နွေရာသီအပူဒဏ်ကာကွယ်နိုင်ဖို့ ဒေသမျိုးရင်းသစ်မျိုးများ စိုက်ပျိုးကြပါစို့

 

သစ်တောမောင်

 

အပူချိန်မြင့်မားလာခြင်း

 

ယခုအခါ ကမ္ဘာနှင့်အဝန်း ရာသီဥတု ပြောင်းလဲမှုဖြစ်စဉ်များ ကြုံတွေ့ရလျက်ရှိသည်။ အပူချိန်မြင့်မားလွန်းခြင်း၊ ပူပြင်းခြောက်သွေ့ခြင်း၊  မိုးများခြင်း၊ မိုးခေါင်ခြင်း စသည့်အစွန်းရောက် မိုးလေဝသဖြစ်စဉ်များကို ရင်ဆိုင်ကြရလျက် ရှိပါသည်။ နေ့အပူချိန်မြင့်တက်ခြင်း၏ နောက်ဆက်တွဲဆိုးကျိုးများအဖြစ် ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်း (Ultra-Voilet Index) မြင့်မားခြင်း၊ အပူဒဏ် (Heat Stress) ခံစားရခြင်း၊ လူ၏ခံနိုင်သောအပူချိန်ကို ကျော်လွန်သည့် အပူဒဏ် (High Heat Index) ခံစားရခြင်းတို့ကို ဖြစ်စေနိုင်ပါသည်။ အပူချိန်မြင့်မားလွန်းခြင်းကြောင့် သတိလစ်ခြင်းမှသည် အသက်သေဆုံးသည်အထိ အန္တရာယ်ကြီးပါသည်။

ထို့ပြင် အပူချိန်မြင့်တက်လာခြင်းနှင့်အတူ နောက်ဆက်တွဲ အကျိုးဆက်များဖြစ်သော မြစ်၊ ချောင်း၊ အင်း၊ အိုင်နှင့် ရေတွင်းရေကန်များတွင် ရေလျော့နည်းလာခြင်း၊ ရေခန်းခြောက်ခြင်း၊ သောက်ရေ၊ သုံးရေရှားပါးမှုပြဿနာများ ကြုံတွေ့ရခြင်း၊ ပူပြင်းခြောက်သွေ့သဖြင့် မီးလောင်မှုများ ဖြစ်ပွားခြင်း၊ စိုက်ပျိုးသီးနှံများ ထိခိုက်ပျက်စီးခြင်းနှင့် ကျန်းမာရေးဆိုင်ရာ ပြဿနာများ ဖြစ်ပေါ်စေခြင်းစသည့် အကျိုးဆက်များကိုပါ ခံစားကြရပါသည်။

မြန်မာနိုင်ငံတွင်လည်း တစ်နှစ်ပြီး တစ်နှစ်အပူစံညွှန်းကိန်းကို ကျော်လွန်ကာ ပိုမိုပူပြင်းလာလျက်ရှိပါသည်။ မြန်မာနိုင်ငံအလယ်ပိုင်း စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့၏ အပူပိုင်းဇုန် အတွင်းကျရောက်သော မြို့နယ်များသည် မိုးရေချိန် လက်မ ၄၀ အောက်သာရရှိပြီး တချို့နှစ်များတွင် အပူချိန် ၄၇ ဒီဂရီဆဲလ်ဆီးယပ်အထိ မြင့်မားလာ လျက် ရှိကာ ခြောက်သွေ့ကာလမှာလည်း နိုဝင်ဘာလမှ မေလအထိတိုင် ကြာရှည်လာသည်ကို တွေ့ရှိရပါသည်။ မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းဇုန်အတွင်း ကျရောက်သောမြို့နယ်များသည် မြေတိုက်စားမှုများပြီး အပေါ်ယံမြေဆီလွှာကုန်ခန်းပြီး အပင်များ သဘာဝမျိုးဆက်ရန်ပင် ခက်ခဲလှပါသည်။ သစ်ပင်သစ်တောများ နည်းပါးခြင်းကြောင့် အပူချိန်လွန်ကဲခြင်း၊ မိုးခေါင်ခြင်း၊ မြေဆီလွှာပျက်စီးပြီး သဲကန္တာရဖြစ်ထွန်းနိုင်သည့် အခြေအနေ များ (desert-like formation) ကို တွေ့မြင်နိုင်ပါသည်။ ထို့ကြောင့်လည်း မြန်မာနိုင်ငံသည် ၁၉၉၇ ခုနှစ် ဇန်နဝါရီလတွင် ကုလသမဂ္ဂသဲကန္တာရ တိုက်ဖျက်ရေးကွန်ဗင်းရှင်း (United Nations Convention to Combat Desertification-UNCCD) အဖွဲ့ဝင်နိုင်ငံ ဖြစ်လာခဲ့ပြီး နိုင်ငံအဆင့်သဲကန္တာရ တိုက်ဖျက်ရေးစီမံချက်များရေးဆွဲပြီး အကောင်အထည် ဖော်နိုင်ရေး အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးအတွက် နည်းလမ်းမျိုးစုံဖြင့် သစ်တောစိုက်ခင်းများ တည်ထောင်စိုက်ပျိုးခြင်း၊ သဘာဝတောကျန်များ ပြုစုထိန်းသိမ်းကာကွယ် ခြင်းလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိပါသည်။

