လွိုင်ကော် စက်တင်ဘာ ၄

 

ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့်  ပြည်နယ်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အစဉ်တစိုက်ဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်နှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့ ဈေးပိုင်းရပ်ကွက် ဥတ္တရာရုံဘုန်းတော်ကြီးကျောင်းရှိ ရေဘေးရှောင်ပြည်သူများနှင့် ယာယီနေရပ်စွန့်ခွာ ပြည်သူများအား စားသောက်ဖွယ်ရာများပေးအပ်၍ ဘီလူးချောင်း ရေဝင်ရောက်နေမှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးသည်။

 

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လွိုင်ကော်မြို့ ဈေးပိုင်းရပ်ကွက် ဥတ္တရာရုံ ဘုန်းတော်ကြီးကျောင်းသို့ ရောက်ရှိပြီး ကျောင်းထိုင်ဆရာတော်အား ဖူးမြော်ကြည်ညို၍ ဆွမ်းဆန်တော်၊ ဆီနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ ကျောင်းတိုက်အတွင်း ဖွင့်လှစ်ထားသည့် ယာယီရေဘေးကယ်ဆယ်ရေးစခန်းတွင် ဘီလူးချောင်းရေမြင့်တက်နေမှုကြောင့် ယာယီရွှေ့ပြောင်းနေထိုင်လျက်ရှိသည့် မင်းစုရပ်ကွက် ရေဝင်ရောက်နေအိမ်များမှ ပြည်သူများနှင့် ဒီးမော့ဆိုမြို့နယ် ကျေးရွာများမှ ယာယီနေရပ်စွန့်ခွာပြည်သူများနှင့်တွေ့ဆုံ၌ ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် သဘာဝဘေးအန္တရာယ်များ ကြုံတွေ့လာပါက ပြည်သူများအတွက် လိုအပ်သည်များ ကူညီပေးနိုင်ရန် ကြိုတင်စီမံထားရှိပါကြောင်း၊ ရေဘေးသင့်ပြည်သူများ လတ်တလော နေထိုင်စားသောက်မှု အဆင်ပြေစေရေး အခြေခံစားသောက်ကုန်များကို ပေးအပ်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

 

ယင်းနောက် တက်ရောက်လာကြသူများက ဖြည့်ဆည်းပေးရန်လိုအပ်ချက်များကို တင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က ဖြည့်ဆည်းဆောင်ရွက်ပေး သွားမည့်အခြေအနေများကို ရှင်းလင်းပြောကြားပြီး ရေဘေးသင့်ပြည်သူများ၊ ယာယီနေရပ်စွန့်ခွာ ပြည်သူများအား ဆန်၊ ဆီ၊ ခေါက်ဆွဲခြောက်၊ ကြက်ဥများနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ပြည်သူ ၄၁ ဦးအတွက် တစ်ပတ်စာ ဆန်ဖိုးငွေများကို ပေးအပ်ကာ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများက ဆန်၊ ဆီ၊ ခေါက်ဆွဲခြောက်နှင့် ကြက်ဥများ ပေးအပ်ကြသည်။

 

ထို့နောက် မြို့လယ်ကန္ဒရဝတီတံတားနှင့် ဘီလူးချောင်းတံတား(ရှမ်းပိုင်း)၊ မင်းစုရပ်ကွက် မင်းကျောင်းကန်များနှင့် အနိမ့်ပိုင်းရပ်ကွက် အချို့တွင် ရေဝင်ရောက်နေမှုအခြေအနေများနှင့် ဘီလူးချောင်း ရေမြင့်တက်၍ ရေတိုက်စားမှုမှ ကာကွယ်နိုင်ရန်အတွက် မြေထိန်းနံရံ တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

 ပြည်နယ်(ပြန်/ဆက်)