မေယု-မျိုးအောင်(MANA)
အရှေ့နှင့် အရှေ့တောင်အာရှဒေသနိုင်ငံများတွင် ဓာတုဗေဒ ဆေးဝါးများဖြင့် ပြုလုပ်ထားသော မူးယစ်ဆေးဝါး ဈေးကွက် ဆယ်စုနှစ်များအတွင်း ပိုမိုကျယ်ပြန့်လာကြောင်း လွန်ခဲ့သည့် တစ်ပတ်က ထုတ်ပြန်ခဲ့သော ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး(UNODC)၏ အစီရင်ခံ စာသစ်တွင် ဖော်ပြထားသည်။ ထို့ပြင် အဆိုပါဒေသများတွင် ဓာတုမူးယစ်ဆေးဝါးများ ထုတ်လုပ်မှု၊ ရောင်းလိုအား များပြားမှုတို့ကြောင့် ၂၀၁၄ ခုနှစ်တွင် တရားမဝင် မူးယစ် ဆေးဝါးအမျိုးအစားသုံးမျိုးသာရှိခဲ့ရာမှ ၂၀၁၉ ခုနှစ်၌ အမျိုးအစား ၂၈ မျိုးအထိ များပြားလာခဲ့ကြောင်းဆိုထားရာ ဤအချက်က မြန်မာနိုင်ငံသည် အသွင်ပြောင်းဓာတု မူးယစ်ဆေးဝါးများ ထုတ်လုပ်မှုကို နှိမ်နင်းရာ၌ သမားရိုးကျ မဟုတ်သော စိန်ခေါ်မှုများကို ရင်ဆိုင်ရဖွယ်ရှိကြောင်း ညွှန်ပြနေသည်။
ကြောက်ခမန်းလိလိ များပြားနေဆဲဖြစ်
မြန်မာနိုင်ငံသည် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကို နှစ်ပေါင်းများစွာ လုပ်ဆောင်ခဲ့သော်လည်း မူးယစ်ဆေးဝါး ထုတ်လုပ်မှုမှာ ကျဆင်းသွားခြင်းမရှိပေ။ မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှု တစ်နှစ်ထက်တစ်နှစ် များပြားလာသကဲ့သို့ ဖမ်းဆီးရမိသည့် ပမာဏမှာလည်း ကြောက်ခမန်းလိလိ များပြားနေဆဲဖြစ်သည်။ ဘိန်းစိုက်ပျိုးထုတ်လုပ်မှု လျော့နည်းလာသော်လည်း စိတ်ကြွဆေးပြားဟု လူသိများ သည့် မက်သာဖက်တမင်းဆေးပြားများ သုံးစွဲမှုနှုန်း မြင့် တက်နေပြီး အဆိုပါဆေးဝါးများ နိုင်ငံတကာသို့တင်ပို့ရာ တွင် မြန်မာနိုင်ငံသည် အချက်အချာနေရာဖြစ်နေကြောင်း နေ့စဉ်နှင့်အမျှ ဖော်ပြပါရှိနေသည့် မူးယစ်ဆေးဝါး ဖမ်းဆီးရရှိမှု သတင်းများကို ဖတ်ရှုရုံဖြင့် သိသာစေသည်။
၂၀၁၉ ခုနှစ် မြန်မာနိုင်ငံ ဘိန်းစိုက်ပျိုးထုတ်လုပ်မှု စစ်တမ်း အစီရင်ခံစာအရ ၂၀၁၈ ခုနှစ် ဘိန်းစိုက်ပျိုးမှုနှင့် ၂၀၁၉ ခုနှစ် ဘိန်းစိုက်ပျိုးမှုကို နှိုင်းယှဉ်ပါက ၁၁ ရာခိုင် နှုန်းကျော် ကျဆင်းခဲ့သဖြင့် ယခင်က ကမ္ဘာပေါ်တွင် ဒုတိယအဆင့်ရှိခဲ့ရာမှ ယခုအခါ တတိယအဆင့်သို့ လျော့ကျသွားခဲ့သည်။ သို့ရာတွင် ခေတ်မီဓာတုပစ္စည်းများနှင့် ပေါင်းစပ်ထားသည့် အသွင်ပြောင်းမူးယစ်ဆေးဝါးများ ကြောင့် တားဆီးနှိမ်နင်းရေးလုပ်ငန်းတွင် အခက်အခဲ အချို့ရှိနေဆဲဖြစ်သည်။
