ဒေါက်တာဇင်ဇေယျာဝင်း

နောက်ဆုံးပေါ်ဗိုင်းရပ်စ်မျိုးကွဲရဲ့အစ
အင်္ဂလန်ပြည်သူတွေ ခရစ္စမတ်နဲ့ နှစ်သစ်ကူးကာလကို ပျော်ပျော်ပါးပါးဖြတ်သန်းဖို့      ပြင်ဆင်နေချိန်မှာပဲ ဝန်ကြီးချုပ်အနေနဲ့  ခက်ခဲတဲ့မိန့်ခွန်းကို  ပြောကြားခဲ့ရ ပါတယ်။ ဝန်ကြီးချုပ်က အင်္ဂလန်အရှေ့တောင်ပိုင်းမှာ  ကိုဗစ်-၁၉ ရောဂါကူးစက်မှုမြင့်တက်လာတဲ့ အခြေအနေ တွေကြောင့် လန်ဒန်အပါအဝင် အဲဒီဒေသတွေကို  ပိုပြီး တင်းကျပ်တဲ့အစီအမံတွေ ချမှတ်မယ်လို့ ကြေညာလိုက် ရတာပါ။ ဒီလိုဖြစ်ရတဲ့ အကြောင်းရင်းခံကတော့   အဲဒီ ဒေသမှာ  ကူးစက်ပျံ့နှံ့နေတဲ့   ဗီဇပြောင်းဗိုင်းရပ်စ်မျိုးကွဲ ကြောင့်      ဖြစ်ပါတယ်။   ဒီမျိုးကွဲဗိုင်းရပ်စ်အသစ်ကို  စက်တင်ဘာလ ၂၀ ရက်နေ့မှာ  အင်္ဂလန်အရှေ့တောင်ပိုင်း ကနေ စတင်တွေ့ရှိခဲ့ပြီး အနည်းဆုံး လူ ၁၀ဝဝ ကျော်မှာ  ဒီဗိုင်းရပ်စ်ပိုးကူးစက်ခံထားရကြောင်း သိရပါတယ်။ အခု အချိန်မှာ အင်္ဂလန်နိုင်ငံသာမက ဝေးလ်၊  စကော့တလန်၊ ဒိန်းမတ်၊   ဩစတြေးလျနဲ့   တောင်အာဖရိကနိုင်ငံတွေ မှာလည်း ဒီမျိုးကွဲဗိုင်းရပ်စ်ကို တွေ့နေရပြီလို့  ဆိုပါတယ်။
အမည်သညာခေါ်တွင်စရာကား 
အခုနောက်ဆုံးတွေ့ရှိတဲ့ ဗီဇပြောင်းဗိုင်းရပ်စ်မျိုးကွဲ မှာ deletion 69–70၊ deletion 145၊ N501Y၊ A570D၊ D614G၊  P681H၊  T716I၊  S982A နဲ့   D1118H စတဲ့ မျိုးရိုးဗီဇပြောင်းလဲမှု ၁၇ ခုပါပြီး အဲဒီမျိုးကွဲကို VUI- 2020  12/01 (the first "Variant Under Investigation"  in December 2020) လို့ အမည်ပေးခဲ့ပါတယ်။ အဲဒီ ၁၇ ခု  ထဲက အရေးပါဆုံး Mutation ကတော့ Spike protein  လို့ခေါ်တဲ့ ဗိုင်းရပ်စ်ရဲ့အပြင်မျက်နှာပြင်က အတက်လေး တွေအတွင်းရှိနေတဲ့   N501Y  ဖြစ်ပါတယ်။  N501Y ဆိုတာကတော့ အမိုင်နိုအက်စစ်နံပါတ် ၅၀၁ မှာ မူလက  N ရှိရာကနေ Y အဖြစ် ပြောင်းလဲသွားခြင်းဖြစ်ပါတယ်။ ဒီအတက်လေးတွေကတစ်ဆင့် ဗိုင်းရပ်စ်ဟာ လူ့ခန္ဓာကိုယ် အတွင်းရှိ ကလာပ်စည်းပေါ်က ACE2 ဆိုတဲ့ လက်ခံပစ္စည်း ကို     တွယ်ကပ်တာမို့လို့    ဒီအတက်လေးတွေထဲမှာ မျိုးရိုးဗီဇပြောင်းလဲမှုဖြစ်ရင် ဗိုင်းရပ်စ်ရဲ့ကူးစက်နိုင်စွမ်းတို့၊ ရောဂါ ပြင်းထန်စေနိုင်စွမ်းတို့ကို ပြောင်းလဲစေနိုင်တယ်လို့  သီအိုရီအရ ကောက်ချက်ချကြပါတယ်။
