နေပူဒဏ်ကာကွယ်ရန် နည်းလမ်းကောင်းများ

တင်ထက်ထက်ဇော်

မြန်မာနိုင်ငံတွင် နွေ၊ မိုး၊ ဆောင်းဟူသော ဥတုသုံးလီသည် အကြမ်းဖျင်းအားဖြင့် တစ်နှစ်တာ၏ လေးလစီ ပိုင်းခြားထားသော်လည်း ကျယ်ဝန်းလှသည့် မြန်မာပြည်၌ အထက်ပိုင်း၊ အလယ်ပိုင်းဒေသနှင့် အောက်ပိုင်းဒေသတို့တွင် အချိန်ကာလ ကွဲပြားသည်။ အထူးသဖြင့် အထက်မြန်မာပြည် မန္တလေး အပါအဝင် မြန်မာပြည်အလယ်ပိုင်းဒေသတို့တွင် နွေဥတုကာလရှည်၍ အပူချိန်များသည်။ ထို့ပြင် အယ်လ်နီညိုဖြစ်စဉ်ကြောင့် တစ်နှစ်ထက်တစ်နှစ် အပူရှိန်မြင့်မားကာ ယခုနှစ်တွင်လည်း မတ်လမှစပြီး သိသိသာသာ ပူပြင်းလာပါသည်။

 

မြန်မာနိုင်ငံအရပ်ရပ်တွင် နွေကာလဖြစ်သည့် မတ်လ၊ ဧပြီလနှင့် မေလများတွင် နေ့အပူချိန်များ တဖြည်းဖြည်း မြင့်တက်လာရာမှ အပူပျံတက် တိမ်များဖြစ်ထွန်း၍ မွန်းလွဲပိုင်း၊ ညနေပိုင်းတို့တွင် မိုးတိမ်တောင်များ ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက မတ်လဆန်း မှစပြီး သတိပေးထားသည်။ အဆိုပါမိုးတိမ်တောင်များ ရွေ့လျားရာနေရာတစ်လျှောက်တွင် လေပြင်း များတိုက်ခတ်ခြင်း၊ လေပြင်းနှင့်အတူ မိုးထစ်ချုန်း ရွာခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်းနှင့် နေရာကွက်ကျား မိုးထစ်ချုန်းရွာခြင်း စသည့်မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင် ပါသည်။

 

လူတို့ဖန်တီးသော သဘာဝဘေး

လူတို့၏ မဆင်မခြင်သုံးစွဲမှုကြောင့် သစ်တောများနှင့် ပတ်ဝန်းကျင်ဂေဟစနစ်များ ပျက်စီးယိုယွင်း လာခြင်း၊ စက်မှုလုပ်ငန်းများမှ ပေါ်ထွက်လာသော ကာဗွန်နှင့် နိုက်ထရိုဂျင်အခြေပြု ဓာတ်ငွေ့များ ကြောင့် လေထုညစ်ညမ်းခြင်းများ ကြုံတွေ့လာရာမှ နောက်ပိုင်းတွင် တစ်ကမ္ဘာလုံး၏ အပူချိန်မြင့်တက် လာပြီး ရာသီဥတုပူနွေးလျက်ရှိသည်။ ယခုအခါ ယင်းကဲ့သို့ ရာသီဥတုပူနွေးလာစေမည့် ကမ္ဘာလုံး ဆိုင်ရာ ပူနွေးမှုဖြစ်စဉ်ကို မထိန်းနိုင်တော့သဖြင့် နောင်အနာဂတ်တွင် ကမ္ဘာတစ်ဝန်းလုံး၌ အပူလှိုင်းများ ဖြတ်ကာ ယမန်နှစ်ထက်ပို၍ ပူလာတော့မည်ဟု အင်္ဂလန်ရှိသာရစ္စတောလ်တက္ကသိုလ်မှ သိပ္ပံပညာရှင် များက သတိပေးထားပါသည်။

 

၁၉၈ဝ ပြည့်နှစ်တွင် အမေရိကန်ပြည်ထောင်စု တောင်ပိုင်း၌လည်းကောင်း၊ ၁၉၈၅ ခုနှစ်တွင် ဘရာဇီးနိုင်ငံ၌လည်းကောင်း၊ ၁၉၉၈ ခုနှစ်တွင် အရှေ့တောင်အာရှဒေသ၌လည်းကောင်း ဖြတ်သန်း ခဲ့သော အပူလှိုင်းများအပါအဝင် အပူလှိုင်းငါးခုကို အခြေခံ၍ လေ့လာသုတေသနပြုရာမှ ရာသီဥတု ပြောင်းလဲမှုအခြေအနေသည် အနာဂတ်တွင် ပိုဆိုးလာလိမ့်မည်ဟု မိမိတို့ တွက်ချက်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း ဦးဆောင်သုတေသီ ဒေါက်တာ ဗစ်ကီသွမ်ဆင်က ရှင်းလင်းပြောကြားသည်။