နိုင်ငံတော်သမ္မတရုံး၌ မူးယစ်ဆေးဝါး အထူးသတင်း တိုင်ကြားရေးဌာနကို ဖွင့်လှစ်၍ ဖော်ထုတ်ဖမ်းဆီး အရေး ယူမှုများ ဆက်တိုက်လုပ်ဆောင်နေသဖြင့် အောင်မြင်မှု များရှိနေသော်လည်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်း တွင် စိန်ခေါ်မှုများစွာ ရှိနေသေးသည်။ အထူးသဖြင့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာ ဥပဒေကို ခေတ်စနစ်နှင့် လိုက်လျောညီထွေရှိအောင် ပြန်လည်ပြင်ဆင်ထားသော်လည်း အကျဉ်းထောင်အားလုံး တွင် မူးယစ်ဆေးဝါးမှုဖြင့် ပြစ်ဒဏ်ကျခံရသူများမှာ ၈၀ ရာခိုင်နှုန်းအထက်တွင် ရှိနေခြင်း၊ လက်ဝယ်တွေ့သူနှင့်အတူ ရှိနေရုံဖြင့် ပြစ်ဒဏ်ချမှတ်ခံနေရမှုများ ဖြစ်ပေါ်နေခြင်း၊ လက်ကားရောင်းဝယ်သူများကို ဖော်ထုတ်နိုင်မှုနည်းပါးခြင်း တို့မှာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးမူဝါဒများအပေါ် မေးခွန်းထုတ်စရာ ဖြစ်စေသည်။
ဘိန်းစိုက်ပျိုးမှုလည်း လျော့နည်းကျဆင်းသွားမည်ဖြစ်
ဘိန်းအစားထိုးသီးနှံ စိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်စေရန် နယ်စပ်ဒေသဖွံ့ဖြိုးရေး၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးတွင် လျှပ်စစ်မီးရရှိရေး၊ နှစ်တို၊ နှစ်ရှည်သီးနှံ စိုက်ပျိုးရေး၊ နည်းပညာများပံ့ပိုးရေး၊ မြေယာပြုပြင်ရေး၊ ရေရရှိရေး၊ အစားထိုးသီးနှံများ ဈေးကွက်ဝင်ရောက်ရေးတို့ကို ဆောင်ရွက်ပေးခြင်းဖြင့် တောင်သူများ ဝင်ငွေတိုးတက် ရရှိကာ ဘိန်းစိုက်ပျိုးမှုလည်း လျော့နည်းကျဆင်းသွား မည်ဖြစ်သည်။
နိုင်ငံတော်အစိုးရက အဓိကအကောင်အထည်ဖော် ဆောင်ရွက်နေသလို ပုဂ္ဂလိကလုပ်ငန်းရှင်များကပါ လက်တွဲပူးပေါင်းဆောင်ရွက်မည်ဆိုပါက ဒေသခံပြည်သူများ လည်း အကျိုးရှိပြီး မူးယစ်ဆေးဝါး ပြဿနာများလည်း လျော့နည်းကျဆင်းသွားမည်ဖြစ်သည်။ ဘိန်းအစားထိုး စိုက်ပျိုးရေးကို ရှေးယခင်ကလည်း ဆောင်ရွက်ခဲ့ပြီး အောင်မြင်မှုမရှိခြင်းမှာ နယ်မြေဒေသ မငြိမ်းချမ်းသော ကြောင့်ဖြစ်၍ မိမိတို့ဒေသငြိမ်းချမ်းရမည်ဟူသည့် ခံယူချက်ဖြင့် လက်တွဲပါဝင်ရမည်ဖြစ်သည်။ စစ်မှန်သည့်ငြိမ်းချမ်းရေးကို တည်ဆောက်ပြီး ဘိန်းစိုက်ပျိုးသည့် တောင်သူများ၏ ဘဝနှင့်ခံယူချက်များ ပြောင်းလဲပေးကာ လူမှုဘဝကို မြှင့်တင်ပေးရမည်ဖြစ်သည်။