 

ရာသီဥတုပြောင်းလဲမှုကို တုံ့ပြန်ခြင်း

 

အပူချိန်မြင့်မားခြင်း အပါအဝင် ရာသီဥတုပြောင်းလဲမှုကို တုံ့ပြန်ဆောင် ရွက်ရာတွင် အဓိကလုပ်ငန်းစဉ်(၂)ရပ်ကို မျှတစွာ ဆောင်ရွက်မှသာ ရာသီဥတု ပြောင်းလဲမှုကို ထိရောက်စွာ တုံ့ပြန်နိုင် မည်ဖြစ်ပြီး အကျိုးဆက်များကို လျှော့ချ နိုင်မည်၊ ကျော်လွှားနိုင်မည်ဖြစ်ပါသည်။ ပထမလုပ်ငန်းစဉ်တစ်ရပ်မှာ ရာသီဥတု ပြောင်းလဲမှု လျှော့ချခြင်း (Mitigation) ဖြစ်ပြီး ဒုတိလုပ်ငန်းစဉ်တစ်ရပ်မှာ ရာသီဥတုပြောင်းလဲမှုနှင့် လိုက်လျော ညီထွေရှိစေရန် ပြင်ဆင်ဆောင်ရွက်ခြင်း (Adaptation) ဖြစ်သည်။

ရာသီဥတုပြောင်းလဲမှု လျှော့ချခြင်း (Mitigation) ဆိုသည်မှာ ရာသီဥတု ပြောင်းလဲမှုကို ဖြစ်စေသည့် ဖန်လုံအိမ် ဓာတ်ငွေ့ (Greenhouse Gas-GHGs)များ လေထုအတွင်းသို့ ထုတ်လွှတ်မှု လျှော့ချခြင်း၊ လေထုထဲမှ ဖန်လုံအိမ် ဓာတ်ငွေ့များကို ဖယ်ရှားခြင်းလုပ်ငန်းစဉ် များ ဆောင်ရွက်ခြင်းဖြစ်သည်။ ဥပမာ သစ်တောထိန်းသိမ်းရေး လုပ်ငန်းများ၊ သစ်တောစိုက်ခင်း တည်ထောင်ခြင်း စသည့် သစ်တောကဏ္ဍလုပ်ငန်းများ၊ စိုက်ပျိုးရေးကဏ္ဍတွင် Climate Smart Agriculture လုပ်ငန်းများ၊ စွမ်းအင်၊ သယ်ယူပို့ဆောင်ရေး၊ စက်မှု စသည့် လုပ်ငန်းကဏ္ဍ အသီးသီးတွင် ဖန်လုံအိမ် ဓာတ်ငွေ့ထုတ်လွှတ်မှု လျှော့ချသည့် လုပ်ငန်းများစသည်တို့ ပါဝင်သည်။

ရာသီဥတုပြောင်းလဲမှုနှင့် လိုက်လျော ညီထွေရှိစေရန် ပြင်ဆင်ဆောင်ရွက်ခြင်း (Adaptation) ဆိုသည်မှာ ပြောင်းလဲလာ သော အပူချိန်၊ မိုးရေချိန်၊ မိုးရွာသွန်းမှု ပုံစံတို့နှင့် သဟဇာတမျှတစွာ လိုက်လျောညီထွေ ပြောင်းလဲလုပ်ကိုင်နေထိုင် ဆောင်ရွက်ခြင်းကိုဆိုလိုသည်။ ဥပမာ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု၊ စိုက်ပျိုးရေး၊ သစ်တော၊ ကျန်းမာရေး၊ မွေးမြူရေး၊ သယ်ယူပို့ဆောင်ရေး၊ ခရီးသွားလုပ်ငန်း၊ ရေအရင်းအမြစ်စသည့် လုပ်ငန်းနယ်ပယ်အသီးသီးတွင် ရာသီဥတု ပြောင်းလဲမှုကြောင့် ထိခိုက်မှုများ၊ ဆုံးရှုံးမှုများ လျော့ပါးသက်သာစေရေး အတွက် ပြောင်းလဲလာသော ရာသီဥတု နှင့်အညီ သဟဇာတမျှတစွာ၊ လိုက်လျော ညီထွေရှိစွာပြင်ဆင်ခြင်း၊ ပြုပြင်ပြောင်းလဲ ဆောင်ရွက်ခြင်းကိုဆိုလိုပါသည်။ ရာသီဥတု ပြောင်းလဲမှုကို ချက်ချင်း လျှော့ချရန် မဖြစ်နိုင်သဖြင့် ရာသီဥတု ပြောင်းလဲမှုနှင့် လိုက်လျောညီထွေ ရှိနေစေရေး ပြင်ဆင်ဆောင်ရွက်ကြ ရမည်ဖြစ်ပါသည်။