 

ထူးခြားသော နေ့အပူချိန်များ

မြန်မာနိုင်ငံတွင် တစ်နှစ်ပြီးတစ်နှစ် အပူ စံညွှန်းကိန်းကိုကျော်လွန်ကာ ပိုမိုပူပြင်းလာလျက်ရှိသည်။ နေ့အပူချိန် မြင့်တက်ခြင်း၏ နောက်ဆက်တွဲဆိုးကျိုးများအဖြစ် ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်း (Ultra-Voilet Index) မြင့်မားခြင်း၊ အပူဒဏ် (Heat Stress) ခံစားရခြင်း၊ လူ၏ခံနိုင်သောအပူချိန်ကို ကျော်လွန်သည့် အပူဒဏ် (High Heat Index) ခံစားရခြင်းတို့ကို ဖြစ်စေနိုင်ပါသည်။ ထို့ပြင် အပူချိန်မြင့်တက်လာခြင်း၏ ဆိုးကျိုးငါးခုဖြစ်သော နွေရာသီကာလ အပူရှိန်မြင့်မားမှုဒဏ်၊ ရေရှားပါးမှု ဘေးဒဏ်၊ မီးလောင်ကျွမ်းမှုဘေးဒဏ်၊ စိုက်ပျိုးသီးနှံများ ထိခိုက်ပျက်စီးမှုဘေးများနှင့် ကျန်းမာရေး ထိခိုက်မှု ဘေးဒဏ်များကိုလည်း မြန်မာပြည်၏ တချို့သော တိုင်းဒေသကြီးများတွင် ကြုံတွေ့ကြရ သည်။

 

အထူးသတိပြုရမည့်အချက်မှာ အကယ်၍ လူတစ်ယောက်သည် အပူချိန် ၁၀၆ ဒီဂရီဖာရင်ဟိုက် (၄၁ ဒီဂရီစင်တီဂရိတ်) တွင် အပူဒဏ်ကို အချိန်ကြာကြာခံနေရပါက ဦးနှောက်ကလာပ်စည်းများကို ထိခိုက်ပျက်စီးစေနိုင်သည်။ အကယ်၍ လူတစ်ယောက်သည် အပူချိန် ၁၀၉ ဒီဂရီဖာရင်ဟိုက် (၄၃ ဒီဂရီစင်တီဂရိတ်) တွင် နေပူထဲ၌ အချိန်ကြာကြာနေရပါက အသက်သေဆုံးနိုင်သည်။

 

ထို့ကြောင့် ပြောင်းလဲလာသော ပြင်ပအပူရှိန်နှင့်အတူ လူ့ခန္ဓာကိုယ်တွင်း၌ အပူချိန်တို့ မျှခြေဖြစ် စေရန်အတွက် ပူပြင်းသောရာသီတွင် ရေများများ သောက်ပေးသင့်ပါသည်။

 

နေပူဒဏ်ကာကွယ်ရန် နည်းလမ်းကောင်းများ

ခရမ်းလွန်ရောင်ခြည် (UVR) ဆိုသည်မှာ နေမှထုတ်လွှတ်လိုက်သော ရောင်ခြည်ထဲတွင် ရောနှော ပါလာသည့် စွမ်းအားမြင့် လျှပ်စစ်သံလိုက်လှိုင်းများကို ခေါ်ဆိုခြင်းဖြစ်သည်။ အိုဇုန်းလွှာယိုယွင်း ပါးလွှာမှုကြောင့် ကမ္ဘာတစ်လွှား တစ်နှစ်ထက်တစ်နှစ် သိသိသာသာ အပူဓာတ်ကဲ လျက်ရှိသည်။ ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်း တိုင်းထွာချက်များအရ အဆင့် သုညမှ ၁၁ အထိရှိပြီး အပူချိန် သုညမှ ၃ အထိကို အနိမ့်ဆုံးအဆင့်၊ ၄ မှ ၈ အထိကို အလယ်အလတ်အဆင့်နှင့် ၈ မှ ၁၁ အထိကို အမြင့်ဆုံးအဆင့်ဟု သတ်မှတ်ထားသည်။ အထူးသဖြင့် နံနက် ၁၀ နာရီမှ ညနေ ၄ နာရီ အတွင်း နေရောင်ခြည်အောက် သွားလာလှုပ်ရှားခြင်းကို သတိပြုသင့်ပါသည်။       