အိမ်နီးချင်းနိုင်ငံများတွင် ဘိန်းစိုက်ပျိုးမှု၊ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုများ ရှိနေသော်လည်း ကာကွယ် တိုက်ဖျက်ရေးလုပ်ငန်းများကို တစိုက်မတ်မတ်ဆောင်ရွက်ခဲ့၍ အောင်မြင်မှုများရှိနေပြီဖြစ်ရာ မြန်မာနိုင်ငံအနေဖြင့်လည်း အိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်းလက်တွဲ၍ ပိုမိုနှိမ်နင်းတိုက် ဖျက်သွားရန် သန္နိဋ္ဌာန်ချထားပြီးဖြစ်သည်။
စစ်ဆင်ရေးများကို ၂၄ ကြိမ် ဆောင်ရွက်ခဲ့
မြန်မာနိုင်ငံ၏ အမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေးမူဝါဒကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ထုတ်ပြန် ကြေညာခဲ့ပြီး မဟာဗျူဟာစီမံချက်ရေးဆွဲကာ ၂၀၁၉ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ အကောင်အထည်ဖော် ဆောင်ရွက်သွား မည်ဖြစ်သည်။ ၁၉၉၃ ခုနှစ် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ပြင်ဆင်ထုတ်ပြန်ခဲ့ပြီး မူးယစ် ဆေးဝါးတားဆီးနှိမ်နင်းရေး စစ်ဆင်ရေးများကို ၂၄ ကြိမ် ဆောင်ရွက်ခဲ့ရာ ၂၀၁၈ ခုနှစ်တွင် မူးယစ်ဆေးဝါးအမှုပေါင်း ၁၃၀၃၇ မှု၊ တရားခံပေါင်း ၁၈၆၈၁ ဦး ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။
ပြင်ဦးလွင်မြို့အထွက် မိုင်တိုင် (၄၇/၄၈) အေးရှားဝေါစစ်ဆေးရေးဂိတ်ဟောင်းတွင် မေလ ၁၈ ရက်နေ့က မူးယစ် ဆေးဝါးရှာဖွေရေးစက်ဖြင့် ရှာဖွေရာ ဆီဘောက်ဆာကားပေါ် တွင် WY မူးယစ်ဆေးပြားပေါင်း ၈၅၁၀၀၀၀ နှင့် ဘိန်းဖြူ ကီလိုဂရမ် ၄၄၀ ကို သိမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရ သည်။ ရဲချုပ်ရုံးမှ မူးယစ်နှိမ်နင်းရေးကို တိုးမြှင့်ဆောင်ရွက်နိုင် ရေးအတွက် အမှတ် (၁၆) မူးယစ်ရဲတပ်ဖွဲ့ကို ပေးအပ်ထားသည့် မူးယစ်ဆေးဝါး ရှာဖွေရေးစက်သစ်ဖြင့် ရှာဖွေခဲ့ခြင်းဖြစ်သည်။
ဈေးကွက်ချဲ့ထွင်လျက်ရှိ
မူးယစ်ဆေးဝါးထုတ်လုပ်သူများသည် အဖက်တမင်း (စိတ်ကြွဆေး)၊ အက်တစီ(ecstasy)၊ ကတ်တမင်း (ketamine)၊ ဆေးခြောက်နှင့် အာနိသင်တူသော ပစ္စည်းများ (Cannabinoids)များနှင့် ဖန်တနိုင်း(Fentanyl) ကဲ့သို့သော ဓာတုပစ္စည်းကို အခြေခံ၍ ပိုမိုပြင်းထန်သော အမျိုးအစားများ ကို ပိုမိုထုတ်လုပ်ကာ ဈေးကွက်ချဲ့ထွင်လျက်ရှိသည်။ ယခုနှစ် ဖေဖော်ဝါရီလ၂၀ ရက်နေ့မှ ဧပြီလ ၉ ရက်နေ့အထိ ရှမ်းပြည် နယ် ကွတ်ခိုင်မြို့နယ်အတွင်း စစ်ဆေးရေးကာလ၌ အမေရိ ကန်ဒေါ်လာ သန်းပေါင်းများစွာတန်ကြေးရှိသည့် မူးယစ် ဆေးဝါးများ အများအပြားဖမ်းဆီးရမိမှုတွင် ဖန်တနိုင်း (Fentanyl) ဆေးရည်လီတာ ၄၀၀၀ နီးပါး ဖမ်းဆီးရမိခဲ့မှုမှာ မူးယစ်ဆေးဝါးဈေးကွက်အတွင်း သမားရိုးကျမဟုတ်သည့် အမည်သစ်များ ထပ်မံစိမ့်ဝင်ပျံ့နှံ့နေကြောင်းကို မီးမောင်းထိုးပြ နေသည်။ ဖန်တနိုင်းဓာတုပစ္စည်းဖြင့် ထုတ်လုပ်ထားသည့် မူးယစ်ဆေးသည် ဘိန်းဖြူထက် အဆ ၃၀ မှ အဆ ၅၀၊ မော်ဖင်းထက် အဆ ၅၀ မှ အဆ ၁၀၀ အထိ ပိုမိုပြင်းထန်ကာ ထုတ်လုပ်ရာတွင်လည်း ဘိန်းဖြူထက်လွယ်ကူသည့် အမည် သစ် မူးယစ်ဆေးဝါးဖြစ်သည်။ ဖန်တနိုင်းကို နှစ်မီလီဂရမ်မျှ သုံးစွဲရုံဖြင့် အသက်အန္တရာယ်ရှိနိုင်သည်ဖြစ်ရာ ၂၀၁၈ ခုနှစ်အတွင်း ဖန်တနိုင်းကြောင့် အမေရိကန်တွင် လူပေါင်း ၃၂၀၀၀ ခန့်သေဆုံးခဲ့ကြောင်း သိရသည်။
အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ် အကျဉ်းထောင်တစ်ခုတွင် လှူထားသည့် ငှက်ပျောသီးသေတ္တာ များအတွင်းတွင် ကိုကင်းဒေါ်လာ ၁၈ သန်းဖိုးလောက် တွေ့ရှိရသည်ဟု ဥပဒေစိုးမိုးရေးအရာရှိများက ပြောကြား သည်။ ငှက်ပျောသီးများက မှည့်ကုန်ပြီဖြစ်၍ အမေရိကန် ဆိပ်ကမ်းကနေ အကျဉ်းထောင်ကို လှူလိုက်ခြင်းဖြစ်သည်ဟု တက္ကဆက်ရာဇဝတ်မှုခင်းဌာနက ထုတ်ပြန်ထားသည်။ အကျဉ်းဦးစီးဝန်ထမ်းများက ငှက်ပျောသီးသေတ္တာများကို သယ်နေချိန်တွင် တစ်ခုခုတော့မှားနေပြီဟု သံသယဖြစ်လာ သည်။ သေတ္တာများက အခြားသော သေတ္တာဘူးများနှင့်မတူ ခြင်းကို ခံစားမိလိုက်ရသည်ဟု တက္ကဆက် ရာဇဝတ်မှုခင်း ဌာနက ပြောကြားသည်။ အထဲကို ဖွင့်ကြည့်လိုက်သည့်အခါ ငှက်ပျောသီးများအောက်တွင် အဖြူရောင်အမှုန့်ထုပ်များကို တွေ့ရခြင်းဖြစ်သည်။ စုစုပေါင်း ကိုကင်းအထုပ် ၅၄၀ တွေ့ခဲ့ရပြီး ဈေးကွက်ပေါက်ဈေးအရ ဒေါ်လာ ၁၈ သန်းရှိ ကြောင်း သိရသည်။
ဩစတြေးလျရဲတပ်ဖွဲ့က ဝေးလံခေါင်သီသည့်ဒေသရှိ ကြီးမားသော မူးယစ်ဆေးဝါးစက်ရုံအား ဝင်ရောက်တိုက်ခိုက် ဖျက်ဆီးခဲ့ကြောင်း၊ ဤဝင်စီးမှုတွင် အမေရိကန်ဒေါ်လာ ၆ ဒသမ ၂ သန်းတန်ဖိုးရှိ ကိုကင်းများနှင့် လူလေးဦးတို့ကို ဖမ်းဆီးလိုက်ကြောင်း ဆင်ဟွာသတင်းက ဇွန်လ ၅ ရက်နေ့ တွင် ဖော်ပြခဲ့သည်။ ရဲတပ်ဖွဲ့က နယူးဆောက်သ်ဝေး ဒေသတွင် ကိုကင်းနှင့် မီသိုင်းမူးယစ်ဆေးဝါးထုတ်လုပ်မှု၊ ရောင်းဝယ်မှုများကို ကာလကြာရှည်စွာ စုံစမ်းစစ်ဆေးမှုလုပ်ဆောင်ခဲ့ပြီးနောက် ယခုကဲ့သို့ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
မူးယစ်ဆေးဝါးအန္တရာယ်ကို အသိသတိဖြင့် ကာကွယ်
