ရန်ကုန် သြဂုတ် ၁၆

 

ငွေကြေးဆိုင်ရာ အရေးယူဆောင်ရွက်ရေးအဖွဲ့ (Financial Action Task Force - FATF)၏ ကမ္ဘာလုံး ဆိုင်ရာစံနှုန်းများ၊ နည်းစနစ်များ၊ လုပ်ထုံးလုပ်နည်းများနှင့်စပ်လျဉ်း၍ အခြေခံမိတ်ဆက်ခြင်းသင်တန်း ကို မြန်မာနိုင်ငံစာရင်းကောင်စီနှင့် မြန်မာနိုင်ငံ လက်မှတ်ရပြည်သူ့စာရင်းကိုင်များအသင်း၊ ငွေကြေး ဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့၊ အထူးစုံစမ်း စစ်ဆေးရေးဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ရှိ အဆင့်မြင့်စာရင်းကိုင်နှင့် စာရင်းစစ်သင်တန်းကျောင်း နဝဒေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုစာရင်းစစ်ချုပ် မြန်မာနိုင်ငံစာရင်းကောင်စီဥက္ကဋ္ဌ ဒေါက်တာခင်နိုင်ဦးက  Video Message ပေးပို့၍ အဖွင့်အမှာစကား ပြောကြားသည်။

 

ဦးစွာ ပြည်ထောင်စုစာရင်းစစ်ချုပ် မြန်မာနိုင်ငံ စာရင်းကောင်စီဥက္ကဋ္ဌက စာရင်းလုပ်ငန်း လုပ်ကိုင်သူများ အနေဖြင့် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေး (Anti-Money Laundering and Countering the Financing of Terrorism -AML/CFT)အသိပညာ၊ ဗဟုသုတများသာမက နိုင်ငံအချင်းချင်း အပြန်အလှန်အကဲဖြတ်ရေး လုပ်ငန်းစဉ်များ ဆောင်ရွက်နိုင်ရေးအတွက် FATF ၏ အကြံပြုချက်များ၊ စည်းမျဉ်းစည်းကမ်းဆိုင်ရာများကို သိရှိနားလည်ပြီး လိုက်နာဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ယခုဖွင့်လှစ်သည့် သင်တန်းတွင်လည်း FATF ၏ ကမ္ဘာလုံးဆိုင်ရာစံနှုန်းများ၊ နည်းစနစ်များ၊ လုပ်ထုံးလုပ်နည်းများနှင့်စပ်လျဉ်း၍ အခြေခံ မိတ်ဆက်ခြင်းကို မြန်မာနိုင်ငံစာရင်းကောင်စီ၊ ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့နှင့် အထူး စုံစမ်းစစ်ဆေးရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများက ဆွေးနွေးပို့ချသွားမည်ဖြစ်ပါကြောင်း၊ သို့ပါ၍ စာရင်းလုပ်ငန်း လုပ်ကိုင်သူများအနေဖြင့် ယခုသင်တန်းမှ ဆွေးနွေးပို့ချမည့်ပညာရပ်များကို လေ့လာမှတ်သားပြီး မိမိတို့သာမက မိမိတို့စာရင်းလုပ်ငန်းများ၏ Client များကိုပါ AML/ CFT ဆိုင်ရာလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ရန် တွန်းအားပေးဆောင်ရွက်ခြင်းအားဖြင့် နိုင်ငံအချင်းချင်း အပြန်အလှန်အကဲဖြတ်ရေး လုပ်ငန်းစဉ် အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ပေးစေလိုကြောင်း တိုက်တွန်းပြောကြားသည်။

 

ယင်းနောက် မြန်မာနိုင်ငံလက်မှတ်ရပြည်သူ့စာရင်းကိုင်များအသင်းဥက္ကဋ္ဌက အမှာစကားပြောကြား ပြီး ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့နှင့် မြန်မာနိုင်ငံစာရင်းကောင်စီတို့မှ တာဝန်ရှိသူများက FATF ၏ ကမ္ဘာလုံးဆိုင်ရာစံနှုန်းများ၊ နည်းစနစ်များ၊ လုပ်ထုံးလုပ်နည်းများနှင့်စပ်လျဉ်း၍ အခြေခံ မိတ်ဆက်ခြင်းကို ဆွေးနွေးပို့ချပြီး သင်တန်းပထမနေ့ကို ရုပ်သိမ်းခဲ့သည်။

 

သင်တန်းဖွင့်ပွဲသို့ မြန်မာနိုင်ငံလက်မှတ်ရ ပြည်သူ့စာရင်းကိုင်များအသင်းမှ နာယက၊ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများ၊ အမှုဆောင်များ၊ အသင်းသားများ၊ စာရင်းလုပ်ငန်းအသီးသီးမှ ကိုယ်စားလှယ်များနှင့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။

 

သတင်းစဉ်