နေပြည်တော် အောက်တိုဘာ ၂
သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိစေရေး တောင်သူနည်းပညာပေးဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် လယ်ဝေးမြို့နယ် သရက်ခုံကျေးရွာ စိုက်ပျိုးစီးပွား အသိပညာပေးစင်တာခန်းမ၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ တက်ရောက်သည်။
ဦးစွာ နေပြည်တော်စိုက်ပျိုးရေးဦးစီးဌာနမှူးက သဘာဝမြေဆွေး၊ မြေဩဇာပြုလုပ်နည်း၊ အသုံးပြုပုံများကို ဆွေးနွေးတင်ပြပြီး နေပြည်တော်ကောင်စီ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဓာတ်မြေဩဇာသွင်းအားစုများ၊ EM ဆေးရည်နှင့် သဘာဝမြေဩဇာများကို တောင်သူများထံ ပေးအပ်သည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက တောင်သူများ၏ တင်ပြချက်များအပေါ် သက်ဆိုင်ရာ ဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးပြီး မြေပဲခွံ၊ EM၊ စွန့်ပစ်အမှိုက်များဖြင့် သဘာဝမြေဆွေး သရုပ်ပြ ပြုလုပ်ထားရှိမှုကို ကြည့်ရှုအားပေးသည်။
ယင်းနောက် ဇမ္ဗူသီရိမြို့နယ် တဲကြီးကုန်း ကျေးရွာ SMU ခန်းမ၌ ကျင်းပသည့် သီးနှံများ ပန်းတိုင် အထွက်နှုန်းရရှိစေရေး တောင်သူနည်းပညာပေး ဆွေးနွေးပွဲသို့ တက်ရောက်ပြီး တောင်သူများနှင့် တွေ့ဆုံဆွေးနွေးကာ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက နေကြာမျိုး(ရေဆင်းစပ်မျိုး နေကြာ - ၁)များကို တောင်သူများထံ ပေးအပ်ကြသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် နေပြည်တော်ကောင်စီ ဇမ္ဗူသီရိခန်းမ၌ ကျင်းပသည့် နေပြည်တော်ကောင်စီနှင့် နေပြည်တော်အဆင့်ဌာန ဆိုင်ရာများ ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက် အမှာစကားပြောကြားပြီး တက်ရောက်လာကြသူများ၏ သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆွေးနွေးတင်ပြမှုများအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီ ဇမ္ဗူသီရိခန်းမ၌ ပြည်ထောင်စုနယ်မြေ နေပြည်တော် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီ ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ရာ နေပြည်တော် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌက ကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ မှာကြားသည်။
ထို့နောက် တက်ရောက်လာကြသူများက သက်ဆိုင်ရာ ကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြကြရာ နေပြည်တော် ကောင်စီဥက္ကဋ္ဌက လိုအပ်သည်များ မှာကြားပြီး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အောင်သူရဦး(ဒက္ခိဏ)


