နေပြည်တော် အောက်တိုဘာ ၈
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များနှင့်အတူ ယနေ့နံနက်ပိုင်းက ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးသို့ သွားရောက်ပြီး ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးခဲ့သည့်နေရာများ ပြန်လည်ပြုပြင်နေမှု အခြေအနေများနှင့် တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များက ဘုရားပရိဝုဏ်အတွင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးကာ လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ထို့နောက် ပျဉ်းမနားမြို့နယ် ရန်အောင်(၁) ရပ်ကွက်နှင့် ယောက်သွားအင်းကျေးရွာ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများသို့ သွားရောက်၍ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး မဲစာရင်းများ ပထမအကြိမ် ကပ်ထားကြေညာထားရှိမှု အခြေအနေကို ကြည့်ရှုစစ်ဆေးပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌက မဲစာရင်းကို လာရောက်ကြည့်ရှုသည့် ပြည်သူများ အနေဖြင့် မိမိအမည်မဲစာရင်းတွင် မပါဝင်ပါက ပုံစံ(၃)ဖြင့် မဲစာရင်းတွင် အမည်ထည့်သွင်းပေးရန် တောင်းဆိုခြင်း၊ မပါဝင်သင့်သူများ ပါဝင်နေပါက ပုံစံ(၄)ဖြင့် ကန့်ကွက်ခြင်း၊ မဲစာရင်းပါ အချက်အလက်များ မှားယွင်းနေပါက ပုံစံ(၄-ဂ)ဖြင့် ပြင်ဆင်လွှာ တင်သွင်းခြင်းတို့ကို ဆောင်ရွက်နိုင်ကြောင်း ရှင်းလင်းပြောကြားသည်။
ယင်းနောက် ဇမ္ဗူသီရိမြို့နယ် သုခသိဒ္ဓိရပ်ကွက် အကွက်အမှတ် (၈-က) အမှုထမ်းအိမ်ရာ လေးခန်းတွဲလေးထပ် အသစ်တည်ဆောက်ရေးလုပ်ငန်းခွင်သို့ သွားရောက်၍ တာဝန်ရှိသူများအား လုပ်ငန်းများအပိုင်းလိုက် အမြန်ပြီးစီးအောင် ဆောင်ရွက်ရေး၊ အရည်အသွေး ပြည့်မီသည့် ပစ္စည်းများကိုသာ လုပ်ငန်းခွင်တွင် အသုံးပြုရေး၊ ငလျင်ဒဏ်အပြင် သဘာဝဘေးအန္တရာယ်များ ခံနိုင်ရည်ရှိအောင် သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက်ရေးတို့ကို မှာကြားသည်။
မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် ပျဉ်းမနားမြို့ မင်္ဂလာဗျူဟာ သာသနာ့ဗိမာန်တော် ၌ကျင်းပသည့် (၁၀၅)ကြိမ်မြောက် ပျဉ်းမနားမြို့နယ်လုံးဆိုင်ရာ နှစ်ကျိပ်ရှစ်ဆူဘုရားများ ဒေသစာရီကြွချီခြင်း၊ ပူဇော်မှုအကောင်းဆုံး ဆုပေးပွဲအခမ်းအနားသို့ တက်ရောက်၍ အမှာစကား ပြောကြားသည်။
ထို့နောက် အမှတ်ပေးအဖွဲ့ ဒိုင်လူကြီးများကိုယ်စား တာဝန်ရှိသူတစ်ဦးက အမှတ်ပေးနည်းစနစ်ကို ရှင်းလင်းပြောကြားပြီး ပြိုင်ပွဲတွင် ဆုရရှိသည့် မော်တော်ယာဉ်များနှင့် ဝတ်ဖြူတော်အသင်း မော်တော်ယာဉ်များအား နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင်များနှင့် နေပြည်တော် စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်တို့က ဆုများပေးအပ်သည်။
ယင်းနောက် ဆုရရှိသူများကိုယ်စား မြို့မိမြို့ဖတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ အခမ်းအနားအပြီးတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ခင်းကျင်းပြသထားသည့် ပြိုင်ပွဲဝင်မော်တော်ယာဉ်များကို လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။
အောင်ကို(ပုဗ္ဗသီရိ)