 

အထူးသဖြင့် ခြောက်နှစ်အောက်ကလေးငယ်များ၊ အသက် ၆၀ ကျော် သက်ကြီးရွယ်အိုများနှင့် မွေးရာပါ အသားဖြူသူများက နေရောင်ခြည်ကို အာရုံခံစားလွယ်ကြသည်။ နေလောင်ဒဏ်ခံထား ရသော အရေပြားကို ကိုင်တွယ်ကြည့်ပါက နာကျင်နေတတ်သည်။ ထိုအသေးစားနေလောင်ခြင်းကို ကုသရန် လွယ်ကူသော်လည်း အရေပြားနီမြန်း နာကျင်ရုံသာမက ရောင်ရမ်းပြီး အရည်ကြည်ဖုများ ပေါက်လာပါက အတွင်းပိုင်းအရေပြားအလွှာနှင့် အာရုံကြောများကိုပါ ထိခိုက်၍ အန္တရာယ်ရှိပါ သည်။

 

ထို့ကြောင့် နေပူဒဏ်မှကာကွယ်ရန် အောက်ပါ ရှောင်ရန်/ဆောင်ရန် နည်းလမ်းများဖြင့် ကျန်းမာ သုတများကို ရေးသားမျှဝေလိုပါသည်။

 

- ခရမ်းလွန်ရောင်ခြည်ထိတွေ့မှု အနိမ့်ဆုံးအဆင့်မှာ အရေပြားလောင်၍ အသားအရေ မွဲခြောက်ခြင်းဖြစ်ကာ မှဲ့ခြောက်များဖြစ်ခြင်း၊ မျက်စိကျိန်းစပ်ခြင်း ဖြစ်စေသည်။ အမြင့်ဆုံးအဆင့်တွင် အရေပြားအိုမင်း ရင့်ရော်၍ အရေးအကြောင်းထင်ခြင်း၊ melanoma (ခေါ်) အရေပြားကင်ဆာ ဖြစ်ခြင်း၊ သားသမီးမရနိုင်ခြင်း၊ မျက်စိတိမ်စွဲခြင်း၊ ခုခံအားကျဆင်းခြင်း အစရှိသည့်ရောဂါဝေဒနာများကို ခံစားရနိုင်သည်။ ထို့ပြင် Heat Stroke (ခေါ်) အပူ ကြောင့်လေဖြတ်ခြင်း၊ အပူပန်းဖျား ဖျားနာခြင်းနှင့် သွေးတိုးခြင်း၊ သွေးပေါင်ကျဆင်းခြင်း၊ နှာခေါင်းသွေးလျှံခြင်း စသည်တို့လည်း ဖြစ်စေနိုင်ပါသည်။

 

- ပူပြင်းသောနေရောင်ခြည်အောက် မဖြစ်မနေသွားလာရမည်ဆိုပါက နေရောင်ခြည်နှင့် တိုက်ရိုက်မထိတွေ့အောင် မျက်နှာ၊ လည်ပင်း၊ ပခုံး စသည်တို့ကိုပါ အပူဒဏ် ကာကွယ်ပေးနိုင်မည့် ဦးထုပ်နှင့် UV ပါ သောထီးများကိုဆောင်းပါ။ ခရမ်းလွန်ရောင်ခြည် အလွယ်တကူမဖောက်နိုင်သည့် အရောင်ရင့်ရင့် ထူထဲသော အဝတ်အထည်များ ဝတ်ဆင်ပါ။

 

- မျက်လုံးတစ်ဝိုက် ၉၉ ရာခိုင်နှုန်း လုံခြုံစွာ ဖုံးအုပ်နိုင်သော နေကာမျက်မှန်တပ်ဆင်ပါ။

 

