နေပြည်တော် ဩဂုတ် ၂၁

 

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ယနေ့နံနက်ပိုင်းတွင် ပျဉ်းမနား-တောင်ညို လမ်းမကြီး သပြေကုန်းအဝိုင်းအနီးတွင် ဆေးလိပ်ငွေ့ ကင်းစင်ရေးအတွက် Billboard စိုက်ထူခြင်း အခမ်းအနားသို့ တက်ရောက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက “နေပြည်တော်တစ်ခွင် ဆေးလိပ်ငွေ့ကင်းစင်ဖို့ အားလုံးပါဝင်ဆောင်ရွက်စို့" Billboard အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ဘင်ခရာအဖွဲ့နှင့် ပန်းဖွားအဖွဲ့အား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်သည်။

 

ဆက်လက်၍ ဇမ္ဗူသီရိမြို့နယ် အခြေခံ ပညာအလယ်တန်းကျောင်းသို့ သွားရောက်ပြီး ဆေးလိပ်ငွေ့ ကင်းစင်ရေး ကျောင်းအတွင်း လှုပ်ရှားမှုအဖြစ် ပြသထားသော မှတ်တမ်းဓာတ်ပုံများကိုကြည့်ရှု၍ ဉာဏ်စမ်းပဟေဠိမေးမြန်းခြင်းနှင့် အသိပညာပေးဟောပြောပွဲ ဆောင်ရွက်နေမှုများကို လှည့်လည် ကြည့်ရှုအားပေးသည်။

 

ယင်းနောက် လယ်ဝေးမြို့သို့သွားရောက်ပြီး မြို့တွင်းလမ်းများ သန့်ရှင်းသာယာလှပရေးနှင့် ရေစီးရေလာကောင်းမွန်စေရေးအတွက် ဆောင်ရွက်ထားရှိမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လယ်ဝေးမြို့ မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်လစာ လာရောက် ထုတ်ယူကြသော အငြိမ်းစား ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနေခြင်းကို ကြည့်ရှုအားပေးကာ စားသောက်ဖွယ်ရာများ ပေးအပ်သည်။

 

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် လယ်ဝေးမြို့ သီရိမင်္ဂလာခန်းမသို့ သွားရောက်ပြီး နွားမွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဆွေးနွေးပွဲကို တက်ရောက် အမှာစကားပြောကြားပြီး နေပြည်တော် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးက မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက် ရေးဆိုင်ရာ ဆွေးနွေးပွဲနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြကာ နွားမွေးမြူမှု ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ခင်းကျင်းပြသထားမှုများ၊ နွားအမျိုးအစားများ ပြသထားမှုကို လှည့်လည်ကြည့်ရှုအားပေးသည်။

အောင်သူရဦး(ပြန်/ဆက်)