နေပြည်တော် ဇန်နဝါရီ ၈

 

နေပြည်တော်ကောင်စီနယ်မြေ ဇေယျာသီရိမြို့နယ် အခြေခံပညာအထက်တန်းကျောင်း (ကျောက်ချက်)နှင့် (ရေဆင်း)တို့မှ ဆရာမများ ဦးဆောင်ပြီး Grade-6၊ Grade-7၊ Grade-8၊ Grade- 11) တို့မှ ကျောင်းသား ကျောင်းသူ စုစုပေါင်း ၁၀၀ တို့သည် ဇန်နဝါရီ ၇ ရက် နှင့် ၈ ရက်တို့တွင် ရုံးအမှတ် (၁၄) တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနသို့ လာရောက်လေ့လာကြသည်။

 

ဦးစွာ လေ့လာရေးအဖွဲ့သည် တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုပြခန်းတွင် ခင်းကျင်းပြသထားသည့် တိုင်းရင်းသားလူမျိုးစုများ၏ ဝတ်စားဆင်ယင်ထုံးဖွဲ့မှုများ၊ တိုင်းရင်းသားရိုးရာ အသုံးအဆောင်ပစ္စည်းများ၊ တူရိယာများကို စိတ်ဝင်တစား ကြည့်ရှုလေ့လာကြရာ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က တိုင်းရင်းသား လူမျိုးများ၏ သမိုင်းကြောင်းများ၊ ကျောင်းသား လူငယ်များ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေး၊ ပြည်ထောင်စုစိတ်ဓာတ် ခိုင်မြဲရေးနှင့် အသိပညာ၊ အတတ်ပညာများ ဖွံ့ဖြိုးတိုးတက်စေရေးစသည့် ဗဟုသုတများကို ရှင်းလင်းပြောကြားသည်။

 

ထို့နောက် ဒုတိယဝန်ကြီးနှင့် တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့က အခြေခံပညာ အထက်ကျောင်း(ရေဆင်း) ကျောင်းစာကြည့်တိုက်အတွက် စာအုပ်များပေးအပ် လှူဒါန်းရာ ဆရာမများက လက်ခံရယူသည်။

 

ယင်းနောက် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနမှ ဝန်ထမ်းများက မြန်မာ့ရိုးရာ ကြိုးဆွဲ ရုပ်သေးရုပ်အကနှင့် ရိုးရာယဉ်ကျေးမှုအကများဖြင့် ကပြဖျော်ဖြေပြီး ကျောင်းသား ကျောင်းသူများက အတူတကွ ပူးပေါင်းပါဝင်ကပြခဲ့ကြကြောင်း သိရသည်။

 

သတင်းစဉ်