နှစ်တစ်ရာကျော်ရှိ အုန်းဘောင်မြို့မှ မြို့တည်ဆီအိုးကြီးများ

၁ ဒီဇင်ဘာ

 

ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါမြို့တွင် လွန်ခဲ့သည့်နှစ်ပေါင်း ၁၄၃ နှစ်ကအုန်းဘောင်စော်ဘွားဆက် ၈၅ ဆက်မြောက်စော်ဘွားကြီး စောကြာခိုင်သည် မြို့တည်စဉ်အခါက မြို့သူ မြို့သား၊ နယ်သူ နယ်သားများအား အေးချမ်းသာယာဝပြောစေရေးကို ရည်ရွယ်လျက် မြို့၏ထောင့်လေးထောင့်၌ အစီအမံများပြုလုပ်ကာ မြို့တည်ဆီအိုးကြီး လေးလုံးကို မြှုပ်နှံခဲ့သည်။

 

ထင်ရှားကျော်ကြား

 

ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ သီပေါမြို့သည် ရှေးယခင်စော်ဘွားများ တာဝန်ယူစဉ်အခါက အုန်းဘောင်လေးမြို့ (သီပေါ၊ မိုင်းလုံ၊မိုင်းတုံ၊ သုံးဆယ်)မြို့များ၏ ရုံးစိုက်ရာမြို့အုန်းဘောင်ဟူ၍ ထင်ရှားကျော်ကြားခဲ့သည်။ စော်ဘွားများရုံးစိုက်ရာမြို့ ဖြစ်သည့်အလျောက် အုန်းဘောင်စော်ဘွားဆက်များ အစဉ်အဆက်နေထိုင်ရာ မြို့ဖြစ်သည့်အတွက် မြို့၏တည်ဆောက်ပုံ အနေအထားများသည် ထီးဟန် နန်းဟန် ဆန်နေပေသည်။

 

နေထိုင်လာကြ

 

သမိုင်းကြောင်းကို တူးဆွကြည့်ပါလျှင်သီပေါစော်ဘွား(အုန်းဘောင်စော်ဘွား)ဆက်များသည် ဟံသာဝတီ၊ အင်းဝ၊ အမရပူရ၊မန္တလေး၊ ရတနာပုံစသည့် မြန်မာဘုရင်များနှင့်အစဉ် ချစ်ကြည်ရင်းနှီးစွာ နေထိုင်လာကြသူ များဖြစ်ပေသည်။ ယခုသီပေါမြို့တည်ရှိရာနမ့်ပေါ့ချောင်းတောင်ဘက်ကို မြို့သစ်တည်ဆောက်ပေးခဲ့သော အုန်းဘောင်စော်ဘွား ၈၅ ဆက်မြောက် စော်ဘွားကြီးစောကြာခိုင်သည် မင်းတုန်းမင်းတရားကြီး၏ အပါးတော်တွင် သားတော် မက္ခရာမင်းသားကြီး၊ သုံးဆယ်မင်းသားကြီး စသော သားတော်များနှင့်အတူ မင်းရေးမင်းရာ၊ ရာဇဝင်နိပါတ်၊ပိဋကတ်၊ ဗေဒင်ပညာများကို တတ်မြောက်ခဲ့သော ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။

 

တာဝန်ပေးခဲ့

 

အုန်းဘောင်သီပေါစော်ဘွားကြီး ၈၄ ဆက်ဖြစ်သော ဖခမည်းတော် ခွန်ကြာထွန်းသည် ၁၂၂၈ ခုနှစ် သီတင်းကျွတ်လဆန်း ၁၃ ရက်နေ့တွင် သုံးဆယ်မြို့၌ နတ်ရွာစံသွားသဖြင့်အုန်းဘောင်သီပေါစော်ဘွား ၈၅ ဆက်မြောက်အဖြစ်ခံယူ၍ သီပေါသို့ ရောက်ရှိလာခဲ့သည်။ စော်ဘွားကြီး စောကြာခိုင် အုန်းဘောင် သီပေါစော်ဘွားဖြစ်လာသောအခါ ယခင်နေထိုင်ရာ နမ့်ပေါ့ချောင်းတောင်ဘက် မြို့တည်ရာဌာနသည် ရေရှားပါးခြင်း၊ လူဦးရေတိုးတက်များပြားလာခြင်းတို့ကြောင့် သီပေါမြို့၏ တောင်ဘက်ကို မြို့သစ် တည်ရန်အတွက် အမှုထမ်းပညာရှိမင်းတိုင်ပင် ရှမ်းအမျိုးသားအကြီးအကဲများနှင့်ညှိနှိုင်းကာ မြို့သစ်တည်ရန် နှင့် ရွှေ့ပြောင်းနေထိုင်ကြရန် ညွှန်ကြားပြီး မြေတိုင်းအမတ်ကြီး ဦးမြို့ကို တာဝန်ပေးခဲ့သည်။ထိုသို့ မြို့သူမြို့သားများအား မြို့သစ်တည်မည့်နေရာသို့ ပြောင်းရွှေ့ကြရန်နှင့်မိမိ၏ ဟော်နန်းကိုလည်း မြို့သစ်မှာပင်တည်ဆောက်မည်ဖြစ်သည့်အတွက် လိုအပ်သောပြင်ဆင်မှုများ ပြုလုပ်ကာ ခရစ်နှစ်၁၈၈၈ ဖေဖော်ဝါရီ ၂၅ရက်၊ ကောဇာသက္ကရာဇ် ၁၂၄၉ခုနှစ် တပေါင်းလပြည့်နေ့ စနေနေ့တွင် ဟော်နန်း ဆောက်လုပ်ရန် ယခုမြို့နယ်ပြည်သူ့ဆေးရုံနေရာတွင် ကွမ်းစီးမင်္ဂလာဦး ရေတိုင်လေးတိုင်ကို မြို့၏ထောင့် လေးထောင့်ဖြစ်သော (၁) အရှေ့မြောက်ထောင့်ရွှေညောင်ပင်၊ (၂) အရှေ့တောင်ထောင့် အကောက်ခွန် ဦးစီးဌာနဝင်း၊(၃) အနောက်တောင်ထောင့်အုပ်ကျင်းရပ်၊(၄) အနောက်မြောက်ထောင့် မြန်မာရပ်ဧည့်ရိပ်သာဝင်း စသည့် နေရာဌာနများ၌ ဆီအပြည့် ဖြည့်ထားသော ဆီအိုးကြီးလေးလုံးကို တစ်လုံးနှင့်တစ်လုံး တာ ၂၅၀ အကွာတစ်ပြိုင်တည်း မင်္ဂလာအချိန်ကျရောက်လျှင် ကျရောက်ချင်း ဆရာတော်၊ သံဃာတော်များက ပရိတ်တရားတော်များ ရွတ်ဖတ်သရဇ္ဈာယ်ခြင်း၊ မေတ္တာပို့အမျှပေးဝေခြင်း၊ သမ္မာဒေဝနတ်ကောင်းနတ်မြတ် များအား ပူးဇော်ပသခြင်းတို့ကိုပြုလုပ်ပြီး သေနတ်များပစ်ဖောက်၍ မြှုပ်နှံစိုက်ထူခဲ့ကြသည်။ 

