နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ တက်ရောက်

နေပြည်တော် ဖေဖော်ဝါရီ ၂၉   

 

ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာများ သိရှိနားလည်စေရန်၊ ပြည်သူလူထုတစ်ရပ်လုံးက ပူးပေါင်းပါဝင်ပံ့ပိုး ကူညီဆောင်ရွက်နိုင်စေရန်၊ လူမှုကွန်ယက်မီဒီယာများနှင့် တရားမဝင်သတင်းဌာနများက ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ သတင်းမှားများကို အယုံလွယ်လမ်းမှား မရောက်ရှိစေရေး တရားဝင် သတင်းဌာနများ၏ ထုတ်ပြန်ချက်များကိုသာ လေ့လာနိုင်ရေး အသိပညာပေးဆောင်ရွက်ရန် ရည်ရွယ်၍ ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော် ကောင်စီရုံးဝင်းအတွင်းရှိ ဇမ္ဗူသီရိခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ အမြဲတမ်းအတွင်းဝန်နှင့် တိုင်း၊ ခရိုင်၊ မြို့နယ်များမှ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်(၈)မြို့နယ်ရှိ ရပ်ကွက်နှင့်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊၊ လူမှုရေး အသင်းအဖွဲ့များ၊ MSME အသင်းဝင်များ၊ NCCIအသင်းဝင်များ၊ ဆန်ကုန်သည်များ၊ ဆီကုန်သည်များ၊ ဟိုတယ်လုပ်ငန်းရှင်များမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

 

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက  ဖေဖော်ဝါရီ ၁၁ ရက်တွင် နိုင်ငံတော်ပိုင်နေ့စဉ် သတင်းစာများမှ ပြည်သူ့စစ်မှုထမ်းဥပဒေ စတင်အာဏာတည်သည့် အမိန့်ကြော်ငြာစာကို ထည့်သွင်းဖော်ပြခဲ့ကြောင်း၊ ပြည်သူ့စစ်မှုထမ်းဥပဒေ ထုတ်ပြန်ပြီးသည့်နောက်  ရပ်ရွာအေးချမ်းသာယာရေးကို ထိန့်လန့်တုန်လှုပ် ခြောက်ခြားစေရေး ရည်ရွယ်ချက်ထားပြီး လုပ်ကြံဖန်တီးမှုလုပ်ရပ်များကို တွေရကြောင်း၊ ပြည်သူ့စစ်မှုထမ်း ဥပဒေတွင်  သတ်မှတ်ထားသည့် အသက်အရွယ်အတွင်းတွင် ဥပဒေနှင့် ကိုက်ညီသူများထဲမှ ပညာ သင်ကြားနေဆဲသူ၊ မိအိုဖအိုပြုစုလုပ်ကျွေးနေရသူ၊ နိုင်ငံ့ဝန်ထမ်းများ၊ ကျန်းမာရေးကြောင့် ဆေးကုသမှုခံယူ နေရသူများကို ယာယီရွှေ့ဆိုင်းပေးထားမည်ဖြစ်ပြီး ပြည်သူ့စစ်မှုထမ်းရန် မသင့်လျော်သူများကိုလည်း အကြောင်းမဲ့သက်သက်ခေါ်ယူမှာ မဟုတ်သကဲ့သို့ ယခုကာလတွင်လည်း အမျိုးသမီးများကို ပြည်သူ့စစ်မှု ထမ်းခေါ်ယူရန်မရှိသေးကြောင်း သတင်းထုတ်ပြန်ထားရှိပြီးဖြစ်ကြောင်း၊ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဟူသော ဒို့တာဝန်အရေးသုံးပါးသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီး ထာဝရရပ်တည်မြဲမြံစေရန်အတွက် စောင့်ထိန်းရမည့် အမျိုးသားရေးတာဝန်ဖြစ်ကြောင်း၊ ပြည်သူလူထု၏ဆန္ဒဖြစ်သည့် စစ်မှန်စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်လည်လျှောက်လှမ်းနိုင်ရန် ဦးစွာလိုအပ်ချက်သည် နိုင်ငံအတွင်း တည်ငြိမ်အေးချမ်း မှုရရှိရေးပင် ဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရအနေ​ဖြင့်ရှေ့လုပ်ငန်းစဉ် (၅)ရပ်၊ ဦးတည်ချက် (၉)ရပ်ချမှတ်ပြီး နိုင်ငံတော်ဘက်စုံထောင့်စုံမှ ကြိုးပမ်းဆောင်ရွက်နေကြောင်း ပြောကြား သည်။

 

ထို့နောက် ပျဉ်းမနားခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုကိုဦး၊ ပျဉ်းမနားခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးကြီး ထွန်းလင်းဦးနှင့် ပျဉ်းမနားခရိုင် ဥပဒေအရာရှိ ဦးလှစိုးတို့က ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြသည်။

 

ယင်းနောက် နေပြည်တော်ကေင်စီဥက္ကဋ္ဌသည် နေပြည်တော်ကောင်စီဝင်များနှင့် တာဝန်ရှိသူ များနှင့်အတူ လယ်ဝေးမြို့နယ် သက္ကယ်ချင်းကျေးရွာအုပ်စု သက္ကယ်ချင်းကျေးရွာရှိ သုတဝေဖြာ ပညာကမ္ဘာ စာကြည့်တိုက်တွင် လူငယ်လူရွယ်များနှင့် ပြည်သူများ စာပေဖတ်ရှုလေ့လာနိုင်ရန်အတွက် လယ်ဝေးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်ဖြင့် သုတရသစာအုပ်စာစောင်များ ငှားရမ်းပေးနေမှုအခြေအနေများနှင့် လူငယ်လူရွယ်များ စာပေဖတ် ရှုလေ့လာနေမှုများကို ကြည့်ရှုအားပေးပြီး ကျေးရွာစာကြည့်တိုက်အတွက် မတည်ငွေများကို ထောက်ပံ့ပေးအပ်သည်။

 

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် သက္ကယ်ချင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံး၌ ကျေးရွာရပ်မိရပ်ဖများနှင့် တွေ့ဆုံကာ လူငယ်များ အသိပညာ၊ အတတ်ပညာများ တိုးတက်ရေးအတွက် အကျိုးရှိမည့်သင်တန်းများ ဖွင့်လှစ်သင်ကြားပေးရေး၊ အားကစားပြိုင်ပွဲများ ကျင်းပဆောင်ရွက်ပေးရေးတို့ကို  မှာကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)