နှစ် (၇၀)ပြည့် လွတ်လပ်ရေးနေ့၏ နိုင်ငံရေး သန္နိဋ္ဌာန်

ဇန်နဝါရီ

နယ်ချဲ့သမားတို့နှင့် ညှိနှိုင်းရယူခဲ့သော လွတ်လပ်ရေးသည် မစစ်မှန်ဟူသော နိုင်ငံရေးတရားသေ ဝါဒ ကိုင်စွဲထားသူတို့ကြောင့် မြန်မာနိုင်ငံသည် လွတ်လပ်ရေးရသည်နှင့် တစ်ပြိုင်တည်းဆိုသလို ပြည်တွင်းစစ်မီး၏ ဝါးမျိုခြင်းကို ခံခဲ့ရပါသည်။ နိုင်ငံရေးတရားသေဝါဒမှ အစပြုခဲ့သည့် ပြည်တွင်းစစ် မီးသည် တိုင်းရင်းသားလူမျိုးစု အရေးအထိ ကျယ်ပြန့်လာခဲ့ပါသည်။ ကူမင်တန် တရုတ်ဖြူတပ်တို့၏ ဝင်ရောက်ကျူးကျော်အခြေချမှုကိုလည်း ရင်ဆိုင်ခဲ့ရသည်။ ပြည်တွင်းမတည်ငြိမ်မှုနှင့်အတူ အာဏာရ ဖဆပလ ပါတီအတွင်း ဂိုဏ်းဂဏ အကွဲအပြဲများ ပေါ်ပေါက်ခဲ့သောကြောင့် ပြည်သူလူထုက နိုင်ငံရေး ခေါင်းဆောင်မှုအပေါ် ယုံကြည်အားကိုးမှု လျော့နည်းကျဆင်းခဲ့ရပါသည်။

 

 

ဤသို့သော အခြေအနေ၌ ဗိုလ်ချုပ်ကြီးနေဝင်းက နိုင်ငံတော်အာဏာကို သိမ်းယူ၍ မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ်ပါတီကို ထူထောင်ခဲ့ပါသည်။ တစ်ပါတီချုပ်ကိုင်သော နိုင်ငံရေးစနစ်ကို ကျင့်သုံးခဲ့ပါသည်။ ဤနိုင်ငံရေးစနစ်နှင့်အတူ ဆိုရှယ်လစ်စီမံကိန်း စီးပွားရေးစနစ်ကို ကျင့်သုံးခဲ့ပါသည်။ ပြည်သူလူထု၏ ပကတိအခြေအနေကို မထင်ဟပ်သော အလွဲလွဲအချော်ချော် ဆိုရှယ်လစ်စီမံကိန်းတို့ကြောင့် တိုင်းပြည်၏စီးပွားရေးသည် ပြိုလဲခဲ့ရပါသည်။ မြန်မာတစ်နိုင်ငံလုံးသည် ထိုင်းစက်မှု လုပ်ငန်းတို့၏ ပစ်မလွဲဈေးကွက်ဖြစ်ခဲ့ရပါသည်။ ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံတစ်နိုင်ငံဘဝသို့ ကျရောက်ခဲ့ရပါသည်။ တိုင်းရင်းသားပြည်သူတစ်ရပ်လုံး၏ လူမှုစီးပွားဘဝ အခြေအနေအရပ်ရပ်သည် အနိမ့်ဆုံးသို့ ကျဆင်းခဲ့ရပါသည်။  ဤသို့သော အခြေအနေတို့ကြောင့် တိုင်းရင်းသား ပြည်သူလူထုတစ်ရပ်လုံး ပါဝင်သော လူထုဒီမိုကရေစီအရေးတော်ပုံကြီး ဖြစ်ပွားခဲ့ရပါသည်။ 

 

 

တပ်မတော်က နိုင်ငံတော်အာဏာသိမ်းယူ၍ ဒီမိုကရေစီစနစ်ဖော်ဆောင်ရေးနှင့် ဈေးကွက် စီးပွားရေးစနစ် ကျင့်သုံးရေးကို ကတိပြုခဲ့သည်။ သယံဇာတအပေါ် အခြေပြုသော ဈေးကွက်စီးပွားရေး စနစ်ကို ကျင့်သုံးခဲ့သည်။ ဆိုရှယ်လစ်ခေတ်နှင့် နှိုင်းယှဉ်ပါက တိုင်းပြည်စီးပွားရေး တိုးတက်လာသော်လည်း နိုင်ငံတော်အတွင်း ဆင်းရဲ၊ ချမ်းသာကွာဟမှု ကြီးမားလာခဲ့ပါသည်။ ရှည်လျားသော ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေးကာလကို ဖြတ်သန်းခဲ့ရပါသည်။

 

 

၂၀၁၀ ရွေးကောက်ပွဲ၌ ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အရပ်သား အစိုးရကို ဖွဲ့စည်းနိုင်ခဲ့သည်။ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ၌ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါဝင်လာခြင်းနှင့်အတူ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတို့ကို ဖော်ဆောင်လာသည်ကို တွေ့မြင်ခဲ့ရပါသည်။ ၂၀၁၅ ရွေးကောက်ပွဲ၌ တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံး၏ သောင်ပြိုကမ်းပြို ဆန္ဒမဲဖြင့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အပြတ်အသတ် အနိုင်ရရှိခဲ့ပါသည်။

 

 

တိုင်းပြည်၏ လွတ်လပ်ရေးသက်တမ်း နှစ်ပေါင်း ၇၀ အတွင်း ကြုံတွေ့ခဲ့ရသော သမိုင်းဖြစ်ရပ်တို့၏ကောင်းမွေ၊ ဆိုးမွေကို နှစ်ပေါင်း ၅၀ ကျော်ကာလအတွင်း ပထမဆုံးပေါ်ပေါက်လာသည့် ဒီမိုကရေစီ အရပ်သားအစိုးရအဖွဲ့က လွှဲပြောင်းရယူခဲ့ရပါသည်။ သမိုင်းပကတိအခြေအနေမှန်အရ တင်ပြရပါက ဤဒီမိုကရေစီအရပ်သားအစိုးရအဖွဲ့သည် တိုင်းပြည်၏ ဆိုးမွေတို့ကိုသာ အများဆုံးလွှဲပြောင်း လက်ခံရယူခဲ့ရပါသည်။ လွတ်လပ်ရေး နှစ် ၇၀ ခရီးက တိုင်းပြည်၏ ဒီမိုကရေစီအုတ်မြစ်ခိုင်မာရေးအတွက် များစွာကြိုးပမ်း ဆောင်ရွက်ရမည်ကို မီးမောင်းထိုးဖော်ပြနေပါသည်။ သို့ဖြစ်ပါ၍ တိုင်းပြည်၏ လွတ်လပ်ရေးသက်တမ်း နှစ် ၇၀ ပြည့်သည့် ယနေ့အခါသမယ၌ တိုင်းရင်းသားပြည်သူလူထုတစ်ရပ် လုံး၏ ဒီမိုကရေစီရပိုင်ခွင့်တို့ကို ပြည့်ဝစေမည့် ဒီမိုကရက်တစ်ဖက်ဒရယ်ပြည်ထောင်စုထူထောင်ရေး ကို (၂၁)ရာစုပင်လုံညီလာခံ လုပ်ငန်းစဉ်တို့ဖြင့် သန္နိဋ္ဌာန်ချဖော်ဆောင်ရမည်ဖြစ်ပါကြောင်း လေးစားစွာ တင်ပြအပ်ပါသည်။