မြဝတီ ၁၉ ဧပြီ
ကရင်ပြည်နယ် မြဝတီခရိုင် မြဝတီမြို့ဝင် ဆိုင်းဘုတ်ဖွင့်ပွဲနှင့် အာဇာနည် ပန်းခြံ မုခ်ဦးဖွင့်ပွဲ အခမ်းအနားကိုယနေ့နံနက်ပိုင်းတွင် မြဝတီမြို့၌ ကျင်းပရာ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း တက်ရောက်ဖွင့်လှစ်ပေးသည်။
ရှေးဦးစွာအမျိုးသားလွှတ်တော်ဥက္ကဋ္ဌသည် ကရင်ပြည်နယ်စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာဝန်ကြီးဦးသန်းနိုင်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိန်ဗိုလ်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များဖြစ်သော ဦးအိုက်ကျန်ခမ်းနှင့် ဦးသန့်ဇင်အောင်၊ ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ဌာနဆိုင်ရာ တာဝန်ရှိသူ များနှင့်အတူ နံနက် ၇ နာရီတွင် မြဝတီမြို့နယ် အာရှလမ်းမကြီးအနီးရှိ နဘယသုခ စေတီအနီး၌ ကျင်းပသော "မြဝတီမြို့မှ လှိုက်လှဲစွာကြိုဆိုပါ၏" မြို့ဝင်ဆိုင်းဘုတ် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်သည်။
အခမ်းအနားတွင် မင်္ဂလာပါ သီချင်း၊ ကရင်ရိုးရာ ဒုံးယိမ်းအကစသည့် တိုင်းရင်းသား ရိုးရာအကများဖြင့် စတင်ဖျော်ဖြေဖွင့်လှစ်ပေးသည်။
ထို့နောက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ လက်ထောက် ညွှန်ကြားရေးမှူး ဦးစောရောဘတ်ထူးက မြို့ဝင်ဆိုင်းဘုတ် တည်ဆောက်ရေးဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြကာ မြို့နယ်စည်ပင်သာယာရေးကော်မတီ အဖွဲ့ဝင် ဦးစိန်သောင်းက မြို့အဝင်မုခ်ဦးဆောင်ရွက်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်း တင်ပြသည်။ ဆက်လက်၍ မြဝတီ မြို့အဝင်မုခ်ဦးကို ကာလတိုအတွင်း အောင်မြင်စွာ တည်ဆောက်ပေးနိုင်ခဲ့မှုအပေါ် ရပ်မိ၊ ရပ်ဖဦးစိုးမင်းလွင်ကကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ယင်းနောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက မြဝတီမြို့ဝင် ဆိုင်းဘုတ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပေးကြကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
အဆိုပါ မြဝတီမြို့ဝင် ဆိုင်းဘုတ်ကို နိုင်ငံတော်ဘဏ္ဍာငွေနှင့် ပြည်သူခုနစ်ဦးမှ လှူဒါန်းငွေ စုစုပေါင်းငွေကျပ်သိန်း ၂၂၀ ကျော်ကုန်ကျခံကာတစ်လကျော်အတွင်း အပြီးတည်ဆောက်နိုင်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းနှင့် အဖွဲ့ဝင်များသည် မြဝတီမြို့ အမှတ်(၁)ရပ်ကွက် ဗိုလ်ချုပ်လမ်းရှိ အာဇာနည်ပန်းခြံ၌ ကျင်းပသော အာဇာနည်ပန်းခြံ မုခ်ဦး ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်သည်။ ဖွင့်ပွဲအခမ်းအနားတွင် သုံးရောင်ခြယ်အကအဖွဲ့၊ ငြိမ်းချမ်းစည်းလုံးအကအဖွဲ့များကဖျော်ဖြေကြသည်။
ယင်းနောက် အာဇာနည်ပန်းခြံမုခ်ဦးတည်ဆောက်ရေးဆိုင်ရာ အချက်အလက်များကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့တာဝန်ခံ အင်ဂျင်နီယာ အင်ဂျင်နီယာမှူး ဦးသိန်းနိုင်က ရှင်းလင်းတင်ပြပြီးမြို့မိ၊ မြို့ဖတစ်ဦးကကျေးဇူးတင်စကား ပြန်လည် ပြောကြားသည်။
ထို့နောက် အခမ်းအနားတွင် ဖျော်ဖြေတင်ဆက်ပေးသောဘင်ခရာ၊ ပန်းဖွားနှင့် အကအဖွဲ့များကို ကရင်ပြည်နယ် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးသန်းနိုင်က ဂုဏ်ပြုဆုငွေများချီးမြှင့်ပေးသည်။
ထို့နောက် အာဇာနည်ပန်းခြံမုခ်ဦးကိုအမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင် သန်း၊ ကရင်ပြည်နယ် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးသန်းနိုင်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိန်ဗိုလ်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ပန်းခြံမုခ်ဦးအား မွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပေးကြသည်။
ယင်းနောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် တက်ရောက် လာကြသည့် ပြည်သူများနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်ပြီး အာဇာနည်ပန်းခြံအတွင်း လှည့်လည်ကြည့်ရှုကာ သက်ဆိုင်ရာတာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားသည်။
ယနေ့ဖွင့်လှစ်ပေးသောအာဇာနည်ပန်းခြံမုခ်ဦးကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းမှ ခွင့်ပြုရန်ပုံငွေ စုစုပေါင်းငွေကျပ် ၂၅ သန်းဖြင့် အကုန်အကျခံကာ ရက်ပေါင်း ၆၀ အတွင်း အပြီးတည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
သတင်း- မောင်စိန်လွင်၊ ဓာတ်ပုံ-မင်းထက်


