နှစ်ယောက်တွဲအသင်းလိုက် ပိုက်ကျော်ခြင်းပြိုင်ပွဲ အုပ်စုပွဲများ ဆက်လက်ကျင်းပ

၂၀၁၈ ခုနှစ် (၁၉)ကြိမ်မြောက် အရှေ့တောင်အာရှ တက္ကသိုလ်အားကစားပြိုင်ပွဲ၏ ပိုက်ကျော်ခြင်းပြိုင်ပွဲ နှစ်ယောက်တွဲအသင်းလိုက်ပြိုင်ပွဲ အုပ်စုဒုတိယနေ့ကို ယနေ့နံနက်ပိုင်းမှစ၍ နေပြည်တော်၌ ဆက်လက် ကျင်းပသည်။

မြန်မာပိုက်ကျော်ခြင်းအသင်းသည် နံနက်ပိုင်းကျင်းပသည့်ပွဲတွင် မလေးရှားအသင်းကို နှစ်ပွဲ-တစ်ပွဲဖြင့် အနိုင် ရသော်လည်း ညနေပိုင်းကျင်းပသည့်ပွဲတွင် ထိုင်းအသင်းကို ရှုံးနိမ့်ခဲ့သည်။ မြန်မာအသင်းသည် မလေးရှား အသင်းကို အသာစီးမှ ကစားနိုင်ပြီး ပထမပွဲတွင် ၂၁-၁၇ မှတ်၊ ၂၁-၁၅ မှတ်၊ ဒုတိယပွဲတွင် ၂၁-၁၈ မှတ်၊ ၂၁-၁၄ မှတ်ဖြင့် အနိုင်ရခဲ့သည်။ နှစ်ပွဲပြတ်အနိုင်ရခဲ့သောကြောင့် မြန်မာအသင်းအတွက် နောက်ဆုံးတတိယပွဲမှာ အရေးမပါတော့ဘဲ ၁၁-၂၁ မှတ်၊ ၂၁-၁၅ မှတ်၊ ၁၃-၂၁ မှတ်ဖြင့် ရှုံးနိမ့်ခဲ့သည်။

ထိုင်းအသင်းသည် ယနေ့ကစားသည့် အင်ဒိုနီးရှားနှင့် မြန်မာအသင်းကို နှစ်ပွဲစလုံးအနိုင်ရသောကြောင့် အုပ်စုလေးပွဲစလုံး အနိုင်ရကာ ရွှေတံဆိပ်ဆု ရရှိသွားပြီဖြစ်သည်။ မြန်မာအသင်းသည် ဒီဇင်ဘာ ၁၄ ရက် (ယနေ့) အုပ်စုနောက်ဆုံးပွဲအဖြစ် လာအိုအသင်းနှင့် ကစားရမည်ဖြစ်ပြီး အနိုင်ရပါက ငွေတံဆိပ်ရယူနိုင်မည် ဖြစ်သည်။ အမျိုးသား နှစ်ယောက်တွဲအသင်းလိုက်ပြိုင်ပွဲအပြီးတွင် နှစ်ယောက်တွဲပိုက်ကျော်ခြင်းပြိုင်ပွဲကို ဆက်လက် ကျင်းပမည်ဖြစ်သည်။

 

သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-ကိုကိုစိုးညွန့်