နေပြည်တော် ၁၇  ဧပြီ

 

ယနေ့သည် မြန်မာသက္ကရာဇ် ၁၃၈၀ ခုနှစ် ကုန်ဆုံး၍ ၁၃၈၁ ခုနှစ် နှစ်သစ်သို့ ကူးပြောင်းသည့် မြန်မာနိုင်ငံသူ၊ နိုင်ငံသားတို့၏ နေ့ထူးနေ့မြတ် အချိန်အခါသမယ ဖြစ်သည့်အတွက် နှစ်ဟောင်းမှ ကိုယ်၏အညစ်အကြေးများကို အတာရေဖြင့် ဆေးကြောသန့်စင်ပြီး စိတ်၏အညစ်အကြေးများကို ကုသိုလ်ဒါနပြုခြင်းဖြင့် ဆေးကြော သန့်စင်၍ နှစ်သစ်ကိုမင်္ဂလာရှိစွာ အစပြုကြသည်။

 

566

 

ယနေ့တွင်  မြန်မာနိုင်ငံတစ်ဝန်းရှိ ဘုရား၊ စေတီ၊ ကျောင်းကန်များ၌ ဥပုသ် သီတင်းသီလ ဆောက်တည်ခြင်း၊ သက်ကြီးဘိုးဘွားများအား တစ်ကိုယ်ရေ သန့်ရှင်းမှုများ ပြုလုပ်ပေးခြင်းနှင့် ကန်တော့ခြင်း၊ ဇီဝိတဒါန ဘေးမဲ့လွှတ်ခြင်းနှင့် ကုသိုလ်ဒါန ပြုခြင်းတို့ဖြင့် နှစ်သစ်ကို အစပြုကြသည်။

 

နေပြည်တော်ကောင်စီနယ်မြေတွင် နှစ်သစ်ကူး နှစ်ဆန်းတစ်ရက်နေ့ နံနက်ပိုင်းမှစ၍ တန်ခိုးကြီး ဘုရားစေတီ၊ ကျောင်းကန်များ၌ ဥပုသ်သီတင်းသီလ ဆောက်တည်ကြသူများ၊ ဆရာတော်သံဃာတော်များ ရွတ်ဖတ်သရဇ္ဈယ်သည့် အန္တရာယ်ကင်း ပရိတ်တရားတော်များ နာကြားကြသူများ၊ ဇီဝိတဒါန ဘေးမဲ့လွှတ်ကြသူများ၊ အလှူဒါန ပြုကြသူများဖြင့်  စည်ကားခဲ့သည်။

 

ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဥပ္ပါတသန္တိစေတီတော် လိုဏ်ဂူတော်အတွင်း၌ (၁၁) ကြိမ်မြောက် နှစ်သစ်မင်္ဂလာ အန္တရာယ်ကင်း ပရိတ်တရားတော်နာယူပွဲ မင်္ဂလာ အခမ်းအနားကို ကျင်းပရာ ဥပ္ပါတသန္တိ စေတီတော်မြတ်ကြီး ဂေါပကအဖွဲ့၏ သြဝါဒါ စရိယ၊ ပျဉ်းမနားမြို့၊ မဟာဝိသုတာရာမ ဈေးကုန်းကျောင်းတိုက်၊ ဆရာတော် ဘဒ္ဒန္တကဝိသာရ အမှူးပြုသောဆရာတော်၊ သံဃာတော်များ ကြွရောက်တော်မူကြပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ ဒုတိယဝန်ကြီး ဦးကြည်မင်း၊ နေပြည်တော် ကောင်စီဝင်များ၊ နေပြည်တော် စည်ပင်သာယာရေး ကော်မတီဝင်များ၊ ဂေါပကအဖွဲ့ဝင်များ၊ ဘာသာရေး အသင်းအဖွဲ့များ၊ တာဝန်ရှိသူများနှင့် ဘုရားဖူးလာပြည်သူများ တက်ရောက်ကြည်ညို ကြသည်။

 

အခမ်းအနားတွင် ပျဉ်းမနားမြို့၊ မဟာဝိသုတာရာမ ဈေးကုန်းကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တကဝိသာရထံမှ ကိုးပါးသီလခံယူ ဆောက်တည်ကြပြီး ဆရာတော်၊ သံဃာတော်များ ရွတ်ဖတ်သရဇ္ဈာယ်သည့် ပရိတ်တရားတော်များနှင့် အနန္တရာယိက ကမ္မဝါစာများကို နာယူကြပြီး ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိ သူများက လှူဖွယ်ပစ္စည်းများကို ဆရာတော် သံဃာတော်များထံ ဆက်ကပ်လှူဒါန်း ကြသည်။

 

ထို့နောက် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ဂေါပကအဖွဲ့၏သြဝါဒါစရိယ၊ ပျဉ်းမနားမြို့၊ မဟာဝိသုတာရာမ ဈေးကုန်းကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တကဝိသာရ  အမှူးပြုသော ဆရာတော်၊ သံဃာတော်များက ကမ္ဘာသူ ကမ္ဘာသားများနှင့် မြန်မာ နိုင်ငံသူ နိုင်ငံသားများ ကျန်းမာချမ်းသာ၍ ဘေးအန္တရာယ် ကင်းရှင်းစေရန် နေပြည်တော် ကောင်စီနယ်မြေအတွင်း ရဟတ်ယာဉ်ဖြင့် လှည့်လည်၍ နှစ်သစ်ဦးမင်္ဂလာ အန္တရာယ်ကင်း ပရိတ်တရားတော်များကို ရွတ်ဖတ်သရဇ္ဈာယ်တော်မူကြပြီး ပရိတ်ရေများ ဖျန်းပက်ကာ မေတ္တာပို့သကြသည်။

 

အလားတူ နေပြည်တော်ကောင်စီနယ်မြေရှိ ထင်ရှားသော သတ္တသတ္တာဟ စေတီတော်၊ မဟာသကျရံသီ ရုပ်ရှင်တော်မြတ်ကြီး၊ ဓာတုစယဓာတ်ပေါင်းစုစေတီတော်၊ ဆုတောင်းပြည့် လောကမာရဇိန်စေတီ၊ ရန်အောင်မြင်စေတီစသည့် တန်ခိုးကြီး ဘုရားစေတီများ၌ ဥပုသ်သီလ ခံယူဆောက်တည်ကြသူများ၊ စတုဒိသာကျွေးမွေး လှူဒါန်းကြသူများဖြင့် စည်ကားနေပြီး ဇီဝိတဒါနအဖြစ် ငါးနှင့် ငှက်များကို ဘေးမဲ့ လွှတ်ကြသူများ များပြားခဲ့သည်။

 

ထို့ပြင် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ဝန်ကြီးဌာနများ၊ ရပ်ကွက်များ၊ ဝန်ထမ်းအိမ်ရာများ၊ ဓမ္မာရုံများတွင်လည်း ဆရာတော်၊ သံဃာတော်များအား ပင့်ဖိတ်၍  ပရိတ်တရားတော်များနှင့် အနန္တရာယိက ကမ္မဝါစာများ နာကြားကြကာ ကုသိုလ်ကောင်းမှု အစုစုတို့အတွက် အမျှပေးဝေကြသည်။    

 

(သတင်းစဉ်)