နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုတိုးတက်ခိုင်မြဲ

 

မြန်မာနိုင်ငံသည် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကို ကျင့်သုံးလျက်ရှိသည်။ လွတ်လပ်၍တက်ကြွသော နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးလျက်ရှိသည်။ အိမ်နီးချင်းနိုင်ငံများနှင့် ချစ်ကြည်ရင်းနှီးမှုနှင့်ပူးပေါင်းလက်တွဲ ဆောင်ရွက်လျက်ရှိသည်။ အထူးသဖြင့် တရုတ်နိုင်ငံနှင့် ဆွေမျိုးပေါက်ဖော် ပေါင်းသင်းဆက်ဆံရေးကို ရှေးအစဉ်အလာမပျက် ဆောင်ရွက်လျက်ရှိသည်။

မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိပြီး တစ်နှစ်နှင့်ကိုးလခန့်အကြာ တရုတ်ပြည်သူ့သမ္မတနိုင်ငံကို ထူထောင်ခဲ့ပြီးနောက် မြန်မာနိုင်ငံသည် တရုတ်နိုင်ငံကို ပထမဦးဆုံး အသိအမှတ်ပြုသည့် နိုင်ငံဖြစ်သည်။ ထိုအချိန်မှစတင်၍ တရုတ်တစ်နိုင်ငံတည်း မူဝါဒကိုကိုင်စွဲပြီး ယနေ့အထိရပ်တည်လျက်ရှိသည့် အိမ်နီးချင်းနိုင်ငံဖြစ်သည်။ ထို့အပြင်တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတကြီး ရှီကျင့်ဖျင်၏ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအစီအမံ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်မှုကိုလည်း မြန်မာနိုင်ငံအနေဖြင့် အစောဆုံး ထောက်ခံအားပေးခဲ့သည်။

ရှေးအစဉ်အဆက် နှစ်နိုင်ငံနိုင်ငံ့ခေါင်းဆောင်ကြီးများ၏ အမြော်အမြင်ကြီးမားစွာ တည်ဆောက်ခဲ့သည့် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး မူကြီး (၅) ရပ်နှင့်အညီ မြန်မာ-တရုတ် နှစ်နိုင်ငံသည် အိမ်နီးချင်းကောင်း ပီသစွာဖြင့် ငြိမ်းချမ်းစွာနေထိုင်ခဲ့ ကြသည်။ ရံဖန်ရံခါတွေ့ကြုံခဲ့ရသည့် ပဋိပက္ခအချို့ကို နှစ်နိုင်ငံအစိုးရနှင့် ပြည်သူများ ငြိမ်းချမ်းစွာအဖြေရှာပြီး ခိုင်မာသည့်ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်း တည်ဆောက်ခဲ့ကြသည်။ တရုတ်နိုင်ငံအနေဖြင့် မြန်မာ့အရေးကိစ္စများတွင် ခေတ်အဆက်ဆက် အိမ်နီးချင်းကောင်းဂုဏ်ပုဒ်အပြင် မိတ်ဆွေကောင်းဟူသော ခံယူချက်ဖြင့် ရပ်တည်ပေးခဲ့သည်။

နိုင်ငံတကာမျက်နှာစာတွင် မှန်ကန်သည့် လမ်းကြောင်းအတိုင်း ရပ်တည်ပေးလျက်ရှိသည့် တရုတ်နိုင်ငံနှင့် လူမျိုးတို့၏ မိတ်ကောင်းဆွေမွန်ပီသမှုကို ကျေးဇူးတင်အသိအမှတ် ပြုရမည်ဖြစ်သည်။ တရုတ်-မြန်မာ နှစ်နိုင်ငံသည် အသိုက်အဝန်းတစ်ခုအဖြစ် အတူယှဉ်တွဲ ရပ်တည်လျက်ရှိသောကြောင့် မြန်မာနိုင်ငံတွင် ဆောင်ရွက်နေသည့် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များ၌လည်း တရုတ်နိုင်ငံနှင့် တရုတ်လူမျိုးများက အစဉ်အလာမပျက် ဆက်လက်ချစ်ခင်ရင်းနှီးစွာ ကူညီဆောင်ရွက်လိမ့်မည်ဟု ယုံကြည်ပါသည်။

