နောင်တရားဒေသ၌ လက်ဖက်ထုတ်ကုန်များ အရည်အသွေးမြှင့်ထုတ်လုပ်နိုင်ရေး နည်းပညာပေးဟောပြော

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ် နောင်တရားဒေသရှိ ဘိန်းစိုက်ပျိုးမှု ပပျောက်ရေးအုပ်စု လေးအုပ်စုအတွင်းရှိ ပေါ့ခင်ကျေးရွာ၊ ကောင်းဝိုင်းကျေးရွာများသို့ လက်ဖက်ထုတ်ကုန်များ အရည်အသွေးမြှင့် ထုတ်လုပ်မည့် နည်းပညာများကို ဒီဇင်ဘာ ၂၁ ရက်နေ့တွင် ကွင်းဆင်းဟောပြောသည်။

 

ဟောပြောပွဲတွင် ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်စောအောင်က မိမိတို့မိရိုးဖလာ လက်ဖက် လုပ်ငန်းများမှ အရည်အသွေးမြင့်ပြီး တန်ဖိုးမြင့်မားသော လက်ဖက်အစို၊ အခြောက်များရရှိစေရေးအတွက် ထိုင်းနိုင်ငံမယ်ဖားလုံဖောင်ဒေးရှင်းမှ ပေးအပ်မည့် လက်ဖက်ထုတ်ကုန် အရည်အသွေးမြင့်နည်းပညာများကို ဂရုတစိုက်မှတ်သားပြီး သင်ယူလေ့လာကာ မိမိကျေးရွာ၏ အသေးစားတန်ဖိုးမြှင့်ထုတ်ကုန်လုပ်ငန်းအဖြစ် ထုတ်လုပ်နိုင်ရေးအရေးကြီးသောကြောင့် ပူးပေါင်းဆောင်ရွက်ကြရန်မှာကြားသည်။ 

 

ဆက်လက်၍ ထိုင်းနိုင်ငံ မယ်ဖားလုံဖောင်ဒေးရှင်းမှ Ms. Salakjit Munthamraksa က မိမိတို့ ဖောင်ဒေးရှင်းသည် ဖွံ့ဖြိုးရေးလုပ်ငန်းများကို ကူညီဆောင်ရွက်ပေးသောအဖွဲ့အစည်းဖြစ်ပြီး ကျေးရွာများမှလည်း ပူပေါင်းပါဝင်ဆောင်ရွက်မှ သာအောင်မြင်မည်ဖြစ်ကြောင်း ပြောကြားသည်။ ထို့နောက် ပင်လောင်းလက်ဖက်အသင်းဥက္ကဋ္ဌ ဦးစိုင်းကောင်ခမ်းက လက်ဖက်စိုက်ပျိုးမှုနည်းပညာ၊ ခူးဆွတ်မှုနည်းပညာ၊ ပေါင်းခံခြင်းနည်းပညာနှင့် အခြောက်ခံခြင်းနည်းပညာများကို ဆွေးနွေးဟောပြောသည်။ မယ်ဖားလုံ ဖောင်ဒေးရှင်းမှ အဆိုပါကျေးရွာများတွင် လက်ဖက်စိုက်ပျိုးခြင်းနည်းပညာနှင့် အရည်အသွေးမြှင့်ထုတ်ကုန်များ ရရှိရေးအတွက် လိုအပ်သည့်နည်းပညာများကို လက်တွေ့ကျကျ ဆောင်ရွက်ပေးသွားမည်ဟု သိရသည်။

 

နောင်တရား(ပြန်/ဆက်)