နာဂမျိုးနွယ်စုယဉ်ကျေးမှုအိမ်(၆)လုံးအတွက် တည်ဆောက်ပြသရန် အလှူငွေကျပ်သိန်း ၁၈၀လက်ခံရရှိပြီးဖြစ်

လေရှီုး   ၂၄  နိုဝင်ဘာ   

 

ယခုနှစ် နာဂရိုးရာနှစ်သစ်ကူးပွဲတော်တွင် နာဂမျိုးနွယ်စုများ၏ ယဉ်ကျေးမှုအိမ် ခြောက်လုံးတည်ဆောက် ပြသရန်အတွက် စေတနာရှင်၊အလှူရှင်များမှ ပေးအပ်လှူဒါန်းသည့် အလှူငွေကျပ်သိန်း ၁၈၀ လက်ခံရရှိပြီ ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ထံက သိရသည်။

 

ယခုနှစ် နာဂရိုးရာနှစ်သစ်ကူးပွဲတော်ကို နာဂဒေသကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့တွင် ကျင်းပသွားမည် ဖြစ်ပြီး ပွဲတော်တွင်  တန်ကွန်၊ ပါရာ၊ မကူရီ၊ ခဲန်မြူနမ်၊ လောင်ဖူးရီ၊ ကိုးကာ့နာဂမျိုးနွယ်စုတို့၏ ယဉ်ကျေးမှုအိမ် ခြောက်လုံးတည်ဆောက်ပြသသွားမည်ဖြစ်သည်။

 

''ခါတိုင်းနှစ်တွေက ရိုးရာပြခန်းလေးတွေပဲ ပြထားတယ်။ဒီနှစ်ကျ  ရိုးရာမျိုးနွယ်စု အလိုက် ရိုးရာအိမ်ဆောက်ပြီး ရိုးရာအသုံးအဆောင်ပစ္စည်းတွေ ရိုးရာဓလေ့တွေ ပြသပြီး အဲအိမ်မှာတည်းခိုင်းမယ်  ''ဟု နာဂဒေသဦးစီးအဖွဲ့မှ ဦးရိထင် ကပြောပြသည်။

 

ထိုယဉ်ကျေးမှုအိမ်များတည်ဆောက် ပြသရန်အတွက် စေတနာရှင်၊အလှူရှင်များက အလှူငွေ ပေးအပ်လျက်ရှိရာ အောက်တိုဘာလ ၃ ရက်နှင့် ၄ ရက်များက နာဂမျိုးနွယ်စုများဖြစ်သည့် တန်ကွန်၊ ပါရာ မျိုးနွယ်စုတို့၏ ယဉ်ကျေးမှုအိမ်များ တည်ဆောက်ပြသရန်အတွက် တိုင်းဒေသကြီးအစိုးရ အဖွဲ့သို့ အလှူရှင်များက အလှူငွေများပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

 

ထို့အပြင် အောက်တိုဘာလ ၁၆ ရက်က တိုင်းဒေသကြီးအစိုးရရုံးတွင် မကူရီနာဂမျိုးနွယ်စုတို့၏ ယဉ်ကျေးမှုအိမ် အတွက် ငွေကျပ် သိန်း ၃၀ နှင့် ခဲန်မြူနမ် နာဂမျိုးနွယ်စုတို့၏ ယဉ်ကျေးမှုအိမ်အတွက် ငွေကျပ် သိန်း ၃၀ တို့ကို အလှူရှင်များကိုယ်စား စစ်ကိုင်းတိုင်း ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကော်မတီက တိုင်းဒေသကြီးအစိုးရအဖွဲ့ထံ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရပြီး အောက်တိုဘာလ ၁၇ ရက်နေ့က ကိုးကာ့နာဂမျိုးနွယ်စုတို့၏ ယဉ်ကျေးမှု အိမ်အတွက် အလှူငွေ များလက်ခံရရှိခဲ့ကြောင်း သိရသည်။

 

ကျန်ရှိနေသည့် လောင်ဖူရီနာဂမျိုးနွယ်စုယဉ်ကျေးမှုအိမ်အတွက် ယနေ့ တွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း Rally ကားမောင်းခြင်းဖြင့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးအောင်ကူညီခြင်း၊ ဆင်းရဲနွမ်းပါးနှင့် တိုင်းရင်းသားဒေသများ အားထောက်ပံ့လှူဒါန်းခြင်းများပြုလုပ်နေသော MHTTR7 (Journey to the Naga Land)အဖွဲ့မှ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်နှင့် အစိုးရအဖွဲ့အား လှူဒါန်းခဲ့ကြောင်း သိရသည်။

 

နာဂရိုးရာနှစ်သစ်ကူးပွဲတော်ကို နာဂဒေသကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများဖြစ်သည့် နန်းယွန်း၊လဟယ်၊လေရှီုး စသည့် မြို့နယ်များတွင်  အလှည့်ကျ ပြုလုပ်လျက်ရှိပြီး ယခုနှစ် နာဂရိုးရာနှစ်သစ်ကူးပွဲတော်ကို ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၁၃ ရက်မှ ၁၆ ရက်နေ့ အထိ လေရှီးမြို့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမှာ ဖြစ်ကြောင်း၊ယခုနှစ် နာဂရိုးရာနှစ်သစ်ကူးပွဲတော်တွင် မျိုးနွယ်စုများ၏ ဓလေ့၊အသုံးပစ္စည်းများ စုံလင်စွာ ပြသ သွားမည့်အပြင် နာဂမျိုးနွယ်စု ယဉ်ကျေးမှုအိမ်များတည်ဆောက်ပြသသွားမည် ဖြစ်ကြောင်း နာဂဒေသဦးစီးအဖွဲ့မှ ဦးရိထင် ကပြောပြသည်။   

 

ကိုမင်း(အင်းတော်)