ဗိုင်းရပ်စ်တွေရဲ့မျိုးရိုးဗီဇပြောင်းလဲမှု
SARS-CoV-2  ဗိုင်းရပ်စ်ဟာ  အာရ်အင်န်အေဗိုင်းရပ်စ်  အမျိုးအစားဖြစ်တာကြောင့် ဒီလိုမျိုးရိုးဗီဇပြောင်းလဲမှု  ဟာ ဗိုင်းရပ်စ်ရဲ့  သဘာဝအတိုင်း   ဆင့်ကဲပြောင်းလဲမှု ဖြစ်စဉ်ဖြစ်ပါတယ်။ အခုအချိန်အထိလည်း ကမ္ဘာတစ်ဝန်း မှာ    ဗိုင်းရပ်စ်ရဲ့  မျိုးရိုးဗီဇပြောင်းလဲမှုတွေ   ထောင်ချီပြီး ဖြစ်ပေါ်ခဲ့ပြီး ဖြစ်ပါတယ်။ ဒါပေမဲ့  အဲဒီဗီဇပြောင်းလဲမှု တွေထဲက တချို့တလေကသာ  အရေးပါပြီး  ဗိုင်းရပ်စ်ရဲ့  အပြုအမူကို    ပြောင်းလဲစေကြောင်း    သိရပါတယ်။  ဗိုင်းရပ်စ်ရဲ့    အပြုအမူဆိုတဲ့နေရာမှာ   ရှင်သန်နိုင်စွမ်း၊ ပွားများနိုင်စွမ်း၊     ကူးစက်နိုင်စွမ်း၊    ရောဂါပြင်းထန် စေနိုင်စွမ်း စတာတွေကို ဆိုလိုပါတယ်။ ကျန်တဲ့သိပ်အရေး မပါတဲ့    ဗီဇပြောင်းလဲမှု   အချက်အလက်တွေကိုတော့ လူတစ်ဦးတစ်ယောက်ကနေ     တခြားတစ်ယောက်၊ ဒေသတစ်ခုကနေ    တခြားဒေသတစ်ခု၊   တစ်နိုင်ငံကနေ  တခြားတစ်နိုင်ငံ ရောဂါကူးစက်ပြန့်ပွားမှုတွေကို ခြေရာခံ ဖော်ထုတ်တဲ့အခါမှာ အသုံးချနိုင်တယ်လို့ ဆိုပါတယ်။
ဘာကြောင့် ဒီဗိုင်းရပ်စ်မျိုးကွဲပေါ်ထွက်လာသလဲ
အခုလို  မျိုးကွဲဘာကြောင့်  ပေါ်ထွက်လာလဲဆိုတာ အပေါ် အဖြေရှာတဲ့အခါ ဖြစ်နိုင်တဲ့ အချက်သုံးချက် တွေ့ရ ပါတယ်။  ပထမတစ်ချက်က  ဗိုင်းရပ်စ်ဟာ   ကိုယ်ခံအား ကျနေတဲ့   လူနာတစ်ဦးရဲ့ခန္ဓာကိုယ်ထဲမှာ  ကာလအကြာကြီး   ဝင်ရောက်နေပြီး  လူ့ခန္ဓာကိုယ်ရဲ့  ပုံမှန်ခုခံစွမ်းအားစနစ် ကနေ     လွတ်မြောက်နိုင်မယ့်မျိုးရိုးဗီဇတွေ   အများကြီး  ပြောင်းခွင့်ရသွားတာကြောင့်  ဖြစ်နိုင်ပါတယ်။  ဒုတိယ အချက်ကတော့ ဗိုင်းရပ်စ်အနေနဲ့ လူကနေ တခြားတိရစ္ဆာန် တစ်ကောင်ကောင်ကို   ကူးစက်သွားပြီး   