နေပြည်တော် စက်တင်ဘာ ၁၀

 

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးသို့ သွားရောက်ပြီး လမ်းနယ်ပြင်ပတွင် ကြိုးဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောများနှင့် မြေကွက်လပ်၊ မြေလွတ်/ မြေရိုင်းနေရာများတွင် ငါးဧက၊ ၁၀ ဧကခန့်ရှိ သစ်တောငယ်များ တည်ထောင်နိုင်ရေးအတွက် လျာထားသတ်မှတ် ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

 

ယင်းနောက် နေပြည်တော် စည်ပင်သာယာရေးကော်မတီ မင်္ဂလာခန်းမ၌ ကျင်းပသည့် နေပြည်တော် အဆောက်အအုံများ ပြန်လည်ပြုပြင် အသုံးပြုရေးနှင့် အသစ်တည်ဆောက်ရေး ကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက်၍ အမှာစကားပြောကြားသည်။

 

ထို့နောက် တက်ရောက်လာကြသူများက သက်ဆိုင်ရာကဏ္ဍများအလိုက် ဆွေးနွေးတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

 

မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီ ဇမ္ဗူသီရိခန်းမ၌ ကျင်းပသည့် နေပြည်တော်အတွင်း ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်၍ နေပြည်တော် ကောင်စီဥက္ကဋ္ဌက နေပြည်တော် ကောင်စီနယ်မြေသည် နိုင်ငံ၏အုပ်ချုပ်ရေးမြို့တော် ဖြစ်သည်နှင့်အညီ စိမ်းလန်းစိုပြည်သာယာလှပစေရေး၊ လူနေမှုအဆင့်အတန်း မြင့်မားစေရေး၊ သာယာလှပပြီး အဆင့်မီသည့် Green City၊ Clean City၊ Smart City ဖြစ်စေရေးကို ရည်မှန်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျေးရွာအရွယ်အစားနှင့် မြေနေရာပေါ်မူတည်၍ ကျေးရွာတစ်ရွာလျှင် နေရာဒေသအလိုက် ထင်းစိုက်ခင်း အနည်းဆုံး နှစ်ဧက စိုက်ပျိုးနိုင်ရေး ဆောင်ရွက်ရန်၊ အလားတူ နိုင်ငံအဝှမ်းမြို့ပြများနှင့် ရပ်ရွာဒေသအသီးသီးတွင် စိမ်းလန်းစိုပြည်သာယာစေရေးအတွက် လမ်းဘေးဝဲယာသစ်ပင်၊ သစ်တောများ၊ စိမ်းလန်းမြေများ (Green Spaces)၊ ဥယျာဉ်များ၊ ပန်းခြံများ၊ မြို့ပြသစ်တောများ၊ တစ်အုပ်တစ်မ စိုက်ခင်းများနှင့် စိမ်းလန်းစိုပြည်သည့် Landscape များကို ပိုမိုတိုးမြှင့်တည်ထောင်သွားကြရမည် ဖြစ်ကြောင်း ပြောကြားသည်။

 

ညှိနှိုင်းဆောင်ရွက်

ထို့နောက် တက်ရောက်လာကြသူများက သက်ဆိုင်ရာကဏ္ဍများအလိုက် ဆွေးနွေးတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အောင်မျိုးဝင်း(ဥတ္တရ)