နေပြည်တော် အောက်တိုဘာ ၁၄
နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီဝင်များနှင့် အတူ နေပြည်တော်အတွင်း သန့်ရှင်း သာယာလှပစေရေး ဆောင်ရွက်နေမှုနှင့် ငလျင်ဘေး ပြန်လည် တည်ဆောက်ရေး လုပ်ငန်းများကို ကွင်းဆင်းကြည့်ရှု စစ်ဆေးသည်။
ကြည့်ရှုစစ်ဆေး
ဦးစွာ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌသည် လယ်ဝေးမြို့နယ် ရာဇသင်္ဂဟလမ်းသို့ သွားရောက်ပြီး ကြာကန်ပေါင်နှင့် ကန်အတွင်း သန့်ရှင်း သာယာလှပရေး ဆောင်ရွက်နေမှု၊ လမ်းဘေးဝဲ/ယာ၊ လမ်းလယ်ကျွန်း တစ်လျှောက် စိမ်းလန်းစိုပြည်ရေး ရာသီအလိုက် ပန်းအလှပင်များနှင့် အရိပ်ရအပင်များ ထပ်မံစိုက်ပျိုးထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး စိုက်ပျိုးသည့်အပင်များ ရှင်သန် ကြီးထွားအောင် စိုက်ပျိုးကြရန်၊ လမ်းဘေးဝဲ/ယာ စိမ်းလန်းစိုပြည်ရေးနှင့် သန့်ရှင်းသာယာလှပရေး အလေးထား ဆောင်ရွက်သွားရန် မှာကြားသည်။
ယင်းနောက် လယ်ဝေးမြို့နယ် ရာဇသင်္ဂဟလမ်းနှင့် ဇမ္ဗူသီရိမြို့နယ် သပြေကုန်းအဝိုင်းအနီး ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် လမ်းပိုင်းများ၊ မြေထိန်းနံရံများနှင့် လမ်းဘေးပလက်ဖောင်းများ ပြန်လည်ပြုပြင်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများ အပိုင်းလိုက် အမြန် ပြီးစီးအောင် ဆောင်ရွက်ရေး၊ လူအင်အား၊ စက်ယန္တရားအင်အား တိုးမြှင့်ဆောင်ရွက်ရေး၊ လုပ်ငန်း အဆင့်ဆင့်ကို သတ်မှတ်အချိန်အတွင်း ပြီးစီးစေရန်နှင့် အရည်အသွေး စံချိန်၊ စံညွှန်းများ ကိုက်ညီမှုရှိစေရန် စစ်ဆေးဆောင်ရွက်ရေး၊ ရေရှည်တည်တံ့မှုရှိစေရန် ပြုပြင် ထိန်းသိမ်းရေး၊ အရည်အသွေး ပြည့်မီသည့် ပစ္စည်းများကိုသာ လုပ်ငန်းခွင်တွင် အသုံးပြုရေး၊ ငလျင်ဒဏ်အပြင် သဘာဝဘေး အန္တရာယ်များ ခံနိုင်ရည်ရှိအောင် သတ်မှတ်စံချိန်၊ စံညွှန်းနှင့်အညီ ဆောင်ရွက်ရေးတို့ကို မှာကြားခဲ့ကြောင်း သိရသည်။
အောင်မျိုးဝင်း(ဥတ္တရ)


