သရက်ချောင်း ၅ ဧပြီ
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာနတွင် ယနေ့ နံနက် ၈ နာရီခွဲက ကလေးငယ်များအား စာဖတ်ဝိုင်း ပြုလုပ်ပေးခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးနိုင်ဝင်း က စာဖတ်ခြင်း နှင့်ပတ်သက်၍ ရရှိသော ဗဟုသုတ အကျိုးကျေးဇူးများအကြောင်း၊ စာပေဖတ်ရှုခြင်းဖြင့် အမှားအမှန်ကို ဝေဖန်သုံး သပ်နိုင်တဲ့ လူတော်ကောင်းများ ဖြစ်လာမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် ကလေးငယ်များမှ "ကြွက်မလေးအတွက် အိမ်ထောင်ဖက်" ရုပ်ပြစာအုပ်ထဲမှ နေရာတိုင်းတွင် သူ့နေရာနှင့်သူ အစွမ်းရှိကြောင်းအား ကလေးငယ်များ နားလည်ကြသလို အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။ ဆက်လက်ပြီး မြို့နယ်ဦးစီးမှူးက ကလေးငယ်များ ပိုမိုစိတ်ဝင်စားလာအောင် ပုံပြောပြခြင်းနှင့် ကိုယ်ကာယလေ့ကျင့် နည်းများကိုပါ သင်ကြားပြသပေးခဲ့သည်။
ကလေးငယ်များအား ယခုလို နွေရာသီ ကျောင်းပိတ်ရက်များတွင် စာဖတ်ဝိုင်း ပြုလုပ်ပေးခြင်းကြောင့် စာပေ နှင့် ရင်းနှီးကျွမ်းဝင်ပြီး ဗဟုသုတ ပိုမိုတိုးပွား လာစေရန်ရည်ရွယ်၍ အဆိုပါ စာဖတ်ဝိုင်းအား မကြာခဏ ပြုလုပ်ပေး သွားမည်ဖြစ်ကြောင်း သိရသည်။
မျိုးချစ်ဦး(ပြန်/ဆက်)


