(၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ(၂၀)ရက်နေ့ မွန်းလွဲ(၂:၀၀)နာရီအချိန် ထုတ်ပြန်ချက်)

 

ယနေ့နံနက်(၀၉:၃၀)နာရီအချိန်ထိမိုးလေဝသတိုင်းထွာချက်အကျဉ်းချုပ်။

 

လွန်ခဲ့သော(၂၄)နာရီအတွင်းက နေပြည်တော်၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် အများအားဖြင့် သာယာခဲ့ပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းခဲ့ပါသည်။ ညအပူချိန်များမှာ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် ဒီဇင်ဘာလ၏ ပျမ်းမျှအပူချိန်တို့ထက် (၂)ဒီဂရီစင်တီဂရိတ်နှင့် ကရင်ပြည်နယ်တွင် ဒီဇင်ဘာလ၏ ပျမ်းမျှအပူချိန်ထက် (၃)ဒီဂရီစင်တီဂရိတ်ပိုခဲ့ပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် ဒီဇင်ဘာလ၏ ပျမ်းမျှအပူချိန်ခန့်သာ ရှိခဲ့ပါသည်။  ထူးခြားသည့် ညအပူချိန်များမှာ ဟားခါးမြို့တွင် (၂)ဒီဂရီစင်တီဂရိတ်၊ ကျောက်မဲမြို့နှင့် ဟဲဟိုးမြို့တို့တွင် (၆)ဒီဂရီစင်တီဂရိတ်စီနှင့် ပူတာအိုမြို့၊ လွိုင်လင်မြို့၊ မိုင်းယန်းမြို့၊ တီးတိန်မြို့နှင့် ပြင်ဦးလွင်မြို့တို့တွင် (၇)ဒီဂရီစင်တီဂရိတ်စီတို့ ဖြစ်ကြ ပါသည်။  

 

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး၊ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။

 

မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ နေပြည်တော်၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကရင်ပြည်နယ် နှင့် မွန်ပြည်နယ်တို့တွင် အများအားဖြင့် သာယာပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။

 

မြန်မာ့ပင်လယ်ပြင်။ လှိုင်းအနည်းငယ်မှ လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင် လယ်ပြင်တို့တွင် (၃)ပေမှ (၆)ပေခန့် ရှိနိုင်ပါသည်။

 

နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် ညအပူချိန်များ အနည်းငယ် လျော့နည်းနိုင်ပါသည်။

 

နေပြည်တော်နှင့် အနီးတစ်ဝိုက်အတွက် မနက်ဖြန်နံနက်အထိ ခန့်မှန်းချက်။ အများအားဖြင့် သာယာမည်။

 

ရန်ကုန်မြို့နှင့်    အနီးတစ်ဝိုက်အတွက်   မနက်ဖြန်နံနက်အထိ   ခန့်မှန်းချက်။ အများအားဖြင့် သာယာမည်။

 

မန္တလေးမြို့နှင့် အနီးတစ်ဝိုက်အတွက် မနက်ဖြန်နံနက်အထိ ခန့်မှန်းချက်။ တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။

 

 

Crd> မိုး/ဇလ