နေပြည်တော် ၁၄ ဧပြီ
၁၃၈၀ပြည့်နှစ်မှ ၁၃၈၁ခုနှစ်သို့ ကူးပြောင်းမည့် အခါသမယတွင် မြန်မာ့ရိုးရာဓလေ့ထုံးစံအရ နှစ်သစ်ကူးအတာသင်္ကြန်ပွဲကို ကျင်းပလျက်ရှိရာ ယနေ့သည် မြန်မာ့ရိုးရာမဟာသင်္ကြန် အကျနေ့ဖြစ်ပြီး မြန်မာပြည်တစ်ဝန်းလုံး၌ အတာရေပက်ဖျန်း ကစားကြသူများ၊ ကုသိုလ်ပြုကြသူများဖြင့် စည်ကားများပြားလျက်ရှိသည်။
နေပြည်တော်မြို့တော်သူ မြို့တော်သားများသည်လည်း မြန်မာရိုးရာ အတာသင်္ကြန်ပွဲတော်ကို ပျော်ရွှင်စွာ ဆင်နွှဲကြပြီး နေပြည်တော်ကောင်စီနယ်မြေအတွင်း ရေပက်ခံကားများ၊ ရေပက်ကစားကြသူများဖြင့် စည်ကားလျက်ရှိကာ ဘုရားကျောင်းကန်များတွင် တရားဘာဝနာပွားများကြသူများ၊ ကုသိုလ်ပြုသူများဖြင့် စည်ကားများပြား လျက်ရှိကြသည်။
နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ နေပြည်တော်မြို့တော်ဝန် မဟာသင်္ကြန်မဏ္ဍပ်၊ Sky Net ရေကစားမဏ္ဍပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) မဟာသင်္ကြန်ရေကစားမဏ္ဍပ်၊ နေပြည်တော်၊ ပျဉ်းမနား၊ လယ်ဝေးမြို့များရှိ သင်္ကြန်မဏ္ဍပ်များနှင့် ပျဉ်းမနားလမ်းလျှောက်သင်္ကြန်တို့တွင် သင်္ကြန်ချစ်သူများ ပျော်ရွှင်စွာရေကစားကြသည်။
ထို့အတူ ရခိုင်တိုင်းရင်းသားအသင်း(နေပြည်တော်)က ဦးစီးကျင်းပသည့် ရခိုင်ရိုးရာရေကစား မဏ္ဍပ်တွင်လည်း ရခိုင်တိုင်းရင်းသားများနှင့် သင်္ကြန်ချစ်သူများက ရခိုင်ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းများနှင့်အညီ ရေကစားကြသည်။
မဟာသင်္ကြန်အကျနေ့ နံနက်ပိုင်းမှ စတင်၍ နေပြည်တော်မြို့တော်ဝန် မဟာသင်္ကြန်ဗဟိုမဏ္ဍပ်တွင် လာရောက်ရေကစားကြသူများဖြင့် စည်ကားလျက်ရှိပြီး တေးသံရှင်များနှင့် အနုပညာရှင်များက မဟာသင်္ကြန် တေးသီချင်းများဖြင့် ဖျော်ဖြေကြပြီး အနုပညာဦးစီးဌာနမှ ယိမ်းအကအဖွဲ့များက အကအလှများဖြင့် ကပြဖျော်ဖြေကြသည်။
ထို့အတူ Sky Net ရေကစားမဏ္ဍပ်၌ အနုပညာရှင်များနှင့် တေးသံရှင်များ၏ ဖျော်ဖြေမှုများနှင့် လာရောက်ရေကစားကြသူများဖြင့် အထူးစည်ကားခဲ့ပြီး ရွှေသံလွင်မိသားစု စတုဒိသာမဏ္ဍပ်တွင်လည်း လာရောက်သုံးဆောင်ကြသူများဖြင့် စည်ကားလျက်ရှိသည်။
အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) မဟာသင်္ကြန်ရေကစားမဏ္ဍပ်တွင်လည်း နိုင်ငံကျော်အနုပညာရှင်များ၊ တေးသံရှင်များက တေးသီချင်းများဖြင့်ဖျော်ဖြေတင်ဆက်ကြရာ တပ်မတော်အရာရှိကြီးများနှင့်ဖိတ်ကြားထားသည့် ဧည့်သည်တော်များတက်ရောက်အားပေးကြပြီး ရေကစားသူများဖြင့် စည်ကားလျက်ရှိသည်။
နေပြည်တော် ပျဉ်းမနားမြို့ရှိ ပျဉ်းမနားလမ်းလျှောက်သင်္ကြန်ပွဲတော်တွင်လည်း လာရောက်ရေပက်ခံသူများ၊ ရေကစားကြသူများဖြင့် လမ်းတစ်လျှောက် စည်ကားလျက်ရှိပြီး သင်္ကြန်ကာလအတွင်း ပျဉ်းမနားမြို့တွင်း စည်းကမ်းမဲ့အမှိုက်ကင်းစင်ရေး လှုပ်ရှားမှုအဖြစ် မျှဝေသောလက်များ ပျဉ်းမနားပရဟိတအသင်းက မြို့အတွင်း အမှိုက်ကင်းစင်ရေး ဆောင်ရွက်လျက်ရှိသည်။
အလားတူ နေပြည်တော်ဇေယျာသီရိမြို့နယ်ရှိ အမျိုးသားအထိမ်းအမှတ်ဥယျာဉ်၊ လှေခွင်းတောင် ကမ်းခြေအပန်းဖြေစခန်း၊ နေပြည်တော် ရေပန်းဥယျာဉ်စသည့် နေရာများတွင်လည်း လာရောက်လည်ပတ် အနားယူအပန်းဖြေကြသူများဖြင့် စည်ကားလျက်ရှိသည်။
နေပြည်တော်ကောင်စီနယ်မြေတွင် သင်္ကြန်ကာလအတွင်း ရေကစားကြသူများဖြင့် စည်းကားလျက်ရှိသကဲ့သို့ စတုဒီသာ ကျွေးမွေး အလှူဒါနပြုကြသူများ၊ ဥပ္ပါတသန္တိစေတီတော်၊ ဓါတုဇယဓာတ်ပေါင်းစုစေတီတော်၊ ကိုးခမ်းကြီးဘုရား၊ ဆုတောင်းပြည့် လောကမာရဇိန်စေတီတော်ကြီးစသည့် ဘုရားကျောင်းကန်များတွင် ဥပုဒ်သီလဆောက် တည်ကြသူများ၊ တရားစခန်း များတွင် တရားဘာဝနာရှုမှတ်ပွားများကြသူများလည်း များပြားခဲ့ကြကြောင်း သိရသည်။
သတင်း-မျိုးရဲသူ ဓာတ်ပုံ-သန်းထိုက်ဖုန်