ရာသီဥတုပြောင်းလဲမှု လျှော့ချရေး၊ လိုက်လျောညီထွေ ရှိစေရေးအတွက် လုပ်ငန်းကဏ္ဍအသီးသီးတွင် နည်းလမ်း မျိုးစုံဖြင့် ဆောင်ရွက်နိုင်သည်၊ ဆောင်ရွက်ကြရမည်ဖြစ်ပါသည်။ ဆောင်ရွက်နိုင်သည့် နည်းလမ်း အမျိုးမျိုးအနက် သစ်တောများထိန်းသိမ်း ခြင်း၊ သစ်ပင်များစိုက်ပျိုးခြင်းသည် အလွန်ထိရောက်သော၊ ကုန်ကျစရိတ် သက်သာသော၊ လူတိုင်းလူတိုင်း အလွယ်တကူ ဆောင်ရွက်နိုင်သော၊ ချက်ချင်းဆောင်ရွက်နိုင်သော၊ နေရာ မရွေး ဆောင်ရွက်နိုင်သော လုပ်ငန်း တစ်ခုဖြစ်ပြီး သဘာဝကိုအခြေခံသော ဖြေရှင်းခြင်းနည်းလမ်း (Nature-based Solution) တစ်ရပ်လည်းဖြစ်ပါသည်။

 

အပူပိုင်းဒေသ ဒေသမျိုးရင်း သစ်မျိုးများ

 

အပူပိုင်းဒေသသည် ပူပြင်း ခြောက်သွေ့ပြီး မိုးရေချိန်နည်းပါးကာ မြေတိုက်စားမှုများကြောင့် အပေါ်ယံ မြေဆီလွှာ နည်းပါးသဖြင့် အပင်များ သဘာဝမျိုးဆက်ရန်ပင် ခက်ခဲလှသလို ရှင်သန်အောင်မြင်စေရန်၊ စိုက်ပျိုးရန် လည်း ခက်ခဲပါသည်။ အထူးသဖြင့် အပူပိုင်းဒေသ၏ ရေမြေ၊ ရာသီဥတုနှင့် ကိုက်ညီမှုမရှိသည့် အပင်မျိုးစိတ်များ ရှင်သန်ဖြစ်ထွန်းအောင်မြင်ရန် အလွန် ခက်ခဲပါသည်။ ထို့ကြောင့် ယခင်က အပူပိုင်းဒေသတွင် ရှင်သန်နိုင်သည့် ယူကလစ်သစ်မျိုးများကိုသာ အများဆုံး စိုက်ပျိုးခဲ့ကြပါသည်။ ယူကလစ်သစ်မျိုး သည် ရှင်သန်အောင်မြင်မှု ကောင်းသော် လည်း ဇီဝမျိုးစုံမျိုးကွဲ တိုးပွားစေခြင်း အပါအဝင် ပတ်ဝန်းကျင်ဂေဟစနစ် ဆိုင်ရာ ဝန်ဆောင်မှုများ ပံ့ပိုးနိုင်မှု ရှုထောင့်မှ နှိုင်းယှဉ်ကြည့်ပါက ဒေသ မျိုးရင်းသစ်မျိုးများက ပိုမိုစွမ်းဆောင် နိုင်ကြောင်း တွေ့ရမည်ဖြစ်ပါသည်။

ထို့ကြောင့် ယခုအခါ အပူပိုင်းဒေသ တွင် ရှင်သန်အောင်မြင်နိုင်သည့် ဒေသ မျိုးရင်းသစ်မျိုးများဖြစ်သော တမာ၊ ထနောင်း၊ မန်ကျည်း၊ မြန်မာကုက္ကို၊ မြန်မာရှား၊ ဒဟတ်၊ သခွတ်၊ မဲဇလီ၊ မယ်ဇယ်၊ စန္ဒကူး၊ ဖျောက်ဆိပ် စသည့် ဒေသမျိုးရင်းသစ်မျိုးများကို ပျိုးထောင် စိုက်ပျိုးလာလျက်ရှိပါသည်။ အဆိုပါ ဒေသမျိုးရင်း သစ်မျိုးများသည် နွေအပူဒဏ်ခံနိုင်၍ အရိပ်အာဝါသ ပေးစွမ်းနိုင်ရုံသာမက အသီး၊ အပွင့်၊ အညွန့်၊ အရွက်၊ အခေါက်တို့ကိုလည်း ချက်ပြုတ်စားသုံးနိုင်သကဲ့သို့ ဆေးဖက်ဝင် အဖြစ်လည်း အသုံးပြုနိုင်သည့် အကျိုး ကျေးဇူးများ ပံ့ပိုးပေးပါသည်။ ထို့ကြောင့် မိမိအိမ်ပတ်ဝန်းကျင်၊ မြို့နယ်၊ ကျေးရွာ လမ်းဘေး ဝဲ၊ ယာ၊ ဘုန်းတော်ကြီးကျောင်း၊ စာသင်ကျောင်း၊ ဆေးရုံ၊ ဆေးခန်းများ အနီးပတ်ဝန်းကျင်တွင် အဆိုပါဒေသမျိုးရင်းသစ်ပင်များ ရှင်သန်ဖြစ်ထွန်းအောင် စိုက်ပျိုးထားမည်ဆိုလျှင် နွေရာသီအပူဒဏ်ကို ကာကွယ်နိုင်မည်ဖြစ်ပါသည်။

