နေပြည်တော် ဩဂုတ် ၉

 

ရှမ်းပြည်နယ် (မြောက်ပိုင်း) နောင်ချိုမြို့၌ အကြမ်းဖက် သောင်းကျန်းသူများ၏ အကြမ်းဖက် လုပ်ရပ်များကြောင့် တစ်နှစ်နီးပါး ပိတ်ထားခဲ့ရသည့် အခြေခံပညာကျောင်းများအား ဇူလိုင် ၂၅ ရက်မှစ၍ ပြန်လည်ဖွင့်လှစ်ပြီး ကျောင်းသား ကျောင်းသူများအား စာပေပညာရပ်များကို သင်ကြား ပေးလျက်ရှိသည့်အပြင် ကျောင်း အပ်လက်ခံခြင်းကိုလည်း ဆက်လက်ဆောင်ရွက်ပေးလျက်ရှိသည်။

 

ပညာသင်ကြားလျက်ရှိ

ထိုသို့ ကျောင်းနေအရွယ် ကလေးများအား တန်းစဉ်အလိုက် ပညာသင်ကြားနိုင်ရေး ဆောင်ရွက်ပေးလျက် ရှိရာ နောင်ချိုမြို့နယ်အတွင်း အခြေခံပညာကျောင်း ၂၆ ကျောင်း ပြန်လည် ဖွင့်လှစ်နိုင်ခဲ့ပြီး ယနေ့တွင် ၁၆ ကျောင်း ထပ်မံ ဖွင့်လှစ်နိုင်ခဲ့၍ နောင်ချိုမြို့နယ်အတွင်း အခြေခံပညာကျောင်း ပေါင်း ၄၂ ကျောင်း ဖွင့်လှစ်နိုင်ခဲ့ပြီး ယနေ့တွင်လည်း ကျောင်းသား ကျောင်းသူ ၁၁၄၁ ဦး ထပ်မံ၍ ကျောင်းအပ်နှံသဖြင့် စုစုပေါင်း ကျောင်းသား ကျောင်းသူ ၅၅၅၁ ဦး အေးချမ်း ပျော်ရွှင်စွာ တက်ရောက် ပညာသင်ကြားလျက်ရှိသည်။

 

ထို့အပြင် ဒေသခံတိုင်းရင်းသား ပြည်သူများ၏ ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းများ အဆင်ပြေ ချောမွေ့စေရန်အတွက် အကြမ်း ဖက်သမားများ ဖျက်ဆီးခဲ့သည့် နောင်ချိုမြို့နယ် ပြည်သူ့ဆေးရုံ ကြီးအား ပြန်လည်ပြုပြင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ကာ ဩဂုတ် ၂ ရက်တွင် ပြန်လည် ဖွင့်လှစ်ပေးခဲ့ပြီး ဒေသခံတိုင်းရင်း သားပြည်သူများအား လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေး လျက်ရှိသည်။ ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ပြည်သူ့ ဆေးရုံကြီး၌ ပြင်ပလူနာ ၆၇ ဦး ကို ငှက်ဖျားရောဂါ၊ တုပ်ကွေး ရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့်ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးခြင်း၊ သွေးအမျိုး အစားစစ်ဆေးပေးခြင်း ၁၆ ဦးနှင့် ငှက်ဖျားပိုးစစ်ဆေးပေးခြင်း ၁၇ ဦးတို့အား စစ်ဆေးပေးခဲ့ပြီး ပြည်သူ့ဆေးရုံကြီးရှိ OPD လူနာများအား ဆေးစိမ်ခြင်ထောင် အလုံး ၁၀၀ ထောက်ပံ့ပေးသည်။ ထို့ပြင် ပြည်သူ့ဆေးရုံကြီး၌ အတွင်းလူနာအဖြစ် ၃၄ ဦး တက်ရောက်ဆေးကုသမှု ခံယူလျက်ရှိရာ ဆေးအဖွဲ့များက လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။

 

သတင်းစဉ်