နေပြည်တော်ကောင်စီနယ်မြေတွင်  ယခုနှစ် နွေနှမ်း ဧက(၈၀၀၀)ကျော် စိုက်ပျိုးရန် လျာထား

နေပြည်တော်   ဧပြီ   

 

နေပြည်တော် လယ်ဝေးမြို့နယ် ချောင်းမငယ်ဆည်ရေသောက်စနစ်ရှိ သစ်ဆိမ့်ပင် ကျေးရွာတွင် ဖော်ထုတ်ပြီးစီးသည့် စနစ်ကျလယ်ယာမြေ (၃၃၈ ဒသမ ၂၆)ဧက ၌ နွေနှမ်း စိုက်ပျိုးကြမည့် တောင်သူများနှင့် တွေ့ဆုံဆွေးနွေးခြင်းကို ယနေ့ နံနက်ပိုင်းက ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်၊ အမြဲတမ်း အတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် နွေနှမ်း စိုက်ပျိုးကြမည့် တောင်သူများ တက်ရောက်ကြသ ည်။

 

တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီးက ယခုကဲ့သို့ တောင်သူ(၁၁၀)၏ လယ်ယာမြေ(၃၃၈) ဧကကျော်ကို မြေပြင်ခြင်း၊ ကန်သင်းဖော်ခြင်း၊ ရေသွင်းရေထုတ်မြောင်း၊ ရေပေးအဆောက်အအုံနှင့် ကုန်ထုတ်လမ်းများပါဝင်သည့် စနစ်ကျလယ်ယာမြေအဖြစ်  ဖော်ထုတ်ပေးနိုင်ရန် နိုင်ငံတော်က ဘဏ္ဍာငွေအမြောက်အမြားအသုံးပြု ဆောင်ရွက်ပေးခြင်းသည် တစ်ဧကချင်း၏ သီးနှံစိုက်ပျိုး ထုတ်လုပ်မှု တိုးတက်ရေး၊ တောင်သူများ၏ လူနေမှုအဆင့်အတန်းမြင့်မားရေးကို ရည်ရွယ်ဆောင်ရွက် ပေးခြင်းဖြစ်၍ တောင်သူများအနေဖြင့် သီးထပ်စွမ်းအားတိုးတက်ရေး၊ သီးနှံအထွက်နှုန်းမြင့်မားရေး ကြိုးပမ်းအား ထုတ်ကြရန် တိုက်တွန်းလိုကြောင်း၊ စနစ်ကျလယ်ယာမြေ ဖော်ထုတ်ပေးပြီး ပထမဆုံး အဖြစ် နွေနှမ်းစတင်စိုက်ပျိုးကြမည်ဖြစ်၍ တောင်သူများ၏ လိုအပ်ချက်များကို တင်ပြဆွေးနွေး နိုင်ကြစေရန်နှင့် နည်းပညာအပါအဝင် လိုအပ်ချက်များကို မိမိတို့ဝန်ကြီးဌာနက အနီးကပ်ကူညီပေး နိုင်ရန် ယခုတွေ့ဆုံပွဲကို ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း ဆွေးနွေးပြော ကြားသည်။

 

ထို့နောက် စနစ်ကျလယ်ယာမြေစီမံကိန်းလုပ်ငန်း ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်၍ တာဝန်ရှိသူက ရှင်းလင်းတင်ပြပြီး ဦးစီးဌာနအလိုက် ညွှန်ကြားရေးမှူးချုပ်များက စိုက်ပျိုးရေရရှိရေး ဆောင်ရွက် ပေးနေမှု၊ သီးနှံများ စိုက်ပျိုးဖြစ်ထွန်းအောင်မြင်ရေး အတွက် ရေစီမံခန့်ခွဲမှုလုပ်ငန်း၏ အရေးပါမှု၊ နှမ်းသီးနှံ စိုက်ပျိုးခြင်း လုပ်ငန်းအဆင့်ဆင့်၏ နည်းပညာရပ်ဆိုင်ရာ သိမှတ်ဖွယ်ရာများ၊ နွေနှမ်းစိုက်ပျိုးရန် စိုက်ခင်းမြေပြင်ခြင်း၊ မျိုးစေ့ချခြင်းနှင့် အပင်သက်တမ်းအလိုက် ဂရုပြုရမည့် အချက်များ၊ စနစ်ကျလယ်ယာမြေ၏ မြေကြီးမြေပုံမှန်ကန်ရေးနှင့် ပုံစံ(၇)အသစ် ထုတ်ပေးနိုင်ရေး လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြကြသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက လိုအပ်ချက်များ ဖြည့်စွက်ဆွေးနွေးမှာကြားပြီး တွေ့ဆုံပွဲတက်ရောက်လာကြသူများနှင့်အတူ နွေနှမ်းစိုက်ပျိုးရန် ပြင်ဆင်ဆောင်ရွက်နေမှုကို ကြည့်ရှု အားပေးကြသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် စနစ်ကျလယ်ယာမြေ(၃၃၈ ဒသမ ၂၆)ဧက ဖော်ထုတ်ပြီးစီးမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

 

နေပြည်တော်ကောင်စီနယ်မြေတွင် ၂၀၂၂-၂၀၃ခုနှစ် ၌ နွေနှမ်း ဧက(၂၇၀၀)ကျော် စိုက်ပျိုးခဲ့ပြီး ယခု ၂၀၂၃-၂၀၄ ခုနှစ် တွင် နွေနှမ်း ဧက(၈၀၀၀)ကျော် စိုက်ပျိုးရန် လျာထားဆောင်ရွက်လျက်ရှိရာ သီးနှံအထွက်တိုးတက်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် သက်ဆိုင်ရာဌာနများပူးပေါင်း၍ နည်းပညာနှင့် လိုအပ်ချက်များ ကူညီပံ့ပိုးပေးလျက်ရှိကြောင်း  သိရသည်။

 

ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီးသည် ပုဗ္ဗသီရိဈေးအနီးတွင် ကိုရီးယားသမ္မတ နိုင်ငံ၏ ပံ့ပိုးကူညီမှုဖြင့် တည်ဆောက်ထားသည့် စိုက်ပျိုးရေးထွက်ကုန်ဆိုင်ရာ ဈေးကွက်ဗဟိုဌာနကို ကြည့်ရှုစစ်ဆေးပြီး စီမံကိန်း၏ ရည်ရွယ်ချက်ကို အပြည့်အဝ အကောင်အထည်ဖော်နိုင်ရေးအတွက် သက်ဆိုင်ရာ ဌာနများနှင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားပြီး စိုက်ပျိုးရေး ထွက်ကုန်ဆိုင်ရာ ဈေးကွက်ဗဟိုဌာနနှင့် အအေးခန်းစက်ရုံများကို ကြည့်ရှုစစ်ဆေးသည်။

 

အဆိုပါစီမံကိန်းအား စိုက်ပျိုးရေးထွက်ကုန်များ စုဆောင်းသိုလှောင်ခြင်း ပြုပြင်ထုပ်ပိုးခြင်း၊ ရောင်းဝယ် ဖောက်ကားခြင်းလုပ်ငန်းများကို တစ်နေရာတည်းတွင် ဆောင်ရွက်နိုင်စေရန်၊ စိုက်ပျိုးရေး ထွက်ကုန်ဆိုင်ရာ သတင်းအချက်အလက်ဖလှယ်မှု ထိရောက်စွာဆောင်ရွက်နိုင်စေရန်တို့အတွက် ၂၀၁၈ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ ၅ နှစ် စီမံကိန်းဖြင့်ဆောင်ရွက်ခဲ့ရာ လက်ရှိတွင် တည်ဆောက်ရေးအပိုင်း၌ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်သော်လည်း တပ်ဆင်အသုံးပြုရမည့် ပစ္စည်းကိရိယာနှင့် ပတ်သက်သည့် လုပ်ငန်းများ၊ နည်းပညာပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းများကို သက်ဆိုင်ရာဌာနများ ပေါင်းစပ်ညှိ နှိုင်း ဆွေးနွေးဆောင်ရွက်ရန် ကျန်ရှိနေသေးကြောင်း၊ ၂၀၂၄ ခုနှစ်အတွင်း လုပ်ငန်းစဉ် အားလုံး ပြီးစီးရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

(သတင်းစဉ်)