 

ဒေသမျိုးရင်း သစ်မျိုးများ၏ ဘက်စုံအသုံးဝင်မှုများ

 

“နွေထနောင်း၊ ဆောင်း မန်ကျည်း” ဟူသော စကားသည် မြန်မာနိုင်ငံ၏ အပူပိုင်းဇုန်အတွင်း ကျရောက်သော ဒေသခံပြည်သူများ အမြဲသုံးနှုန်းသော စကားဖြစ်ပါသည်။ ထနောင်းပင်နှင့် မန်ကျည်းပင်များအပါအဝင် အပူပိုင်း ဒေသ ဒေသမျိုးရင်းအပင်မျိုးများသည် အပူပိုင်းဒေသ၏ ရေ၊ မြေ၊ ရာသီဥတု ဒဏ်ကိုခံနိုင်ပြီး ကောင်းမွန်စွာ ရှင်သန် ကြီးထွားနိုင်သဖြင့် အပူပိုင်းဒေသ၊ မြေလတ်နှင့် အညာဒေသတွင် ထနောင်းနှင့် မန်ကျည်းပင်များကို အလေးထား စိုက်ပျိုးကြသလို သဘာဝအလျောက် ပေါက်ရောက်နေသော အပင်များကိုလည်း အစဉ်အဆက် ထိန်းသိမ်းလာကြပါသည်။

မန်ကျည်း (Tamarindus indica L.) အင်္ဂလိပ်အမည်သည် Tamarind ဖြစ် သည်။ မူရင်းဒေသမှာ အာရှနိုင်ငံများ ဖြစ်ပြီး မြန်မာနိုင်ငံနေရာအနှံ့အပြားတွင် အများအပြား ပေါက်ရောက်ပြီး အထူး သဖြင့် မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်း ဒေသတွင် သဘာဝအလျောက် ပေါက်ရောက်ပါသည်။ အပူပိုင်းဒေသ ခြောက်သွေ့တောနှင့် ရွက်ပြတ်ရောနှော တောတွင် ပေါက်ရောက်ပါသည်။ အမြဲစိမ်းအပင်လတ်မျိုးဖြစ်၍ အမြင့်ပေ ၄၅ မှ ၇၅ ပေအထိ မြင့်သည်။ ပင်စည်သည် တောင့်တင်းခိုင်မာ၍ သက်တမ်း ကြာရှည်သော အပင်မျိုးဖြစ်သည်။ မြန်မာလူမျိုးများသည် မန်ကျည်းပင် တစ်ပင်လုံးကို အသုံးပြုကြပါသည်။ ပဲမျိုးရင်းဝင် အပင်မျိုးဖြစ်ပြီး နိုက်ထရိုဂျင်ဓာတ် ကြွယ်ဝခြင်း၊ မြေဆီလွှာကို ထိန်းသိမ်းကာကွယ်ခြင်းတို့ကြောင့် မြေဆီလွှာထိန်းအပင်အဖြစ် လည်းကောင်း၊ နေ့စဉ်စားသုံးသည့်အစား အစာအာဟာရအတွက် လည်းကောင်း၊ မြန်မာ့ရိုးရာ တိုင်းရင်းဆေးများတွင် ဆေးဖက်ဝင်အဖြစ် လည်းကောင်း အသုံးပြုကြသည့်အပင် ဖြစ်ပါသည်။

ထနောင်း (Vachellia leucophloea Maslin, Seigler & Ebinger) အင်္ဂလိပ် အမည်သည် White-barked acacia ဖြစ်ပါသည်။ မူရင်းဒေသမှာ အိန္ဒိယ၊ နီပေါ၊ ပါကစ္စတန်၊ သီရိလင်္ကာ၊ မြန်မာ၊ ထိုင်း၊ ဗီယက်နမ်၊ အင်ဒိုနီးရှားနိုင်ငံများဖြစ်ကြပြီး မြန်မာနိုင်ငံတွင် စစ်ကိုင်းတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် ပေါက် ရောက်သည်။ အပူပိုင်းခြောက်သွေ့တောတွင် ပေါက်ရောက်ပါသည်။ ရွက်ကြွေ အပင်လတ်မျိုးဖြစ်၍ အမြင့်ပေ ၄၀ မှ ၆၀ အထိမြင့်သည်။ သက်တမ်း ၃၀ နှစ်သားအရွယ်တွင် ရွက်အုပ်အချင်းမှာ ၂၅ ပေခန့်ရှိသည်။ ဒေသသုံးသစ်အဖြစ် အသုံးပြုခြင်း၊ အခေါက်ကို ဆိုးဆေး၊ သားရေနယ်ပစ္စည်းအဖြစ်လည်းကောင်း၊ ဆေးဖက်ဝင်အဖြစ်လည်းကောင်း အသုံးပြုကြပါသည်။