- အဝတ်လွတ်ကင်းနေသော လက်၊ လည်ပင်း နှင့် ပခုံး စသည့်နေရာများကို SPF 15+ ပါဝင်သော နေရောင်ခံလိမ်းဆေးကို နေရောင်ခြည်ထဲမထွက်မီ ၁၅ မိနစ်ခန့် ကြိုတင်လိမ်းပါ။ နေရောင်ခံလိမ်းဆေး တစ်ခါလိမ်းပြီးနောက် နှစ်နာရီကြာပြီးတိုင်း နောက်တစ်ကြိမ် ထပ်လိမ်းပါ။ အချို့ UV ကာကွယ်ခရင်မ်တို့သည် သစ်မြစ်သစ်ဥဖြင့် လုပ်ထားသော်လည်း ဘေးထွက်ဆိုးကျိုး ဖြစ်စေနိုင်၍ မိမိနှင့်လိုက်ဖက်သော ခရင်မ် ကိုသာ ရွေးချယ်အသုံးပြုပါ။ SPF ပမာဏ မြင့်လေ ဓာတုပစ္စည်းပါဝင်မှုများလေဖြစ်သောကြောင့် အဆိပ်ဓာတ်ပြေစေသော ရှားစောင်းလက်ပပ်မှ ထုတ်လုပ်သည့် ခရင်မ်ကို ဦးစားပေးရွေးချယ်ပါ။

 

- အသားလည်းအေး၊ နေ‌လောင်မှုလည်း သက်သာစေမည့် မြန်မာ့သနပ်ခါးစစ်စစ်ကို ထူထူလိမ်းပါ။

 

- အသက်တစ်နှစ်အောက် ငယ်ရွယ်သော ကလေးများကို နေပူထဲသို့ခေါ်ဆောင်ခြင်း မပြုပါနှင့်။

 

- ဦးရေပြားနေလောင်ခြင်းမှ ကာကွယ်ရန်အတွက် SPF ပါသော ခေါင်းလျှော်ရည်၊ ခေါင်းလိမ်းဆီ စသည်တို့ လိမ်းကျံပြီးမှ ထီး သို့မဟုတ် ဦးထုပ်ဆောင်း၍ အပြင် ထွက်ပါ။

 

- နေလောင်ခြင်းအတွက် နှုတ်ခမ်းအသား ပက်၍ ကွဲအက်ခြင်းမှ ကြိုတင်ကာကွယ် သည့်အနေဖြင့် SPF ပါသော နှုတ်ခမ်း ဆိုးဆေးကို သုံးပါ။

 

- မီးဖိုချောင်သုံး ရှာလကာရည်ကလည်း နေလောင်၍ အသားအရေပူစပ်ပူလောင် ခြင်းကို သက်သာစေပါသည်။

 

- မိမိနေအိမ်ခန်းများသို့လည်း နေရောင်ခြည် စူးရှသည့်အလင်းရောင် တိုက်ရိုက်မကျ ရောက်စေရန် အကာအကွယ်ပြုပါ။ ပြင်ပအပူဒဏ်သက်သာစေရန် နေအိမ်တွင် လေဝင်လေထွက်ကောင်းသော ချည်သားအဝတ်အထည် အရောင်ဖျော့ဖျော့ သို့မဟုတ် စပန့်သားပွပွတို့ကို သာ ဝတ်ဆင်ပါ။

 

- နွေရာသီသာမက ဆောင်းရာသီတွင်လည်း နေ့လယ်ဘက် အပူရှိန်ပြင်းထန်သဖြင့် နေရောင်ခြည်ဒဏ် အကာအကွယ်ယူ၍ အပြင်သို့ထွက်ပါ။ မိုးအုံ့သော်လည်း ခရမ်း လွန်ရောင်ခြည်က တိမ်တိုက်များကို ဖောက်ထွက်နိုင်သဖြင့် နေရောင်ခြည်ဒဏ် မှ အကာအကွယ်ယူရပါမည်။

 

- နေလောင်ဒဏ်ခံရသော အရေပြားကို ရေခဲဝတ်ကပ်ပေးပါ။ နာကျင်မှုသက်သာ စေရန် အကိုက်အခဲပျောက်ဆေး သောက်ပေးနိုင်ပါသည်။

 

- နေလောင်ဒဏ်ကြောင့် သဘာဝအဆီများ ခန်းခြောက်စေတတ်၍ ရေအေးအေးဖြင့် လေးမိနစ်ခန့် ရေစိမ်ချိုးပါ။

 

- ခန္ဓာကိုယ်တွင်း အပူချိန်မြင့်မားစေတတ်သော ချင်း၊ ငရုတ်သီးအမျိုးမျိုး၊ ငရုတ်ကောင်းမှုန့်၊ ချောကလက်၊ ဆိုဒါ၊ ဆီကြော် မုန့်အမျိုးမျိုး၊ အရက်၊ ချိစ်၊ ကော်ဖီတို့ကို ရှောင်ပါ။

 