အဲဒီတိရစ္ဆာန်ရဲ့ ခန္ဓာကိုယ်ထဲမှာ မျိုးရိုးဗီဇပြောင်းလဲမှုတွေ ဖြစ်ပေါ်လာပြီးမှ  နောက်ထပ်လူတစ်ဦးဆီ ပြန်ဝင်ရောက်တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။  ဒါပေမဲ့ အင်္ဂလန်က  ဆေးသိပ္ပံပညာရှင်တွေ ကတော့ အခုမျိုးရိုးဗီဇပြောင်းလဲမှုဟာ တိရစ္ဆာန်နဲ့ဆက်စပ်မှု မရှိဘူးလို့     ဆိုထားပါတယ်။    နောက်ဆုံးအချက်ကတော့  စိတ်ဝင်စားစရာ    အကောင်းဆုံးဖြစ်ပေမယ့်  ဖြစ်နိုင်ခြေ နည်းတယ်လို့   ဆိုပါတယ်။  အဲဒါကတော့  ဒီမျိုးကွဲဟာ ကမ္ဘာပေါ်က နည်းပညာသိပ်မဖွံ့ဖြိုးတဲ့ နိုင်ငံတစ်နိုင်ငံကနေ  စပြန့်ပွားလာပြီး  ဗိုင်းရပ်စ်ရဲ့ကူးစက်ပျံ့နှံ့ပုံနဲ့   မျိုးရိုးဗီဇကို  အမြဲစောင့်ကြည့်နေတဲ့        အင်္ဂလန်လို    နိုင်ငံရောက်မှ သတိထားမိတာဖြစ်နေမလားဆိုတဲ့ အချက်ပါ။ 
ဗီဇပြောင်းမျိုးကွဲဗိုင်းရပ်စ်အသစ်ရဲ့ အရေးပါမှု 
အင်္ဂလန်က     ဆေးပညာရှင်တွေအဆိုအရ   မျိုးကွဲ ဗိုင်းရပ်စ်က အရင်ဗိုင်းရပ်စ်ထက် ကူးစက်နှုန်း  ၁ ဒသမ  ၇ ဆ ပိုများတယ်လို့ သိရပါတယ်။ ရောဂါပြင်းထန်နိုင်စွမ်း ပိုများ၊  မများတော့ အခုအချိန်မှာ မပြောနိုင်ကြသေးပါဘူး။ မျိုးရိုးဗီဇ    ပြောင်းလဲမှုတချို့ဟာ  ရောဂါကူးစက်နိုင်စွမ်း ပိုများစေနိုင်ပေမယ့်   တစ်ချိန်တည်းမှာ   ရောဂါပြင်းထန်မှု ပိုများစေမယ်လို့ ပြောမရပါဘူး။ ကမ္ဘာတစ်လွှားမှာ D614G  လို  ကူးစက်ပျံ့နှံ့မှုပိုများတဲ့    မျိုးရိုးဗီဇပြောင်းလဲမှုတွေ  ကြုံနေရပြီးဖြစ်ပေမယ့် ဒီပိုးက ပိုပြီးရောဂါ ပြင်းထန်ဆိုးရွား စေတယ်ဆိုတဲ့     အထောက်အထားမတွေ့ရသေးပါဘူး။   အင်္ဂလန်နိုင်ငံက ဆေးသိပ္ပံပညာရှင်တွေအနေနဲ့  ဒီမျိုးကွဲ အသစ်က ရောဂါပြင်းထန်မှုအပေါ် သက်ရောက်မှု ရှိ၊ မရှိ အမြန်ဆုံး  စစ်ဆေးဖော်ထုတ်နိုင်ဖို့ ကြိုးပမ်းနေကြပါတယ်။  စိတ်ဝင်စားစရာတစ်ခုကတော့ ဒီဗီဇပြောင်းမျိုးကွဲ  ဗိုင်းရပ်စ် အကူးစက်ခံထားရသူ ၉၁၅  ဦးကို   စစ်ဆေးကြည့်တဲ့အခါ  လေးဦးဟာ  ဒုတိယအကြိမ်  ရောဂါပြန်အကူးစက်ခံထား ရဖွယ်ရှိတယ်လို့ သိရပါတယ်။ ဥရောပရောဂါထိန်းချုပ်ရေး ဗဟိုရဲ့     ထုတ်ပြန်ချက်အရ    ဒီမျိုးရိုးဗီဇပြောင်းလဲမှုက   ကိုဗစ်-၁၉ ရောဂါရှာဖွေရာမှာ   အသုံးပြုတဲ့ RT-PCR ရဲ့  ရောဂါရှာဖွေနိုင်စွမ်းကို   တစ်စိတ်တစ်ပိုင်း   ထိခိုက်စေ   နိုင်တယ်လို့ ဆိုပါတယ်။ 