တမာ (Azadirachta indica A. Juss.) အင်္ဂလိပ်အမည်သည် Neem, Margosa tree ဖြစ်သည်။ မူရင်းဒေသမှာ အိန္ဒိယနှင့် အာဖရိကနိုင်ငံများဖြစ်ပြီး မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းဒေသ များ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေး တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး တို့တွင် အများအပြား ပေါက်ရောက်သည်။ အပူပိုင်းဒေသ ခြောက်သွေ့တော နှင့် ရွက်ပြတ်ရောနှောတောတွင် ပေါက်ရောက်ပါသည်။ အမြဲစိမ်းအပင် လတ်မျိုးဖြစ်၍ အမြင့် ၄၅ ပေမှ ပေ ၆၀ အထိ မြင့်သည်။ တမာပင်တစ်ပင်လုံးသည် အသုံးဝင်ပါသည်။ အသီး၊ အခေါက်၊ အရွက်၊ အကိုင်းအခက်တို့ကို ဆေးဖက်ဝင်အဖြစ်လည်းကောင်း၊ တမာအရွက်နုကို အချဉ်တည်၍ တို့စရာ အစားအစာအဖြစ်လည်းကောင်း၊ တမာသားကို ဒေသသုံး သစ်အဖြစ် အိမ်ရာဆောက်လုပ်ရာတွင် လည်းကောင်း၊ တမာစေ့မှ ထုတ်သောအဆီကို သဘာဝပိုးသတ်ဆေးအဖြစ် သီးနှံစိုက်ခင်းများ ပိုးမွှားကျရောက်သည့် အခါ ပက်ဖျန်းအသုံးပြုကြပါသည်။

မြန်မာရှား (Senegalia catechu (L.f.) Hurter & Mabb.) ၏ အင်္ဂလိပ် အမည်သည် Black Cutch ၊ Cutch tree ဖြစ်ပါသည်။ မူရင်းဒေသမှာ တောင်အာရှနှင့် အရှေ့တောင်အာရှနိုင်ငံများ ဖြစ်သည့် မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှားနိုင်ငံများဖြစ်ပြီး မြန်မာနိုင်ငံအနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် ပေါက်ရောက်သည်။ အပူပိုင်းဒေသ ခြောက်သွေ့တောတွင် ပေါက်ရောက်ပါသည်။ ရွက်ကြွေအပင် လတ်မျိုးဖြစ်၍ အမြင့်ပေ ၃၀ မှ ၄၅ ပေအထိ မြင့်သည်။ ရှားပင်၏ အခေါက်မှ ထွက်သော ရှားစေးကို ဆေးဖက်ဝင် အဖြစ်လည်းကောင်း၊ ဆိုးဆေး၊ သားရေနယ်ပစ္စည်းအဖြစ် လည်းကောင်း အသုံးပြုကြသည်။ ထင်းလောင်စာအဖြစ်လည်းကောင်း၊ လယ်ယာသုံးပစ္စည်းပြုလုပ်ရာတွင်လည်းကောင်း အသုံးပြုကြပါသည်။

မြန်မာကုက္ကို (ခေါ်) အညာကုက္ကို (Albizia lebbeck (L.) Benth.) ၏ အင်္ဂလိပ်အမည်သည် Frywood ၊ East Indian Walnut ၊ Woman’s tongue tree ဖြစ်ပါသည်။ မူရင်းဒေသမှာ အိန္ဒိယနှင့် မြန်မာနိုင်ငံများဖြစ်ပြီး မြန်မာနိုင်ငံ၏ ဒေသမျိုးရင်းသစ်မျိုးဖြစ်သည့်အတွက် နေရာအနှံ့အပြားနှင့် မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းဒေသများတွင် သဘာဝအလျောက် ပေါက်ရောက်သည်။ အပူပိုင်းဒေသ ခြောက်သွေ့တောနှင့် ရွက်ပြတ်ရောနှောတောတွင် ပေါက် ရောက်ပါသည်။ ကြီးမြန်ရွက်ကြွေ

အပင်ကြီးမျိုးဖြစ်၍ အမြင့်ပေ ၅၀ မှ ၁၀၀ အထိမြင့်သည်။ ပဲမျိုးရင်းဝင်အပင်မျိုးဖြစ်ပြီး နိုက်ထရိုဂျင်ဓာတ် ကြွယ်ဝခြင်း၊ မြေဆီလွှာကို ထိန်းသိမ်းကာကွယ်ခြင်းတို့ကြောင့် မြေဆီလွှာထိန်းအပင်အဖြစ် လည်းကောင်း၊ နွေဦးပေါက်ရာသီ ရွက်နု ထွက်ချိန်တွင် ကုက္ကိုရွက်သုပ်ကို အစား အစာအာဟာရအတွက် လည်းကောင်း၊ အရွက်၊ အစေ့၊ အပွင့်၊ အခေါက်တို့ကို ဆေးဖက်ဝင်အဖြစ်လည်းကောင်းအသုံး ပြုကြသည်။ ကုက္ကိုသားကို လယ်ယာသုံး ပစ္စည်းများ၊ ပရိဘောဂများ၊ ပန်းပုထု လုပ်ခြင်းစသည်တို့တွင် အသုံးပြုကြပါသည်။ ထင်း၊ မီးသွေးလောင်စာအဖြစ် လည်း အသုံးပြုကြသည်။

