နေပြည်တော် ဩဂုတ် ၁၂

 

နွေစပါးစိုက်တောင်သူများအတွက် ပန်းတိုင်အထွက်နှုန်းရရှိရေးကိုဦးတည်သော စပါးအထွက်နှုန်း ကွာဟချက်များနှင့် ကန့်သတ်ချက်များကို ဆန်းစစ်လေ့လာမှု သုတေသနစစ်တမ်းကောက်ယူခြင်းကို နေပြည်တော်ကောင်စီနယ်မြေ မြို့နယ်ရှစ်မြို့နယ်၌ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ဥတ္တရသီရိမြို့နယ် ဇလောင်းကျေးရွာတွင် စိုက်ပျိုးရေးဦးစီးဌာနနှင့် ကြေးတိုင်နှင့်မြေစာရင်း ဦးစီးဌာနတို့ ပူးပေါင်း၍ စစ်တမ်းကောက်ယူနေမှုများကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ် ကွင်းဆင်းကြည့်ရှုစစ်ဆေး အားပေးသည်။

 

ယင်းနောက် စစ်တမ်းကောက်ပညာရှင်ဝန်ထမ်းများ၊ တောင်သူများနှင့်တွေ့ဆုံ၍ ဒုတိယဝန်ကြီးက ယခုစစ်တမ်းကောက်ယူရာတွင် တောင်သူများ စပါးစိုက်ပျိုးရာ၌ မျိုး၊ မြေ၊ ရေ၊ နည်းဆိုင်ရာ ကြုံတွေ့ ရသည့် အခက်အခဲများကိုလည်း ထည့်သွင်းကောက်ယူရန်နှင့် ပန်းတိုင်အထွက်ရရှိရေးအတွက် အရေးကြီးသည့် မျိုး၊ မြေ၊ ရေ၊ နည်း ပြဿနာများ ဖြေရှင်းနိုင်ရေးအတွက် တောင်သူများ၏ စွမ်းဆောင်ရည်ကို အခြေပြုဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဌာနတာဝန်ရှိသူများအနေဖြင့် တောင်သူများအား သီးနှံများထွက်ပေါ်ချိန်တွင် သက်ဆိုင်ရာဈေးကွက်နှင့် ချိတ်ဆက်ပေးကြ စေလိုကြောင်းနှင့် ဒေသအလိုက် ဈေးကွက်သုတေသနများကိုလည်း ဆောင်ရွက်ကြရန်လိုကြောင်း၊ တောင်သူများအနေဖြင့်လည်း မိမိကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကိုယ်ထူကိုယ်ထ ရန်ပုံငွေ အစုအဖွဲ့များ တည်ထောင်၍ ကျေးရွာသစ်စီမံကိန်းကျေးရွာများကို စံနမူနာယူကာ မိမိတို့ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ကြစေလိုကြောင်း၊ မျိုးနှင့်ပတ်သက်၍ တောင်သူကြီးများကိုယ်တိုင် မျိုးစေ့ထုတ်နိုင်ရေး ခေါင်နှံမျိုးထားသည့် စနစ်အား ကျင့်သုံးနိုင်စေရေးကို ပညာရှင်များက ကူညီပေးကြရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်