ပရီမီယာလိဂ်ပွဲစဉ် (၂၁) မှ ဇန်န ဝါရီ ၇ ရက် နံနက် ၂ နာရီခွဲက ယှဉ်ပြိုင်ကစားခဲ့သည့် ဝက်စ်ဟမ်းနှင့် နော်တင်ဟမ်ဖောရက်စ် အသင်း ပွဲစဉ်တွင် နော်တင်ဟမ်အသင်းက ဂစ်ဝှိုက်၏ နောက်ကျပယ်နယ် တီသွင်းဂိုးကြောင့် နှစ်ဂိုး-တစ်ဂိုးဖြင့် နိုင်ပွဲရရှိခဲ့သည်။
နိုင်ပွဲပျောက်ဆုံးနေသည့် အသင်းအချင်းချင်း တွေ့ဆုံမှုဖြစ်သည့်အတွက် နောက်ဆုံးမိနစ်အထိ အကြိတ်အနယ်ရှိခဲ့သည်။ ပွဲချိန် ၁၃ မိနစ်တွင် နော်တင်ဟမ်အသင်း ခံစစ်ကစားသမား မော်ရီလို ကိုယ့်ဂိုးကိုယ် သွင်းယူမိခဲ့၍ ဝက်စ်ဟမ်းအသင်း ဦးဆောင်ဂိုး ရရှိခဲ့သည်။
နော်တင်ဟမ်အသင်းသည် ဦးဆောင်ဂိုး ခွင့်ပြုပေးလိုက်ရပြီးနောက် ပထမပိုင်းတွင် တစ်ဂိုး-ဂိုးမရှိ ဖြင့် ရှုံးနိမ့်နေခဲ့သည်။
သို့သော်လည်း နောက်ပိုင်းမိနစ်များတွင် နော်တင်ဟမ်ဖောရက်စ်အသင်းက ချေပဂိုးနှင့် အနိုင်ဂိုးများသွင်းယူကာ လေးပွဲဆက်ရှုံးနိမ့်မှုကို ချေဖျက်နိုင်ခဲ့သည်။ နော်တင်ဟမ်ဖောရက်စ်အသင်းအတွက် ချေပဂိုးကို ပွဲချိန် ၅၅ မိနစ်တွင် ဒိုမင်ဂွက်ဇ်က သွင်းယူပေးပြီး အသင်းအတွက် အနိုင်သေချာစေမည့် ဒုတိယဂိုးကို ပွဲချိန်ပြည့်ခါနီးတွင် ပယ်နယ်တီမှတစ်ဆင့် ဂစ်ဝှိုက်က သွင်းယူပေးခဲ့သည်။
ဝက်စ်ဟမ်းအသင်းသည် ယခုပွဲစဉ် ရှုံးနိမ့်ခဲ့သည့်အတွက် ဝက်စ်ဟမ်းအသင်းသည် ၁၀ ပွဲဆက် နိုင်ပွဲပျောက်ဆုံးမှုနှင့်အတူ တန်းဆင်းဇုန်အတွင်း ဆက်လက်ရပ်တည်နေသည်။ ပြိုင်ဘက် နော်တင်ဟမ်အသင်းက ယခုပွဲစဉ် နိုင်ပွဲရရှိခဲ့သည့်အတွက် လေးပွဲဆက်ရှုံးနိမ့်မှုကို ချေဖျက်ကာ တန်းဆင်းဇုန်အထက် ရမှတ်ပြတ် ရပ်တည်နိုင်ခဲ့သည်။
အောင်ဇော်


