ဘန်ကောက်   ၄ ဧပြီ  

 

ထိုင်းနိုင်ငံ၊ ချိုင်နားခရိုင်၊ မနိုရိုနယ်မြေ ထားချနို(ဝ်)ရပ်ကွက် နခွန်စဝမ် ခရိုင်လမ်းအတက် မိုင်တိုင် (၁၄၇) ကီလိုမစ် အဝေးပြေးလမ်းမပေါ်တွင် နေရပ်ပြန် မြန်မာအလုပ်သမား (၁၁) ဦးတို့သည် ကားပေါ်၌ သတိလစ်သွားကြောင်း အရေးပေါ်ဌာန (၁၆၆၉) အား ဖုန်းခေါ် အကူညီတောင်းခံလာသဖြင့် အရေးပေါ်ဌာနမှ တစ်ဆင့် မနိုရိုဆေးရုံသို့ ထပ်မံအကြောင်းကြားခဲ့ရာ ဆေးရုံဝန်ထမ်းများနှင့် အရေးပေါ် ကယ်ဆယ်ရေးကားများ သွားရောက်ကူညီမှုများ ပြုလုပ်ခဲ့ကြောင်း  ထိုင်းနိုင်ငံ၊ မြန်မာသံရုံး၊ အလုပ်သမားအရာရှိရုံးမှ သိရသည်။

 

ဖြစ်စဉ်မှာ ဧပြီလ (၂) ရက် ည ၇ နာရီ၌ ထိုင်းနိုင်ငံတောင်ပိုင်း ဆူရတ်ဌာနီခရိုင်တွင် နေထိုင်အလုပ်လုပ်ကိုင်သည့် (၂) နှစ်အရွယ် ကလေးအပါဝင် မြန်မာအလုပ်သမား (၁၁)ဦးတို့သည် မြန်မာနှင့် ထိုင်း နှစ်နိုင်ငံနယ်စပ်မြို့ဖြစ်သည့် မဲဆောက်မြို့သို့ အပြန်ခရီးတွင် ၎င်းတို့အား ပို့ဆောင်သည့် ဗင်ကားပေါ်၌  သတ်မှတ်ပစ္စည်းအလေးချိန်ထက် အမြောက်အမြား တင်ဆောင်လာသဖြင့် လေထွက်ပေါက်ပိတ်မိရာမှ အော့အန်မူးမေ့ပြီး သတိလစ်ခြင်း ဖြစ်ကြောင်း သိရှိရသည်။

 

အဆိုပါ ဗင်ကားမောင်းသူ၏ဇနီး Ms.Jarunee Raksayot ၏ ပြောပြချက်အရ ခရီးသည် တစ်ဦးသည် ပုံမှန်ထက် အသက်ရှုကြမ်းလာသည့် အသံကြားသဖြင့် ယာဉ်ပေါ်ပါ ခရီးသည်များအား ခေါ်နှိုးခဲ့ကြောင်း၊ မည်သူတစ်ဦးတစ်ယောက်မှ ပြန်ပြောခြင်းမရှိသဖြင့် ယာဉ်အား ရပ်တန့်ပြီး ခရီးသည်များအား ထပ်မံလှုပ်နှိုးရာတွင် သတိလစ်မေ့မျောနေကြသဖြင့် အရေးပေါ်ဌာနသို့ အမြန်အကူညီ တောင်းခံခဲ့ကြောင်းနှင့် လက်ရှိတွင် မြန်မာအလုပ်သမားအားလုံး အသက်အန္တရာယ်ကင်းပြီး လုံခြုံစွာရှိကြောင်း မြန်မာသံအလုပ်သမားအရာရှိရုံးမှ သိရှိရသည်။

 

နေရပ်ပြန် မြန်မာအလုပ်သမားများအနေဖြင့် အခြေအနေအကြောင်းကြောင်းအရ စစ်ဆေး မှတ်ပုံတင်ထားခြင်းမရှိသော ပြင်ပမော်တော်ယာဉ်များဖြင့် လိုက်ပါစီးနင်းကြသူများအနေဖြင့် မိမိတို့စီးနင်းလိုက်ပါမည့် မော်တော်ယာဉ်ကြံ့ခိုင်မှု၊ ယာဉ်မောင်း၏ ကျန်းမာရေးအခြေအနေတို့အား ဂရုပြုကြပါရန်နှင့် မည်သည့်ယာဉ်နှင့်မဆို လိုက်ပါခဲ့ပြီးလျှင် ယာဉ်မောင်းအိပ်ငိုက်ခြင်း၊ ယာဉ်မောင်းနှင်မှု ပုံစံမူမမှန်ခြင်းများ ဖြစ်ပေါ်ပါက မော်တော်ယာဉ်အား ချက်ချင်းရပ်တန့်ခိုင်းရန် လိုအပ်ကြောင်း၊ သင်္ကြန်ကာလ ခွင့်ပြန်မြန်မာအလုပ်သမားများအနေဖြင့် အိမ်ပြန်ခရီးတွင် အခက်အခဲ တစ်စုံတစ်ရာရှိပါက အလုပ်သမား သံအရာရှိများဖြစ်သော ဦးစန်းမောင်ဦး(ဘန်ကောက်) 09 4884 5484၊ ဦးသန်းနိုင် (ဘန်ကောက်)06 5220 6952၊ ဦးဇော်မင်းအောင်(ရနောင်း) 06 5220 6951၊ ဦးအောင်မင်း(မဲဆောက်) 06 5220 6953၊ ဦးဇော်မင်းထွေး(ချင်းမိုင်) 09 9059 2352 တို့ထံ ဖုန်းဆက်သွယ်၍လည်းကောင်း၊ အလုပ်သမားသံအရာရှိရုံး၏ Facebook စာမျက်နှာဖြစ်သည့် LA-Thailand Page တို့မှတစ်ဆင့် ဆက်သွယ်အကူညီတောင်းခံနိုင်ကြောင်း သိရှိရသည်။ 

 

နန္ဒကျော်စွာ