ဥတ္တရသီရိ ဩဂုတ် ၂၄
နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းသည် ဥတ္တရသီရိမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေး ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများ၊ လုပ်ငန်းရှင်များနှင့် တွေ့ဆုံခြင်းကိုယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။
ရှင်းလင်းပြောကြား
ဦးစွာ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းသည် စိုက်ပျိုးရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် မျိုး၊ မြေ၊ ရေ၊ နည်း နည်းလမ်းများနှင့်အညီ စနစ်တကျ စိုက်ပျိုးနိုင်ရေး၊ ပန်းတိုင်အထွက်နှုန်း ပြည့်မီအောင် ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာများ စနစ်တကျအသုံးပြုနိုင်ရေး၊ တောင်သူတိုင်း သဘာဝမြေဩဇာများ ကိုယ်တိုင်ပြုလုပ်အသုံးပြုနိုင်ရေး၊ တောင်သူများ သီးနှံစိုက်ပျိုးမှု အခက်အခဲများကို ဌာနဆိုင်ရာများ၊ ကုန်သည်ပွဲစားများက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးနိုင်ရေး၊ လယ်ယာမြေများ တန်ဖိုးထား လုပ်ကိုင်နိုင်ရေး၊ စိုက်ပျိုးရေးလုပ်ငန်းများအပြင် မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးနိုင်ရေး၊ ပြည်ပစားသုံးဆီများ လျှော့ချသုံးစွဲနိုင်အောင် ဒေသအတွင်း မြေပဲ၊ နှမ်း၊ နေကြာ စသည့် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ မိုးသီးနှံအပြီး ဆောင်းသီးနှံများကိုလည်း ရာနှုန်းပြည့် စိုက်ပျိုးနိုင်ရေး၊ သဘာဝဘေးဒဏ် ကာကွယ်နိုင်အောင် သစ်ပင်၊ သစ်တော ထိန်းသိမ်းစိုက်ပျိုးနိုင်ရေး၊ နေပြည်တော်အတွင်း Green City ၊ Clean City ၊ Smart City ဖြစ်စေရေး ရပ်ကွက်၊ ကျေးရွာများ အလိုက် သန့်ရှင်းရေးလုပ်ငန်းများ စနစ်တကျ ဆောင်ရွက်ရေးတို့ကို ရှင်းလင်းပြောကြားပြီး ဝန်ထမ်းများအား စားသောက်ဖွယ်ရာများ ပေးအပ်သည်။
ထို့နောက် နေပြည်တော်ကောင်စီဝင်နှင့် တာဝန်ရှိသူများက မြို့နယ် MSME အသင်းမှ တန်ဖိုးသင့် စားသောက်ကုန်ပစ္စည်းများ ရောင်းချနေမှုကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
အောင်မျိုးဝင်း(ဥတ္တရ)


