Natural Gas Master Plan in Myanmar ထုတ်ပြန်ပွဲ အခမ်းအနားကျင်းပ

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနနှင့် Economic Research Institute for ASEAN and East Asia (ERIA) တို့ ပူးပေါင်း၍ ERIA ၏ နည်းပညာနှင့် ငွေကြေးပံ့ပိုးမှုဖြင့် ဆောင်ရွက်ခဲ့သည့် Natural Gas Master Plan in Myanmar ထုတ်ပြန်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ သင်္ဂဟဟိုတယ်၌ ကျင်းပသည်။

 

အခမ်းအနားတွင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က မြင့်မားလာသော စွမ်းအင်ဈေးနှုန်းများ၊ ပြည်တွင်းစွမ်းအင် လိုအပ်ချက် မြင့်မားလာခြင်း၊ ပတ်ဝန်းကျင် ထိခိုက်ပျက်ဆီးမှု အခြေအနေများကို နိုင်ငံရေးနှင့် လူမှုရေး ရှုထောင့်များအရ အထူးဂရုပြု ဆောင်ရွက်လာကြသည့်အတွက် စွမ်းအင်လုံခြုံစိတ်ချရေးသည် အဓိကအခန်းကဏ္ဍမှ ရပ်တည်လာပါကြောင်း၊ စက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လျှပ်စစ်ဓာတ်အား တိုးမြှင့်ထုတ်လုပ်ရေးအတွက် ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍသည် အလွန်အရေးကြီးပါကြောင်း၊ စွမ်းအင်ကို အကျိုးရှိထိရောက်စွာ အသုံးချရေးအတွက် တည်ငြိမ်သော စွမ်းအင်ရရှိရေး၊ စဉ်ဆက်မပြတ် စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ ရေရှည်တည်တံ့သော ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးကို အထူးဂရုပြု ရေးဆွဲထားသော ကာလရှည် Natural Gas Master Plan မှာ မြန်မာနိုင်ငံအတွက် အမှန်တကယ် လိုအပ်လျက်ရှိပါကြောင်း၊ အဆိုပါ Master Plan အနေဖြင့် ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်ထုတ်လုပ်ရေးကဏ္ဍ၊ ဆက်စပ်ပိုက်လိုင်းများကဏ္ဍ၊ Liquefied Natural Gas (LNG) ကဏ္ဍနှင့် မြို့ပြ သဘာဝဓာတ်ငွေ့ဖြန့်ဖြူးမှုကဏ္ဍတို့ ရေရှည်တည်တံ့ ဖွံ့ဖြိုးတိုးတက်ရေး စသည်တို့ကို ထည့်သွင်းရေးဆွဲထားပါကြောင်း ပြောကြားသည်။

 

ဆက်လက်၍ ERIA ၏ President Prof. Hidetoshi Nishimura က အမှာစကား ပြောကြားသည်။ 

 

ထို့နောက် ERIA ၏ နည်းပညာနှင့် ငွေကြေးအထောက်အပံ့ဖြင့် ရေးဆွဲခဲ့သည့် မြန်မာနိုင်ငံ၏ Natural Gas Master Plan ကို ERIA ၏ President မှ ပြည်ထောင်စုဝန်ကြီးထံ လွှဲပြောင်းပေးအပ်ပြီး မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကြသည်။ 

 

ယင်းနောက် Natural Gas Master Plan ဖြစ်ပေါ်လာမှု အခြေအနေအကျဉ်းချုပ်နှင့် Natural Gas Master Plan ၏ Final Report တို့ကို တာဝန်ရှိသူများက ရှင်းလင်းပြောကြားကြသည်။ 

 

Natural Gas Master Plan ကို မြန်မာနိုင်ငံ၏ အနာဂတ်ကာလတွင် ဖြစ်ပေါ်လာမည့် သဘာဝဓာတ်ငွေ့ လိုအပ်ချက်အပေါ် ဖြည့်ဆည်းပေးနိုင်ရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းအစီအစဉ်များ ချမှတ်သွားနိုင်ရန်၊ သဘာဝဓာတ်ငွေ့ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည့် အခြေခံအဆောက်အဦးများ ချမှတ်နိုင်ရန်နှင့် နိုင်ငံတကာတွင် ကျင့်သုံးနေသည့် သဘာဝဓာတ်ငွေ့ဆိုင်ရာ မူဝါဒများအပေါ် အခြေခံလျက် နိုင်ငံတော်၏ စီးပွားရေးကို အထောက်အကူပြုပြီး ပြည်သူများအတွက် အကျိုးသက်ရောက်မှုရှိနိုင်သည့် မူဝါဒများချမှတ်ရန် ရည်ရွယ်၍ ရေးဆွဲခဲ့ခြင်းဖြစ်သည်။

 

အဆိုပါ အခမ်းအနားသို့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ပြည်တွင်းပြည်ပမှ ကုမ္ပဏီများ၊ ဖွံ့ဖြိုးမှုမိတ်ဖက် အဖွဲ့အစည်းများ၊ ERIA ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တက်ရောက်ကြသည်။ 

 

(မောင်မင်းနိုင်)