၁၉ နိုဝင်ဘာ
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့ နံနက် ၇ နာရီအချိန် ထုတ်ပြန်ချက်အရ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် သာယာနေပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော် တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါသည်။
ယနေ့ညနေအထိ တနင်္သာရီတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်း(၈၀) ဖြစ်ပါသည်။ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် အများအားဖြင့် သာယာမည်။
မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအသင့်အတင့်ရှိမည်ဖြစ်ပြီး မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် လှိုင်းအမြင့် (၃)ပေမှ (၅)ပေခန့် ရှိနိုင်ပါသည်။
နောက်(၂)ရက်အတွင်း မြန်မာနိုင်ငံအရှေ့ပိုင်းဒေသများတွင် ညအပူချိန်များ လျော့နည်းနိုင်ပါသည်။
နေပြည်တော်၊ မန္တလေးမြို့များနှင့် အနီးတစ်ဝိုက်အတွက် ယနေ့ညနေအထိ အများအားဖြင့် သာယာမည်ဖြစ်ကာ ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက် အနေဖြင့် တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။
Myanmar Digital News