ဒဟတ် (Tectona hamiltoniana Wall.) ၏ အင်္ဂလိပ်အမည်သည် Dahat Teak ဖြစ်ပါသည်။ မူရင်းဒေသမှာ မြန်မာ၊ မလေးရှားတို့ဖြစ်ပြီး မြန်မာနိုင်ငံတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီး တို့တွင် ပေါက်ရောက်သည်။ အပူပိုင်းဒေသ ခြောက်သွေ့တောများတွင် ပေါက်ရောက်ပါသည်။ ရွက်ကြွေအပင် လတ်မျိုးဖြစ်၍ အမြင့်ပေ ၄၀ မှ ၆၀ အထိ မြင့်သည်။ ဒေသတွင်း လယ်ယာသုံးပစ္စည်းအဖြစ်လည်းကောင်း၊ ထင်း၊ မီးသွေးအဖြစ်လည်းကောင်း အသုံးပြု ကြပါသည်။

သခွတ် (Dolichandrone serrulata Seem.) ၏ အင်္ဂလိပ်အမည်သည် Mangrove Trumpet tree ဖြစ်ပါသည်။ မူရင်းဒေသမှာ အိန္ဒိယ၊ ဘူတန်၊ မြန်မာ၊ ထိုင်း၊ လာအိုနိုင်ငံများဖြစ်ပြီး မြန်မာနိုင်ငံတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် မန္တလေးတိုင်း ဒေသကြီးတို့တွင် အများအပြားပေါက် ရောက်သည်။ အပူပိုင်းဒေသ ခြောက်သွေ့တောနှင့် ရွက်ပြတ်ရောနှောတောတွင် ပေါက်ရောက်ပါသည်။ ရွက်ကြွေ အပင်ကြီးမျိုး ဖြစ်၍ အမြင့်ပေ ၄၀ မှ ၆၀ ပေအထိ မြင့်သည်။ အပွင့်ကိုစားသုံးကြပါသည်။ ဆေးဖက်ဝင်အဖြစ်လည်း အသုံးပြုကြသည်။

မဲဇလီ (Senna siamea Irwin et Barneby) ၏ အင်္ဂလိပ်အမည်သည် Pheasant wood ဖြစ်ပါသည်။ မူရင်း ဒေသမှာ တောင်အာရှနှင့် အရှေ့တောင် အာရှနိုင်ငံများဖြစ်ပြီး မြန်မာနိုင်ငံတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးတို့တွင် အများအပြားပေါက်ရောက်သည်။ အပူပိုင်းဒေသ ခြောက်သွေ့တောနှင့် ရွက်ပြတ်ရောနှောတောတွင် ပေါက်ရောက်ပါသည်။ အမြဲစိမ်းအပင် လတ်မျိုးဖြစ်၍ အမြင့် ၃၆ ပေမှ ၄၅ ပေအထိမြင့်သည်။ ကြီးမြန်သစ်ပင်မျိုးဖြစ်ပြီး နိုက်ထရိုဂျင်ဓာတ်ကြွယ်ဝခြင်း၊ မြေဆီလွှာကို ထိန်းသိမ်းကာကွယ်ခြင်းတို့ကြောင့် မြေဆီလွှာထိန်းအဖြစ်လည်းကောင်း၊ ထင်းလောင်စာသုံးအပင် အဖြစ်လည်းကောင်း၊ လမ်းဘေးဝဲယာ အလှစိုက်ပင်အဖြစ် လည်းကောင်း၊ ဆေးဖက်ဝင်အပင် အဖြစ်လည်းကောင်း စိုက်ပျိုး အသုံးပြုကြသည်။

ဖျောက်ဆိပ် (Holoptelea integrifolia (Roxb.) Planch.) ၏ အင်္ဂလိပ်အမည်သည် Indian Elm, Jungle cork tree ဖြစ်ပါသည်။ မူရင်း ဒေသမှာ အိန္ဒိယ၊ သီရိလင်္ကာ၊ နီပေါ၊ မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယား၊ လာအိုနိုင်ငံ တို့ဖြစ်ကြပြီး မြန်မာနိုင်ငံတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် မန္တလေးတိုင်း ဒေသကြီးတို့တွင် ပေါက်ရောက်သည်။ အပူပိုင်းခြောက်သွေ့တောနှင့် ရွက်ပြတ် ရောနှော တောတွင် ပေါက်ရောက်သည်။ ရွက်ကြွေအပင်ကြီးမျိုးဖြစ်၍ အမြင့် ၆၀ မှ ၈၀ ပေအထိ မြင့်သည်။ ဖျောက်ဆိပ် သားကို ပရိဘောဂပြုလုပ်ခြင်း၊ ထင်းလောင်စာအဖြစ် လည်းကောင်း၊ အရွက်၊ အပွင့်၊ အခေါက်တို့ကို ဆေးဖက် ဝင်အဖြစ်လည်းကောင်း အသုံးပြုကြသည်။