နိုင်ငံတကာရဲ့တုံ့ပြန်မှု
ဒီဇင်ဘာလ ၂၀  ရက်နေ့ကစပြီး  အင်္ဂလန်နိုင်ငံအတွင်း ပြည်တွင်းခရီးသွားလာမှုတွေကို    ထိန်းချုပ်ကန့်သတ်ခဲ့ ပါတယ်။  ဂျာမနီ၊  အာဂျင်တီးနား၊  ချီလီ၊  ကိုလံဘီယာ၊ ပြင်သစ်၊ အိုင်ယာလန်၊ ကနေဒါ၊ ဘယ်လ်ဂျီယံ၊  ဒိန်းမတ် အပါအဝင်  နိုင်ငံတွေဟာ   အင်္ဂလန်ကဝင်ရောက်လာမယ့် လေကြောင်းခရီးစဉ်တွေကို ရပ်ဆိုင်းခဲ့ပါတယ်။ ပြင်သစ် ကလည်း အင်္ဂလန်နဲ့ နယ်စပ်ကို ၄၈ နာရီကြာ ပိတ်ထားပြီး  ကုန်တင်ယာဉ်တွေပါ ဝင်ခွင့်မရတော့ပါဘူး။ ပေါ်တူဂီကတော့ အင်္ဂလန်ကဝင်ရောက်လာမယ့်   သူ့နိုင်ငံသားတွေကိုသာ ရောဂါစစ်ဆေးပြီး      ပိုးမတွေ့မှ    လက်ခံသွားမယ်လို့ ဆိုပါတယ်။ အီတလီနိုင်ငံမှာ  ဒီဇင်ဘာလ ၂၀  ရက်နေ့က  လူနာတစ်ဦး  ဗိုင်းရပ်စ်မျိုးကွဲအသစ်   အကူးစက်ခံထားရ  တာကို    စစ်ဆေးတွေ့ရှိရပြီးတဲ့နောက်    အင်္ဂလန်က ဝင်ရောက်လာမယ့်  လေကြောင်းခရီးစဉ်တွေကို ပိတ်လိုက် ပါတယ်။ ဒါ့အပြင်  အစ္စရေးနဲ့  အိန္ဒိယနိုင်ငံတွေလည်း အလားတူ  ကန့်သတ်ရပ်ဆိုင်းမှုတွေ  လုပ်ဆောင်နေ ကြောင်း သိရပါတယ်။
ဗိုင်းရပ်စ်မျိုးကွဲနဲ့ကာကွယ်ဆေးများ
ဒီဗီဇပြောင်းဗိုင်းရပ်စ်မျိုးကွဲဟာ     လတ်တလော ထွက်ပေါ်လာတဲ့ ကာကွယ်ဆေး သုံးမျိုးက ဦးတည်ထားတဲ့ Spike  protein မှာ  မျိုးရိုးဗီဇပြောင်းနေတာ  တွေ့ရ ပါတယ်။ ဒါပေမဲ့ ကာကွယ်ဆေးတွေဟာ  အဲဒီ Spike  protein ထဲက နေရာတော်တော်များများကို ခုခံချေဖျက် နိုင်မယ့်  ပဋိပစ္စည်းထုတ်နိုင်အောင်  ရည်ရွယ်ထုတ်လုပ် ထားတယ်လို့ ဆိုကြပါတယ်။    ဒါကြောင့်  အခုလိုဗီဇ  ပြောင်းလဲမှုတစ်ခုတည်းကြောင့်တော့   ကာကွယ်ဆေး အာနိသင်ကို   ထိခိုက်နိုင်ဖွယ်မရှိဘူးလို့   မျှော်လင့်ရပါ တယ်။       ဒါပေမဲ့      