နေပြည်တော် ၂၁ ဧပြီ

 

၂၀၁၈ - ၂၀၁၉ ပညာသင်နှစ် အခြေခံပညာအဆင့် အောင်စာရင်းများကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ကောင်စီနယ်မြေအတွင်းရှိ သက်ဆိုင်ရာကျောင်းများ၌ ထုတ်ပြန်ကြေညာခဲ့ရာ ကျောင်းသား၊ ကျောင်းသူများနှင့် မိဘအုပ်ထိန်းသူများ လာရောက်ကြည့်ရှုကြသည်။

 

အခြေခံပညာ အလယ်တန်းအဆင့် အဋ္ဌမတန်း နှစ်ဆုံးစာမေးပွဲကို နေပြည် တော်ကောင်စီနယ်မြေရှိ ဒက္ခိဏခရိုင်အတွင်း ကျောင်းသား၊ ကျောင်းသူ ၉၃၈၅ ဦး ဝင်ရောက်ဖြေဆိုခဲ့ပြီး အောင်မြင်သူအရေအတွက်မှာ ၉၃၈၅ ဦးဖြစ်၍ အောင်ချက် ရာခိုင်နှုန်း ၁၀ဝ ရာခိုင်နှုန်းနှင့် ဥတ္တရခရိုင်အတွင်း ကျောင်းသား၊ ကျောင်းသူ ၈၄၅၇ ဦး ဝင်ရောက်ဖြေဆိုခဲ့ပြီး အောင်မြင်သူအရေအတွက်မှာ ၈၄၅၇ ဦးဖြစ်၍ အောင်ချက် ရာခိုင်နှုန်း ၁၀ဝ ရာခိုင်နှုန်းရှိကြောင်း ခရိုင်ပညာရေးမှူးရုံးများမှ သိရသည်။

 

ပုဗ္ဗသီရိမြို့နယ် အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းမှ နဝမတန်း အောင်မြင်သူ မစံပယ်ဖြူ က “ စာမေးပွဲအောင်မြင်တဲ့အတွက် ပျော်ရွှင်မိပါတယ်။ ကျူရှင်မတက်ဘဲ စာမေး ပွဲအောင်မြင်ဖို့ ကြိုးစားခဲ့ရပါတယ်။ နောက်နှစ်ကျရင်တော့ ၁၀တန်း တက်ရမှာ ဖြစ်တဲ့အတွက် ဒီထက်ပိုပြီး ကြိုးစားသွားရမယ်။ ၁၀တန်း အောင် မြင်ပြီးရင်တော့ ရဲမေလုပ် ဖို့ စဉ်းစားထားပါတယ်” ဟု ပြောသည်။

 

ကျောင်းသူတစ်ဦး၏ မိဘဖြစ်သူ ဒေါ်စန်းမြင့်က “သမီးအတွက် အောင်စာရင်း လာကြည့်တာပါ။ အောင်စာရင်း လာကြည့်တာ သမီးတောင် မသိပါဘူး။ နဝမတန်းကို အောင်မယ်လို့ ကြိမ်းသေ ပြောခဲ့တဲ့အပြင် ကျူရှင်မတက်ဘဲနဲ့ အောင်တာဆိုတော့ ဝမ်း သာပါတယ်။  ကိုးတန်း တစ်နှစ်လုံးမှာလည်း စာကြိုးစားခဲ့တယ်။ စာကျက်တဲ့ အခါမှာ လည်း စိတ်ဖိစီးမှုတွေမပေးဘဲ ဆန္ဒရှိတဲ့အချိန်မှာပဲ ကျက်ခိုင်းခဲ့ပါတယ်။ ကလေးရဲ့ ရည်မှန်းချက်ကတော့ ဆရာဝန်ဖြစ်ချင်တာပါ” ဟု ပြောသည်။

 

အလားတူ အခြေခံပညာမူလတန်းအဆင့် စတုတ္ထတန်း နှစ်ဆုံးစာမေးပွဲကို နေပြည်တော်ကောင်စီနယ်မြေရှိ ဇမ္ဗူသီရိမြို့နယ်အတွင်း ကျောင်းသား၊ကျောင်းသူ ၁၅၃၆ ဦး၊ ဥတ္တရသီရိမြို့နယ်အတွင်း ကျောင်းသား၊ ကျောင်း သူ ၁၆၅၀ ဦး၊ ဇေယျာ သီရိမြို့နယ်အတွင်း ကျောင်းသား၊ ကျောင်းသူ ၂၂၅၂ ဦး၊ ပုဗ္ဗသီရိ မြို့နယ်တွင်  ကျောင်းသား၊ ကျောင်းသူ ၂၄၇၇ဦး၊ ဒက္ခိဏသီရိမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူ ၆၉၁ ဦး၊ တပ်ကုန်းမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူ ၄၀၅၁ ဦး၊ ပျဉ်းမနား မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူ ၃၄၂၇ဦး၊ လယ်ဝေးမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူ ၆၃၇၈ဦး ပါဝင်ဖြေဆိုကြပြီး အောင်ချက်အနေဖြင့် ၁၀ဝရာခိုင်နှုန်း အောင်မြင်ခဲ့ကြကြောင်း မြို့နယ်ပညာရေးမှူးရုံးများထံမှ သိရ သည်။

 

အေးအေးသန့်(သတင်းစဉ်)