ကမ္ဘာပေါ်ရှိ နိုင်ငံတိုင်း နိုင်ငံတိုင်းသည် မိမိတို့နိုင်ငံ၏ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်နေကြသည်။ နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှု၊ နားလည်စာနာမှု၊ ယုံကြည်စိတ်ချမှုများ ရရှိစေရေးအတွက်လည်း ဒေသတွင်း၊ ဒေသအပြင်ဘက် အဖွဲ့အစည်းများ ဖွဲ့စည်းပြီး ကဏ္ဍပေါင်းစုံဖွံ့ဖြိုးတိုးတက်ရေးကို ကြိုးစားဆောင်ရွက်နေကြသည်။ တရုတ်နိုင်ငံအနေဖြင့် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု ခုနစ်နှစ်ကျော်ကာလ အတွင်း မဲခေါင်-လန်ချန်း အထူးရန်ပုံငွေဖြင့် နယ်ပယ်ပေါင်းစုံတွင် စီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသောကြောင့် မြန်မာနိုင်ငံအပါအဝင် အဖွဲ့ဝင်နိုင်ငံများ၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်မှုကို များစွာအထောက်အကူပြုလျက် ရှိသည်။

မြန်မာနိုင်ငံအနေဖြင့် အိမ်နီးချင်း တရုတ်နိုင်ငံအပါအဝင် နိုင်ငံအများနှင့် ဒေသတွင်းလုံခြုံရေးနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတားဖြစ်စေသည့် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများ၊ မူးယစ်ဆေးဝါး တရားမဝင် ထုတ်လုပ်ရောင်းဝယ်ဖောက်ကားမှုများ၊ လူကုန်ကူးမှုများ၊ အွန်လိုင်းလောင်းကစားမှုများနှင့် အွန်လိုင်း လိမ်လည်မှုများ နှိမ်နင်းရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းစဉ်များတွင် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ ထိုသို့ပူးပေါင်းဆောင်ရွက်နိုင်မှုများကြောင့် တရုတ်နိုင်ငံ အပါအဝင် နှစ်နိုင်ငံပူးပေါင်းပြီး အကျိုးတူဆောင်ရွက်မှုများ၊ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများ လက်ရှိအခြေအနေထက် ပိုမိုတိုးတက်ကောင်းမွန်လာမည်ဖြစ်သည်။

“တရုတ်နိုင်ငံနှင့် တရုတ်ပြည်သူများ၏ နိုင်ငံတကာရေးရာကိစ္စရပ်များတွင် တက်ကြွစွာဖြင့် ဘက်မလိုက်ဘဲ မှန်ကန်စွာ ဆောင်ရွက်နိုင်မှုနှင့် ကမ္ဘာ့နိုင်ငံများက တရုတ်နိုင်ငံအပေါ် ယုံကြည်မှုရှိသည်ကို ပြသခြင်းပင် ဖြစ်ပါကြောင်း၊ သံလွင်၊ မဲခေါင်မြစ်နှစ်စင်းမှအစပြု၍ သဘာဝတောတောင် ရေမြေများစွာ ထိစပ်နေသည့် တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့၏ ကောင်းမွန်သည့် ဆက်ဆံမှုများနှင့် တူညီသည့် ယဉ်ကျေးမှုများသည် ရေကိုသားသော် အကြားမထင်သကဲ့သို့ ဘယ်သူဖျက်ဖျက် ပျက်စီးမသွားဘဲ ခိုင်မာစွာ ဖြစ်တည်လျက် ရှိနေမည်ဖြစ်ပါကြောင်း” နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က (၂၀၂၄) ခုနှစ် ရွှေနဂါး တရုတ်နှစ်သစ်ကူးပွဲတော် အခမ်းအနားသို့တက်ရောက်ပြီး ပြောကြားခဲ့သည်။

သို့ဖြစ်ရာ ယခုကဲ့သို့ မင်္ဂလာရှိသော နှစ်သစ်ကူးအခါသမယတွင် နှစ်နိုင်ငံနှင့် နှစ်နိုင်ငံရှိပြည်သူများ ငြိမ်းချမ်းခြင်း၊ ချစ်ခင်ခြင်း၊ အပြန်အလှန်လေးစားခြင်းတို့ကြောင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုနှင့် အဓွန့်ရှည် တည်တံ့ခိုင်မြဲမှုများ တိုးတက်ဖြစ်ထွန်းပြီး ဖွံ့ဖြိုးတိုးတက်မှုများကို ဆောင်ကြဉ်းပေးနိုင်မည် ဖြစ်ပါကြောင်း။

ကြေးမုံ