မြန်မာနိုင်ငံသည် ဓာတုပစ္စည်းများ အဓိကထုတ် လုပ်နေသည့် နိုင်ငံကြီးနှစ်နိုင်ငံအကြား တည်ရှိနေသဖြင့် အသွင်ပြောင်းမူးယစ်ဆေးဝါးပြဿနာသည် လူငယ်လူရွယ် များအတွက် လက်တစ်ကမ်းအကွာတွင်ရှိနေသည့် အန္တရာယ်ဖြစ်သည်။ ထို့ကြောင့် တာဝန်ရှိသူများအနေဖြင့် ပညာရေးကဏ္ဍတွင် မူးယစ်ဆေးဝါးအန္တရာယ် ပညာပေး လုပ်ငန်းများ တိုးချဲ့လုပ်ဆောင်ခြင်း၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကို တာဝန်ယူနေရသည့် ရဲတပ်ဖွဲ့ဝင်အင်အား ကို တိုးမြှင့်ခန့်ထားခြင်း၊ ရန်ပုံငွေများ ပိုမိုချထားပေးခြင်း ဆောင်ရွက်ရန် လိုအပ်ပါသည်။ ယင်းအပြင် မူးယစ်ဆေးဝါး များထွက်ရှိရာ ဒေသအများစုသည် လက်နက်ကိုင်အဖွဲ့အချို့ ထိန်းချုပ်နယ်မြေများအတွင်းဖြစ်ရာ လူသားအားလုံးကို အညွန့်တုံးစေမည့် မူးယစ်ဆေးဝါးအန္တရာယ်ကို အသိသတိ ဖြင့် ကာကွယ်ကြရမည်။
မြန်မာနိုင်ငံ မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း (MANA) ဗဟို၏ အကြိမ် (၂၀) မြောက် နှစ်ပတ်လည်ဗဟို ကော်မတီအစည်းအဝေးကို ရန်ကုန်မြို့ ကျွန်းတောလမ်းရှိ မူးယစ်ပြတိုက်အစည်းအဝေးခန်းမ၌ ပြုလုပ်ရာ မြန်မာနိုင်ငံ မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း ဥက္ကဋ္ဌ ဦးစိုးဝင်းက “ကျွန်တော်တို့ မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်းကြီးရဲ့ အဓိကပန်းတိုင်ကတော့ လူငယ်လူရွယ်တွေ မူးယစ်ဆေးဝါး ကင်းစင်ပြီး ကျန်းမာကြံ့ခိုင်တဲ့ လူငယ်တွေဖြစ်ရေးဖြစ်ပါ တယ်။ ဒီအတွက် လုပ်ငန်းစဉ် နှစ်ရက်ချမှတ်ဆောင်ရွက် ပါတယ်။ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ကနေ ဒီဇင်ဘာ လ ၃၁ ရက်နေ့အထိ တစ်နှစ်တာ အကျုံးဝင်တဲ့ ကာလ အတွင်း တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးမှာ ဟောပြော မှု အကြိမ်ပေါင်း ၁၀၀ ကျော်ကနေ ၂၀၀ နီးပါးရှိပါတယ်”ဟု ပြောကြားခဲ့သည်။
နိုင်ငံတော်အစိုးရအနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် များ အောင်မြင်ရေးအတွက် လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် စဉ်ဆက်မပြတ် နိုင်ငံရေးဆွေးနွေးပွဲများကို ဆောင်ရွက်လျက်ရှိရာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ တိုးတက်အောင်မြင်လာသည်နှင့်အမျှ ဘိန်းအစားထိုးသီးနှံစိုက်ပျိုးရေး၊ မူးယစ်ဆေးဝါးပြဿနာ များ လျော့နည်းကျဆင်းလာရေးအတွက် နိုင်ငံတော်အစိုးရ နှင့်အတူ ဝိုင်းဝန်းလက်တွဲကြိုးပမ်းဆောင်ရွက်ကြပါရန် တိုက်တွန်းရေးသားလိုက်ရပါသည်။ ။