 

ဆီအိုးကြီး၏ သမိုင်းကြောင်းကို အထောက်အထားများဖြင့် ပြည့်စုံစွာ တွေ့ရသော်လည်း မည်သည့်နေရာတွင် တည်ရှိသည်ကို တိကျစွာ မသိရှိရခြင်းကြောင့်ရှေ့မီ နောက်မီ ပုဂ္ဂိုလ်ကျော် သက်တော် ၁၀၅ နှစ်ရှိ နိုင်ငံတော်သြဝါဒါစရိယသီပေါဆရာတော် ဘဒ္ဒန္တလာဘဝံသ၏ မိန့်ကြားချက်ဖြင့် ရှာဖွေတွေ့ရှိရခြင်း ဖြစ်သည်။

 

မြို့တည်ဆီအိုးကြီးများကို မြို့၏ထောင့်လေးထောင့်တွင် မြှုပ်နှံခြင်း၏ ရည်ရွယ်ချက်မှာ မြှုပ်နှံထားသော ဆီအိုးကြီးများ မခန်းခြောက်သရွေ့ မြို့ရွာစည်ပင်ဝပြောအေးချမ်းသာယာမည်၊ ဆီအိုးခန်းခြောက်သွားပါက ရောဂါဘယထူပြောပြီး ပျက်စီးတတ်သည်စသည်ဖြင့် အဆိုရှိခဲ့ရာ သီပေါစော်ဘွားကြီး စောကြာခိုင်အနေဖြင့် လည်း မန္တလေးမြို့တည် နန်းတည်မင်းတုန်းမင်းတရားကြီး၏ အပါးတော်တွင် ကြီးပြင်းလာခဲ့သူဖြစ်ရာ မန္တလေးရတနာပုံနေပြည်တော် မြို့သစ်တည်ဆောက်စဉ်က ဆီအိုးကြီးများ မြှုပ်နှံထားသည့်နည်းတူ အုန်းဘောင်သီပေါမြို့သစ်တည်စဉ်က ဆီအိုးကြီးများ မြှုပ်နှံခဲ့ခြင်းဖြစ်သည်။

 

ထို့ပြင် သီပေါမြို့တည်ဆောက်ထားပုံမှာလည်း မြေမျက်နှာပြင်ညီညာခြင်း၊ လူနေရပ်ကွက်များအတွင်း အကွက်ကျကျ ဖော်ထားခြင်း၊ လမ်းများဖြောင့်ဖြူးခြင်း၊ စသည်တို့မှာလည်း မန္တလေးမြို့ကဲ့သို့ပင် ရှိချေသည်။မြို့တည်ဆီအိုးကြီးများသည် ပိဿာ ၅၀ဝင်စဉ့်အိုးကြီးများဖြစ်ပြီး သုံးပေပတ်လည်၊သုံးပေအမြင့်နှင့် လေးဖက်အုတ်ရိုးပေါင်းကူးနည်းဖြင့် မြှုပ်နှံထားသည်ကို တူးဖော်စဉ်ကတွေ့ရသည်။ မြို့ထောင့် လေးထောင့်မှ ဆီအိုးများ၏ တစ်ထောင့်နှင့်တစ်ထောင့် အကွာအဝေး မှာ ၂၇၀၆ ပေရှိကြောင်း သိရသည်။

 

သို့ဖြစ်ရာ ရှေးနှစ်ပေါင်း ၁၀ဝ ကျော်ရှိရှေးဟောင်းသမိုင်းဝင် သီပေါမြို့တည် ဆီအိုးကြီးများကို ရှေးမူမပျက် ဆီများပြန်လည်ဖြည့်ဆည်းထားရှိပြီး မြို့နယ်တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများက ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်လျက်ရှိပါကြောင်း ရေးသားတင်ပြရပါသည်။

 

စိုင်းသာလှိုင်(လိမ္မော်မြေ)