မယ်စဲ့မြို့နယ်တွင် လေးနှစ်တာအတွင်း ဆောင်ရွက်ခဲ့သော လူထုဗဟိုပြုစီမံကိန်းနှင့် ပတ်သက်သည့် စာရွက်စာတမ်းများ လွှဲပြောင်းပေးအပ်

မယ်စဲ့ ၁၇ အောက်တိုဘာ

 

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနနှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်ခဲ့သော ဘောလခဲ၊ ဖားဆောင်း၊ မယ်စဲ့မြို့နယ် လူထုဗဟိုပြုစီမံကိန်း (၄)နှစ်တာကာလအတွင်း ဆောင်ရွက်ပြီးစီးခဲ့သော စီမံကိန်း လုပ်ငန်းခွဲများနှင့် ပတ်သက်သည့် စာရွက်စာတမ်းများ လွှဲပြောင်းပေးအပ်ခြင်းကို ယနေ့နံနက်က မယ်စဲ့ကျေးရွာအုပ်စု၊ ပန်တိန်းကျေးရွာခန်းမဆောင်၌ ကျင်းပခဲ့သည်။

 

အဆိုပါ လွှဲပြောင်းပေးအပ်ပွဲတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ကျော်ဦးက လူထုဗဟိုပြုစီမံကိန်းထောက်ပံ့ငွေဖြင့် ဆောင်ရွက်ခဲ့သော ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများ ရေရှည်တည်တံ့စေရေး ကျေးရွာပြည်သူများနှင့် ကျေးရွာကော်မတီဝင်များက ဝိုင်းဝန်းထိန်းသိမ်းကြရန် မှာကြားဆွေးနွေးပြီး မြို့နယ်စီမံကိန်း တာဝန်ခံ ဦးကလောရယ်က စီမံကိန်းနှင့် သက်ဆိုင်သည့် စာရွက်စာတမ်းများအား ၈ နှစ်ကြာ ထိန်းသိမ်းထားရမည်ဖြစ်ကြောင်း နှင့် သက်ဆိုင်ရာဌာနဆိုင်ရာဖြစ်စေ၊ အခြားအဖွဲ့အစည်းမှဖြစ်စေ လာရောက်စစ်ဆေးပါက အစစ်ဆေးခံနိုင်ရေး ဆောင်ရွက်ထားရမည်ဖြစ်ကြောင်း ပြောကြားသည်။

 

ထို့နောက် မြို့နယ်ဦးစီးမှူး ဦးအောင်ကျော်ဦးနှင့် မြို့နယ်စီမံကိန်းတာဝန်ခံ ဦးကလောရယ်တို့က လူထုဗဟိုပြုစီမံကိန်း (၄)နှစ်တာအတွင်း ဆောင်ရွက်ပြီးစီးခဲ့သော စီမံကိန်းလုပ်ငန်းခွဲများနှင့် ပတ်သက်သော ဖိုင်များ၊ ဘဏ္ဍာရေး၊ ဝယ်ယူရေး၊ စီမံကိန်းနှင့် သက်ဆိုင်သောဖိုင်များအား ပန်တိန်း၊ ဟိုစဲ့၊ ဝမ်ကန်ကျေးရွာတို့မှ ကျေးရွာစီမံကိန်းအထောက်အကူပြု ကော်မတီဝင်များထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

 

ဝတ်ရည်(ပြန်/ဆက်)

 

mdn