မယ်ဇယ် (Madhuca longifolia (Koen.) Macbride) ၏ အင်္ဂလိပ်အမည်သည် Mahua, Mowra-butter tree ဖြစ်ပါသည်။ မူရင်းဒေသမှာသီရိလင်္ကာ၊ မြန်မာ၊ အိန္ဒိယ၊ နီပေါနိုင်ငံတို့ ဖြစ်ကြပြီး မြန်မာနိုင်ငံတွင် မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်း ဒေသကြီးတို့တွင် ပေါက်ရောက်သည်။ အပူပိုင်းဒေသ၊ ရွက်ကြွေတောတွင် ပေါက်ရောက်ပါသည်။ အမြဲစိမ်း အပင်ကြီး မျိုးဖြစ်၍ အမြင့်ပေ ၄၀ မှ ၆၀ အထိ မြင့်သည်။ အစေ့မှထုတ်သော အဆီကို ထောပတ်ဆီကဲ့သို့ စားသုံးရာတွင်လည်းကောင်း၊ လောင်စာဆီအဖြစ် လည်းကောင်း အဆီထုတ်ပြီးသော ကြိတ်ဖတ်များကို စိုက်ခင်းများအတွက် သဘာဝ မြေဩဇာအဖြစ်လည်း အသုံးပြုကြသည်၊ ပန်းပွင့်၊ အရွက်၊ အခေါက်တို့ကို ဆေးဖက်ဝင်အဖြစ် အသုံးပြုကြသည်။

စန္ဒကူး (ခေါ်) နံ့သာဖြူ (Santalum album L.) ၏ အင်္ဂလိပ်အမည်သည် Indian Sandalwood ဖြစ်ပါသည်။ မူရင်းဒေသမှာ ဩစတြေးလျ၊ အိန္ဒိယ တောင်ပိုင်းနှင့် အရှေ့တောင်အာရှနိုင်ငံ များဖြစ်သည်။ မြန်မာနိုင်ငံတွင် စိုက်ပျိုး ပင်အဖြစ် နေရာအနှံ့အပြား စိုက်ပျိုးကြ သော်လည်း အဓိကအားဖြင့် ပုပ္ပားဒေသ၊ မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်တို့တွင် အများအပြားစိုက်ပျိုးကြသည်။ ရွက်ပြတ်ရောနှောတောတွင် ပေါက်ရောက်ပါသည်။ အမြဲစိမ်းအပင် လတ်မျိုးဖြစ်၍ အမြင့်ဆုံး ၅၄ ပေအထိ မြင့်နိုင်သော်လည်း ပေါက်ရောက်ရာ နေရာအလိုက် ပြောင်းလဲနိုင်ပါသည်။ စန္ဒကူးသားကို ပုတီး၊ သေတ္တာ၊ ယပ်တောင်၊ ပန်းပုရုပ်တုပြုလုပ်ခြင်း၊ အသားမှ နံ့သာဆီ Essential Oil ထွက်ရှိသဖြင့် အဆီကို ရေမွှေး၊ အမွှေးနံ့သာထုတ်လုပ် ခြင်းနှင့် အပင်၏ အစိတ်အပိုင်းအသီးသီး ကို တိုင်းရင်းဆေးများတွင် အသုံးပြုကြသည်။

 

အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး

 

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တော ဦးစီးဌာနနှင့် အပူပိုင်းဒေသ စိမ်းလန်း စိုပြည်ရေးဦးစီးဌာနတို့အနေဖြင့် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးလုပ်ငန်းများ တစိုက်မတ်မတ် ဆောင်ရွက်လျက်ရှိပါသည်။ နှစ် (၃၀) အမျိုးသား သစ်တော ကဏ္ဍပင်မစီမံကိန်း (၂၀၀၁ - ၂၀၀၂ မှ ၂၀၃၀-၂၀၃၁ ခုနှစ်အထိ)၊ ခရိုင်သစ်တော အုပ်ချုပ်လုပ်ကိုင်မှုစီမံကိန်း (၂၀၁၆-၂၀၁၇ မှ ၂၀၂၅-၂၀၂၆ ခုနှစ်အထိ)၊ မြန်မာ နိုင်ငံ သစ်တောများ ပြန်လည်တည်ထောင်ရေးစီမံကိန်း (၂၀၁၇ - ၂၀၁၈ ခုနှစ်မှ ၂၀၂၆ - ၂၀၂၇ ခုနှစ်အထိ)များ ရေးဆွဲ ဆောင်ရွက်လျက်ရှိပါသည်။ အပူပိုင်းဒေသအပါအဝင် ဂေဟစနစ်အမျိုးမျိုးရှိ တောနိမ့်၊ တောပျက်များတွင် စီးပွားရေး စိုက်ခင်းများ၊ ရေဝေရေလဲထိန်းသိမ်းရေး စိုက်ခင်းများ၊ ကျေးရွာထင်းစိုက်ခင်းများ၊ တစ်ရွာ နှစ်ဧက စိုက်ခင်းများ၊ စက်မှု ကုန်ကြမ်းစိုက်ခင်းများ၊ ဒေသခံပြည်သူ အစုအဖွဲ့ပိုင် သစ်တောစိုက်ခင်းများ၊ သီးနှံသစ်တောရောနှော စိုက်ခင်းများ၊ ဘက်စုံသုံးစိုက်ခင်းများ၊ သဘာဝ တောကျန်များ ထိန်းသိမ်းကာကွယ်ခြင်း၊ ထင်းအစား အခြားလောင်စာများ တိုးမြှင့်သုံးစွဲခြင်းနှင့် ရေရရှိရေး အကောင်အထည်ဖော်ဆောင်ရွက်ခြင်း အပူပိုင်း ဒေသတောင်စဉ် တောင်တန်းများ စိမ်းလန်းစိုပြည်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး အပူပိုင်း ဂေဟစနစ် ပြန်လည်တည်ထောင်ရေး အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိပါသည်။ အထူးသဖြင့် အပူပိုင်းဒေသရှိ ကျေးရွာတိုင်းတွင် အနည်းဆုံး တစ်ရွာနှစ်ဧက ထင်းစိုက်ခင်းများ၊ သစ်တောစိုက်ခင်းများ၊ တစ်အုပ်တစ်မ စိုက်ခင်းများ တည်ထောင်နိုင်ရေးနှင့် ဒေသ မျိုးရင်းသစ်မျိုးများ အသုံးပြုစိုက်ပျိုးနိုင်ရေး အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက် ရှိပါသည်။

