ကလေး ၂၆ မတ်
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ် မြောက်ပိုင်းရှိ ရာဇဂြိုဟ်ဆည်အတွင်း နေရဉ္စရာမြစ်ရေဝင်ရောက်မှု လျော့နည်းလာခြင်းကြောင့် ဆည်အတွင်း ရေခန်းခြောက်မှုများ ဖြစ်ပေါ်ကာ မတ်လ၂၆ ရက်တွင် ဆည်အတွင်း နေရာတော်တော်များများမှာ နုန်းမြေနှင့်ရွှံ့နွံပြင်ကြီးသာဖြစ်ပေါ်နေပြီဖြစ်ကြောင်း သိရသည်။
နေရဉ္စရာမြစ်ရေက အခုနွေရာသီမှာ တစ်စက္ကန့်ကို ကုဗပေ ၇၀ ပဲဝင်တော့တာပါ။ မိုးရာသီကာလဆိုရင်တော့ ရေဝင်က တစ်စက္ကန့်ကို ၆၀ဝ၀ဝ ကျော်အထိ ဝင်တယ်။ ဒါက သဘာဝတရားပဲလေ။ နှစ်စဉ်ဒီလိုပဲ ရေဝင်တာပါ။ ဆည်အတွင်း ရေစတင် ဝင်ရောက်ရာ နေရာမှာ ရေအိုင်လေး တစ်အိုင်ရှိတယ်။ အဲဒီအောက်နားလေးမှာ နောက်ထပ် ရေအိုင်တစ်ခု ရှိသေးတယ်။ ခုမြင်နေရတဲ့ အတိုင်းလေးပဲ။ ရေကဝင်နေတာပါ။ ဒီဝင်နေတဲ့ ရေလေးနဲ့ လျှပ်စစ်ထုတ်လို့ရအောင် ရွှံ့နွံတွေကို စုပ်ထုတ်နေပါတယ်။ ဒါပေမယ့် နုန်းတွေက ဆည်တစ်ခုလုံးဆိုတော့ သိပ်အဆင်မပြေဘူး။ ကြိုးစားတော့ ဆောင်ရွက်နေပါတယ်” ဟု ရာဇဂြိုဟ်ဆည်တာဝန်ခံ ဦးစီးအရာရှိ ဦးမျိုးထွန်း က ရှင်းပြသည်။
“နေရဉ္စရာမြစ်ရေက အရင်တုန်းကလိုတော့ ရေဝင်မကောင်းတော့ဘူး။ ချင်းတောင်ပေါ်က စတင်မြစ်ဖျားခံ စီးဆင်းတာဆိုပေမယ့် တောင်ပေါ်မှာလည်း သစ်တောတွေက မရှိတော့ဘူးလေ။ ရေဝေရေလဲတွေလည်း မကောင်းတော့ဘူး။ ဒီနေရဉ္ဖရာမြစ်မှ မဟုတ်ပါဘူး။ ချောင်းတွေ မြစ်တွေ အတော်များများက ရေခန်းခြောက်မှုတွေနဲ့ ရင်ဆိုင်နေရပါပြီ” ဟု ကလေးမြို့ သဘာဝချစ်သူများအဖွဲ့ ကိုဝင်းက ပြောသည်။
“မိုးရာသီဆိုရင်တော့ လျှပ်စစ်ဓါတ်အားက စက်နှစ်ခုလုံးကို လည်ပတ်နိုင်မှာပါ။ ခုက အချိန်ပိုင်းလေးနဲ့ ရသလောက် လည်ပတ်နိုင်အောင် ဆောင်ရွက်နေပါတယ်။ တာဘိုင်အတွင်း ရေဝင်ရောက်မှု လမ်းကြောင်းမှာ ပိတ်ဆို့နေတဲ့ သစ်တုံးတွေ နုန်းတွေကိုလည်း နေ့စဉ်ဖယ်ရှားဆောင်ရွက်နေပါတယ်” ဟု အင်ဂျင်နီယာ ဦးမျိုးထွန်းက ဆက်လက်ရှင်းပြသည် ။
ရာဇဂြိုဟ်ဆည်သည် ၂၀၁၅ ခုနှစ် ဇူလိုင်လအတွင်းက ဖြစ်ပေါ်ခဲ့သော ဆည်၏အထက်ဘက် သဘာဝ မြေပြိုဆည်ကန်ကျိုးပေါက်ခဲ့မှု ဖြစ်စဉ်ကြောင့် ဆည်အတွင်းနုန်းမြေများ သစ်တုံးများဖြင့် ဖုံးလွှမ်းသွားပြီး ဆည်ကို ပြန်လည်ပြုပြင်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် နည်းလမ်းများကို နိုင်ငံတကာ ပညာရှင်များနှင့် ပူးပေါင်းကာ အဖြေရှာဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
ယခုမိုးရာသီကာလတွင် ဆည်အတွင်းနှုန်းမြေ ဝင်ရောက်မှုလျော့နည်းစေရန်အတွက် နုန်းတားဆည်တွင် စက်ယန္တရားကြီးများဖြင့် နုန်းတားဆည်အတွင်း ရှိနေသော နုန်းများကို ဖယ်ရှားရှင်းလင်းပြီး နောက်ထပ် ဝင်ရောက်လာသော နုန်းများကို တားဆီးနိုင်ရန် ဆောင်ရွက်နေကြောင်း သိရသည်။
သျှင်နေမင်း(ဂန့်ဂေါ)