အချိန်တွေကြာလာတာနဲ့အမျှ  နောက်ထပ်မျိုးရိုးဗီဇပြောင်းလဲမှုတွေ  ဖြစ်ပေါ်လာရင် တော့ ကာကွယ်ဆေးတွေကို ပြုပြင်ပြောင်းလဲထုတ်လုပ် ရဖွယ် ရှိပါတယ်။   နှစ်စဉ်  ဗီဇပြောင်းလဲနေတဲ့   ရာသီ  တုပ်ကွေးဗိုင်းရပ်စ်လို    ဖြစ်လာရင်တော့    ကိုဗစ်ရောဂါ ကာကွယ်ဆေးကို  နှစ်စဉ်ပြောင်းလဲထုတ်လုပ်ရမှာပါ။  ဒါပေမဲ့ ကံကောင်းတာက SARS-CoV-2 ဗိုင်းရပ်စ်ဟာ ရာသီတုပ်ကွေးဗိုင်းရပ်စ်လောက် မျိုးရိုးဗီဇပြောင်းလဲနှုန်း မမြန်တာပါဘဲ။ လက်ရှိအနေအထားမှာတော့ အခု ဗီဇ ပြောင်းဗိုင်းရပ်စ်အသစ်ဟာ ကာကွယ်ဆေးကို  ထိခိုက်စေမယ့် သက်သေအထောက်အထား မတွေ့ရသေးဘူးလို့ဆိုပါတယ်။ 
နှစ်သစ်ကူးအတွက် အင်္ဂလန်ကဘင်သံ
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့ ည ၈ နာရီအချိန်အထိ ထုတ်ပြန်ချက်အရ  မြန်မာနိုင်ငံမှာ  ရောဂါပိုးတွေ့ရှိသူ စုစုပေါင်း ၁၁၆၉၈၂ ဦး၊ ပိုးတွေ့သေဆုံးသူပေါင်း  ၂၄၆၅  ဦး၊ ပြန်လည်ကောင်းမွန်လာလို့   ဆေးရုံမှ    ဆင်းခွင့်ရသူ ၉၆၆၈၅    ဦးရှိတယ်လို့   သိရပါတယ်။  စာရေးသူတို့ နိုင်ငံအနေနဲ့     လက်ရှိအနေအထားမှာ    ကပ်ရောဂါရဲ့ ဒုတိယလှိုင်းကို ထိန်းချုပ်နေဆဲကာလဖြစ်ပြီး ကာကွယ် ဆေးအနေနဲ့လည်း ၂၀၂၁ ခုနှစ်ထဲမှ ရရှိနိုင်မှာ  ဖြစ်ပါ တယ်။  ဒါကြောင့် နှစ်ကူးကာလမှာ ပျော်ပွဲရွှင်ပွဲတွေ၊  လူစုလူဝေးတွေကိုရှောင်ရှားပြီး တတ်နိုင်သမျှ   အိမ်မှာပဲ နေဖို့၊ မဖြစ်မနေအပြင်ထွက်ရရင်လည်း နှာခေါင်းစည်း တပ်ဖို့၊   တစ်ဦးနဲ့တစ်ဦး  ခပ်ခွာခွာနေဖို့၊   မကြာခဏ လက်ဆေးဖို့ စတဲ့  ရောဂါကာကွယ်ရေးနည်းလမ်းတွေကို    တိတိကျကျ  လိုက်နာဖို့လိုပါတယ်။  နိဂုံးချုပ်ရရင်တော့  စာရေးသူတို့နိုင်ငံအနေနဲ့ အင်္ဂလန်ကဘင်သံလို့   တင်စား  ရမယ့်   ဒီမျိုးကွဲဗိုင်းရပ်စ်ရဲ့  ကူးစက်ပျံ့နှံ့မှုအခြေအနေကို နားစွင့်ရင်း အသိ၊  သတိနဲ့ ထိန်းသိမ်းနေထိုင်သွားမှသာ  ဒီကပ်ရောဂါဆိုးကြီးကို အောင်မြင်စွာကျော်လွှားနိုင်မှာ ဖြစ်ပါကြောင်း အသိပေးနှိုးဆော်အပ်ပါတယ်ခင်ဗျား။  ။
ကြေးမုံ