- ရေများများသောက်၍ အရည်ရွှမ်းသော သစ်သီးဝလံများဖြစ်ကြသည့် နွားနို့၊ အုန်းစိမ်းရည်၊ တလည်းသီး၊ သံပရာသီး၊ မုန်လာဥအဖြူ၊ ဘူးသီး၊ ဖရုံ၊ သခွား၊ ဖရဲသီး၊ သခွားမွှေး၊ လိမ္မော်၊ စပျစ်၊ နာနတ်၊ ဂရိတ် ဖရုသီး၊ ဘယ်ရီသီး၊ မုန်လာဥနီ၊ ဟင်းရွက် သုပ်၊ အစိမ်းရောင်ငရုတ်ချိုပွ၊ ပူစီနံရွက် (ပူဒီနာ)တို့ကို ပိုမိုစားပေးပါ။ အဆီပြန် ဟင်းလျာများထက် အိုမီဂါ-၃ ဖက်တီး အက်ဆစ်ကြွယ်ဝသည့် ပင်လယ်ငါးစားပေးပါ။ ကိုကိုး၊ မန်ကျည်း၊ ခရမ်းချဉ်သီး ဖျော်ရည်များနှင့် လက်ဖက်ရည်ကြမ်း များများသောက်ပါ။

 

- ချွေးထွက်လွန်နေသော အရွယ်ရောက်ပြီးသူ လူတစ်ဦးအတွက် တစ်နေ့လျှင် သန့်ရှင်း သော သောက်ရေကို ငါးလီတာမှ ရှစ်လီတာ ခန့်အား ဓာတ်ဆားရည်နှင့်ရော၍ သောက်သုံးပေးသင့်ပါသည်။

 

- နေပူထဲမှပြန်လာပြီး ချက်ချင်းရေချိုးခြင်း၊ ပူပြင်းသောနေရောင်အောက်မှ အလွန်အေးသောအခန်း သို့မဟုတ် ကားအတွင်းသို့ ချက်ချင်းဝင်ရောက်ခြင်း၊ ချက်ချင်းထွက်ခြင်း၊ အရက်သေစာသောက်စားခြင်း စသည်တို့ကို အထူးရှောင်ရှားသင့်ပေသည်။

 

- ရေချိုးနည်းမှန်ကန်မှသာလျှင် အပူလေ သင်တုန်း (Heat Stroke) ကို ကာကွယ်နိုင်မည်ဖြစ်ပါသည်။ ရေကို အရိပ်ထဲတွင် ချိုးရပါမည်။ ဦးစွာ သောက်ရေတစ်ဖန်ခွက် အပြည့်သောက်ပါ။ ပြီးနောက် ဦးနှောက်ထဲရှိ အပူထိန်းအာရုံကြောနေရာများဖြစ်ကြသည့် ခြေထောက်အောက်ပိုင်း၊ လက်ဖျားနှင့် လက်မောင်းများ စသည့်သုံးနေရာတို့ကို ကြိုတင်အသိပေးသည့်အနေဖြင့် ရေဆွတ်ကာ ပက်ဖျန်းပေးပါ။ ပြီးမှ မျက်နှာသစ်ပါ။ တစ်ဆက်တည်းမှာပင် လည်ကုပ်နှင့် လည်ပင်းတို့ကို ရေနှင့်ပက်ပေးပါ။ ဖော်ပြပါ နည်းအဆင့်ဆင့်အတိုင်း ဆက်၍ ရေချိုးပါ။

 

အထက်ဖော်ပြပါ နေပူဒဏ်ကာကွယ်ရန် နည်းလမ်းကောင်းများသည် အရွယ်သုံးပါး လူသား အားလုံးအတွက် အကျုံးဝင်ပြီး အထူးသဖြင့် သက်ကြီးဘိုးဘွားများ၊ ကလေးသူငယ်များ၊ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ၊ နာတာရှည်ရောဂါရှိသူများ (ဆီးချို၊ နှလုံး၊ သွေးတိုးရောဂါ၊ စိတ်ကျန်းမာရေးချို့ယွင်းသူများ)၊ ကာယလုပ်သား များ၊ အားကစားသမားများ၊ ဝလွန်းသောသူများ၊ အရက်စွဲသောသူများနှင့် မူးယစ်ဆေးသုံးစွဲသူများ တွင် အပူဒဏ်အန္တရာယ် ပိုမိုသတိထားသင့်ကြောင်း တင်ပြလိုက်ရပါသည်။

 

နွေနေပူပူမှာ အေးချမ်းသာယာရှိကြပါစေ။ ။