ဧပြီ ၂၀ ပဲခူး

ပဲခူးမြို့၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းတွင် ဧပြီ ၁၉ ရက် နံနက်ပိုင်းက နွေရာသီ လူငယ်ကင်းထောက်သင်တန်း ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ထောက်ပံ့ချီးမြှင့်ခဲ့သည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက သမိုင်းမှတ်တမ်းများအရ ကမ္ဘာပေါ်တွင် လူငယ်(၅၇)သန်းကျော်သော ကင်းထောက်လူငယ်များသည် ကမ္ဘာ့ပညာရေး၏ ရှေ့ဆောင်လမ်းပြအနေဖြင့် နိုင်ငံပေါင်း(၂၀၀)ကျော်တွင် လူငယ်လှုပ်ရှားမှုတွေကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး အများအားဖြင့် အသက်(၁၁)နှစ်မှ အသက်(၁၈)နှစ်အထိ ပါဝင်နေသည်ကို တွေ့မြင်နေရကြောင်း၊ သင်တန်းတက်ရောက်မည့် ကင်းထောက်မောင်မယ်များအနေဖြင့် မိမိတို့နေထိုင်သည့် တိုင်းပြည်အပေါ် သစ္စာရှိရန်၊ တိုင်းပြည်က အားထားရသည့် လူငယ်များဖြစ်လာစေရန်၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်တတ်စေရန်နှင့် မိမိကိုယ်ကို ယုံကြည်သည့် စိတ်ဓါတ်ခိုင်မာသူများ ဖြစ်လာစေရန် ရည်ရွယ်ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း၊ အခြေခံအားဖြင့် နိုင်ငံချစ်စိတ်၊ လူမျိုးချစ်စိတ်၊ ကိုယ့်တိုင်းပြည်၏ ရေ၊ မြေ၊ တော၊ တောင်များကို ချစ်တတ်စိတ်ဓာတ်များဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်အတွက် အထောက်အကူပြုစေမည့် နိုင်ငံသားကောင်းရတနာများ ဖြစ်ပေါ်လာစေရေးနှင့် အခက်အခဲကို ရင်ဆိုင်ဖြေရှင်းသည့် အလေ့အကျင့်ကောင်းများ၊ သူတစ်ပါးကို ဖေးမကူညီလိုသည့် စိတ်ကောင်းစိတ်မြတ်များဖြင့် လောကကောင်းကျိုး၊ နိုင်ငံအကျိုး၊ အများကောင်းကျိုးတို့ကို စွမ်းစွမ်းတမံ ဆောင်ရွက်သွားနိုင်မည့် လူကောင်းလူတော်များ၊ လူရည်ချွန်များ ဖြစ်ကြစေလိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးမြို့၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းတွင် ဖွင့်လှစ်သည့် နွေရာသီ လူငယ်ကင်းထောက်သင်တန်းအတွက် ထောက်ပံ့ငွေကျပ် (၁၀၈)သိန်းအား တိုင်းဒေသကြီးပညာရေးမှူး ဦးစိုးလွင်ထံ ထောက်ပံ့ပေးအပ်ခဲ့သည်။

ယင်းနောက် ကျောင်းသား/ ကျောင်းသူလေးများက မိမိနိုင်ငံ၏ တော၊ တောင်၊ ရေ၊ မြေ၊ သဘာဝပတ်ဝန်းကျင်ကို ချစ်သည့်စိတ်၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကူညီကယ်ဆယ်ခြင်းနှင့် အတူတကွ ပူးပေါင်းဆောင်ရွက်ခြင်း အဓိပ္ပါယ်ရသည့် “အစဉ်အသင့်” ကင်းထောက်သီချင်းဖြင့် သီဆိုဖျော်ဖြေ တင်ဆက်ခဲ့ကြသည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သင်တန်းတက်ရောက်မည့် ကင်းထောက်မောင်မယ်များနှင့် အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြပြီး သင်တန်းသား/ သင်တန်းသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်  အားပေးစကားပြောကြားခဲ့သည်။

ပဲခူးမြို့၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၌ နွေရာသီ လူငယ်ကင်းထောက်သင်တန်းအား ဧပြီ ၁၉ ရက်မှ ဧပြီ ၂၁ ရက်အထိ သင်တန်းသား (၇၀)အား တောတွင်းခရီးစဉ်ဆိုင်ရာ သိကောင်းစရာများ၊ ကြိုချည်နည်း၊ ရှေးဦးသူနာပြုစုနည်းနှင့် အတူတကွ ပူးပေါင်းဆောင်ရွက်ခြင်းဆိုင်ရာ ဘာသာရပ်များ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

တင်စိုး(ပဲခူး)