နေပြည်တော် ဩဂုတ် ၁၈
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဥတ္တရသီရိမြို့နယ် မောင်းရမ်းကျေးရွာကွင်းအမှတ် (၁၈၈၅) တောင်သူ ဦးထွန်းဝေ၏ လယ်ဧက ၅၀ တွင် ပေါ်ဆန်းရင်စပါးစိုက်ပျိုးနေမှု၊ သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာ ရောစပ်ကြဲပက်နေမှုနှင့် ကောက်ရိုးဖြင့် သဘာဝမြေဩဇာပြုလုပ်နေမှုတို့ကို လှည့်လည်ကြည့်ရှုအားပေးပြီး တစ်နှစ်သုံးသီး စိုက်ပျိုးနိုင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ရာသီမရွေး စိုက်ပျိုးရေရရှိအောင် နည်းလမ်းမျိုးစုံဖြင့် ဆောင်ရွက်နိုင်ရေး ဆွေးနွေးမှာကြားသည်။
ထို့နောက် ဥတ္တရသီရိမြို့နယ် ဇဝနသိဒ္ဓိရပ်ကွက်ရှိချင်းရွာဓမ္မာရုံ၌ ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများက ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင် ပြည်သူများအား မြန်မာအီလက်ထရောနစ် မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့ စမ်းသပ်မဲပေးခြင်း သရုပ်ပြသနေမှုကို ကြည့်ရှုအားပေးပြီး မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် မဲပေးသည့်စနစ်ကို မဲဆန္ဒရှင်ပြည်သူများ ကျယ်ကျယ်ပြန့်ပြန်သိရှိနိုင်ရန် အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ရေး ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
ပုဗ္ဗသီရိ(ပြန်/ဆက်)