 

mdn

 

နွေရာသီအပူဒဏ်ကာကွယ်နိုင်ဖို့၊ ဒေသမျိုးရင်းသစ်မျိုးများ စိုက်ပျိုးကြပါစို့

 

သစ်တောများမှ အထောက်အပံ့ပြုသော သစ်တောထွက်ပစ္စည်းအမျိုးမျိုး သာမက ငွေကြေးအားဖြင့် တန်ဖိုးမဖြတ် နိုင်သော ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ဆောင်မှုတန်ဖိုးများကို အထူးအလေးထား၍ သစ်ပင် စိုက်ပျိုးခြင်းနှင့် သစ်တောများ၏ အခန်းကဏ္ဍကို ပိုမိုမြှင့်တင် ဆောင်ရွက်ကြရမည် ဖြစ်ပါသည်။ သစ်ပင်စိုက်ပျိုးခြင်းနှင့် သစ်တောထိန်းသိမ်းရေးလုပ်ငန်းများတွင် ပိုမို ရင်းနှီးမြှုပ်နှံ ဆောင်ရွက်ကြရမည် ဖြစ်ပါသည်။

သစ်ပင်စိုက်ပျိုးခြင်း၊ သစ်တောများ ထိန်းသိမ်းခြင်းသည် ရာသီဥတုပြောင်းလဲမှု လျှော့ချခြင်း (Mitigation) နှင့် ရာသီဥတုနှင့် လိုက်လျောညီထွေဖြစ်စေ ခြင်း (Adaptation) အကျိုးကျေးဇူး နှစ်မျိုးစလုံးကို ရရှိစေနိုင်ပါသည်။ လက်ရှိရင်ဆိုင်နေရသော ရာသီဥတု ပြောင်းလဲမှု၊ အပူချိန်တိုးမြင့်လာမှုနှင့် နောက်ဆက်တွဲ အကျိုးဆက်များကို တုန့်ပြန်ဖြေရှင်းနိုင်ရန် သဘာဝကို အခြေခံသောနည်းလမ်း (Nature-based Solution) တစ်ခုဖြစ်သည့် သစ်ပင်စိုက်ပျိုးရန် နည်းလမ်းသည် အကောင်းဆုံး နည်းလမ်းတစ်ခုဖြစ်သဖြင့် တစ်ဦးချင်း၊ တစ်ဖွဲ့ချင်း၊ အစုအဖွဲ့ အလိုက်၊ ရပ်ကွက်၊ ကျေးရွာ၊ မြို့ပြဒေသအလိုက် သစ်ပင်များစိုက်ပျိုးခြင်း၊ ကျေးရွာချင်းဆက်လမ်းဘေး၊ ကားလမ်းဘေး၊ ရထားလမ်းဘေး၊ မြစ်၊ ချောင်းဘေး၊ တောင်ထိပ်များနှင့် ရေဝေရေလဲဧရိယာ များတွင် သစ်ပင်များစိုက်ပျိုး ထိန်းသိမ်းပြီး ဂေဟစနစ်ကို ပြန်လည်တည်ထောင် ကြရမည်ဖြစ်ပါသည်။ အထူးသဖြင့် မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းဒေသ၏ ပူပြင်းခြောက်သွေ့မှုနှင့် အပူချိန် မြင့်မားမှုများကို လျှော့ချရန်နှင့် တုံ့ပြန် ကာကွယ်နိုင်ရန်၊ စိမ်းလန်းစိုပြည်သော၊ ရာသီဥတု မျှတကောင်းမွန်သော၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက် နေသောဒေသကြီး ဖြစ်ပေါ်လာစေရန်အတွက် သစ်ပင်စိုက်ပျိုးခြင်း၊ သစ်တောများ ထိန်းသိမ်းခြင်း လုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင် ဝိုင်းဝန်းဆောင်ရွက်ကြပါစို့ဟု တိုက်တွန်းတင်ပြအပ်ပါသည်။