကောင်း အထူးဦးစားပေးညှိနှိုင်းပေးရန် တင်ပြတောင်းဆိုခဲ့သည်။

“အစိုးရကတော့ တရုတ်- မြန်မာ နယ်စပ်ကနေပြီးတော့ ဆန်တွေကို တရားဝင်သွားခွင့်ပေးဖို့ ကုန်သွယ်ရေးဝန်ကြီးဌာနကနေ အစိုးရခြင်း(G to G)ပေါ့၊ နှစ်ဖက်ညှိနှိုင်းပြီးတော့ လုပ်ပေးမယ်ဆိုရင်တော့ ပိုအဆင်ပြေမှာပဲ။ တရုတ်ပြည်မှာလည်း ဒီကိစ္စကို ပြည်နယ်အဆင့်တောင်မကိုင်ဘူး၊ ဗဟိုအစိုးရနဲ့ ကိုင်ထား တာဆိုတော့ ဒါ မြန်မာပြည်က အစိုးရနဲ့ ညှိနှိုင်းပြီး လုပ်မှပဲရမယ်။ ကုန်သည်က အသင်းလောက်နဲ့  ညှိနှိုင်းလို့ ကတော့ ဘယ်လိုမှ ဖြစ်မှာ မဟုတ်ဘူး”ဟု မူဆယ်ဆန်ကုန်စည်ဒိုင် ဒုဥက္ကဋ္ဌ ဦးမင်းသိန်း က ပြောသည်။

ထို့ပြင် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်အနေဖြင့် ဒုတိယသမ္မတ(၁) ဦးဆောင်သော ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များ ပုံမှန်တွေ့ဆုံပွဲတွင် တောင်သူလယ်သမားများ စပါးပေါ်ချိန်တွင် ဈေးကောင်းရရန်အတွက်လည်းကောင်း၊ အသေးစားနှင့် အလတ်စား ဆန်စပါးလုပ်ငန်း လုပ်ကိုင်သူများအတွက် လည်းကောင်း အဓိကလိုအပ်နေသည့် နယ်စပ်မှတရုတ် နိုင်ငံသို့ တင်ပို့ရောင်းချရေး အဆင်ပြေလွယ်ကူချောမွေ့စေရန် အထူးဦးစားပေး၍ အစိုးရချင်းညှိနှိုင်း ဆောင်ရွက်ပေးရန်နှင့် တရုတ်နိုင်ငံသို့ ဆန်၊ ဆန်ကွဲ တင်ပို့ရောင်းချမှုအတွက် Quota ရရှိရေး၊ နှစ်နိုင်ငံ MoU စာချုပ်ချုပ်ဆိုရေး ကိစ္စများကို အမြန်ဆုံး ထိရောက်စွာ ကူညီဆောင်ရွက်ပေးရန်  တင်ပြတောင်းဆိုထားသည်။

မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့ ဆန်တင်ပို့ရာတွင် ပင်လယ်ရေကြောင်းမှလည်းကောင်း၊  နယ်စပ်ကုန်သွယ်မှု လမ်းကြောင်းမှလည်းကောင်း တင်ပို့လျက်ရှိပြီး နယ်စပ်ကုန်သွယ်မှုလမ်းကြောင်းမှတစ်ဆင့် တရုတ်နိုင်ငံသို့ ဆန်တင်ပို့ရာတွင် တရုတ်နိုင်ငံဘက်၌  တရားမဝင်ကုန်စည်ဖမ်းဆီးရေးစီမံချက်များ လုပ်ဆောင်နေသောကြောင့် တရုတ်ကုန်သည်များ ဆန်အဝယ်ရပ်တန့်သဖြင့် နယ်စပ်ကုန်သွယ်ရေးမှတစ်ဆင့် ဆန်တင်ပို့မှု လျော့ကျလျက်ရှိကြောင်း သိရသည်။

သို့ဖြစ်၍ နယ်စပ်ကုန်သွယ်ရေးမှတဆင့် တရုတ်နိုင်ငံသို့ တင်ပို့နေသည့် ဆန်ဈေးကွက် တရားဝင်ဖြစ်ရေး အဆိုပြုထားပြီး တရုတ်နိုင်ငံဘက်မှ AQSIQ ခေါ် အပင်ပိုးမွှားကင်းစင်ရေးကို ပြန်လည်စစ်ဆေးပေးရန် ပြောဆိုနေသောကြောင့် ကုန်သည်များအနေဖြင့်လည်း ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားရန်လိုအပ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောကြားထားသည်။

မြန်မာနိုင်ငံအနေဖြင့် ပြည်ပနိုင်ငံများသို့ ဆန်တင်ပို့ရာတွင် ၂၀၁၈ ခုနှစ် ဧပြီ ၁ ရက်မှ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်အထိ ဆန်နှင့် ဆန်ကွဲ တန်ချိန် ၂ ဒသမ ၁၁၅ သန်းကျော် တင်ပို့ထားပြီး တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၆၉၉ ဒသမ ၄၆၇ သန်း ရရှိထားသည်။

ပြီးခဲ့သည့်နှစ် ပြည်ပဆန်တင်ပို့မှု စာရင်းများကို ကြည့်ပါက ဆန်တန်ချိန် ၃ ဒသမ ၆ သန်းကျော် တင်ပို့နိုင်ခဲ့ပြီး တင်ပို့မှု၏ ထက်ဝက်နီးပါးမှာ တရုတ်နိုင်ငံသို့ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှတစ်ဆင့် တင်ပို့ခြင်းဖြစ်ကြောင်း သိရသည်။

ငြိမ်းငြိမ်း(GNLM)