ငွေကြေးမတည်ငြိမ်မှုများဖြစ်ပေါ်စေရန် ဈေးကစားသူများအား စုံစမ်းအရေးယူပြီး ကျဆင်းလာသည့် ဒေါ်လာနှင့်ရွှေဈေး

တွေ့ဆုံမေးမြန်း၊ သီသီမင်း၊မင်းသစ် /ဓာတ်ပုံ၊နေလင်း

ကမ္ဘာ့အင်အားကြီး နိုင်ငံနှစ်နိုင်ငံဖြစ်သည့် အမေရိကန်နှင့်တရုတ်တို့၏ ကုန်သွယ်ရေး ယှဉ်ပြိုင်မှုကြောင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ငွေကြေးမတည်ငြိမ်မှုများ ဖြစ်ပေါ်ခဲ့ပြီး အဆိုပါ ဂယက်ကြောင့် မြန်မာနိုင်ငံတွင်လည်း ဒေါ်လာဈေး မြင့်တက်လာခြင်းနှင့်အတူ ရွှေဈေး၊ ပြည်တွင်းရှိ စက်သုံးဆီဈေး၊ အခြေခံစားသောက်ကုန် ဈေးနှုန်းများနှင့် ဆေးဝါးများပါ လိုက်ပါမြင့်တက်လာခဲ့သည့်အပြင် ဒေါ်လာဈေးကစားသူများကြောင့် ငွေကြေးမတည်ငြိမ်မှုများဖြစ်ပေါ်ခဲ့သည်။

 

အဆိုပါ  ဒေါ်လာဈေးကစားသူများအား စုံစမ်းလျက်ရှိပြီး အရေးယူမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း စက်တင်ဘာ ၂၁ ရက်က နိုင်ငံတော်သမ္မတအိမ်တော်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ညွန်ကြားရေးမှူးချုပ် ဦးဇော်ဌေး ပြောကြားခဲ့ပြီးနောက် လောင်းကစားဆန်ဆန် ဒေါ်လာဈေးကစားနေမှုများ ရပ်တန့်သွားပြီး ဒေါ်လာငွေဈေး နှင့် အတူ ရွှေဈေး မှာလည်း ကျဆင်းလာနေသည်။

 

သို့ပါ၍ လက်ရှိအချိန်တွင် ဒေါ်လာငွေဈေးနှင့် ရွှေဈေး ကျဆင်းသွားသည့်အပေါ် နယ်ပယ် အသီးသီးရှိ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံမေးမြန်းထားသည်များကို တင်ပြလိုက် ရပါသည်။

 

 

ဦးကျော်ဝင်း (ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်အသင်း)

  
 နိုင်ငံတိုင်းမှာ ရွှေရယ်၊ ဒေါ်လာရယ်လို့တော့မဟုတ်ပါဘူး။ တခြားပစ္စည်းတွေလည်း အများကြီး ရှိပါတယ်။တချို့အပိုင်းက ဈေးတက်တာသည် သဘာဝကျကျ တက်တာရှိသလို သဘာဝမကျတဲ့ ဈေးတက်တာ တွေလည်းရှိတယ်။ သဘာဝကျတဲ့ဈေးတက်မှုကို အားလုံးက လက်ခံတယ်။ သဘာဝမကျတဲ့ ဈေးတက်မှု ကိုတော့ ခေါ်ယူဆွေးနွေးပြီး ထိန်းသိမ်းသင့်တဲ့အပိုင်းတွေကို လိုအပ်ရင် နိုင်ငံတော်အပိုင်းက လုပ်စေချင်တယ်။ တချို့အပိုင်းတွေမှာ ကောလာဟလလွင့်ပြီးတော့ ဈေးတက်အောင် လုပ်တာရှိတယ်။ ဈေးကစားတာရှိတယ်။ ရွှေတစ်ခုတည်းမဟုတ်ဘူး အားလုံးပါတယ်။ ကုန်သွယ်ရေးစစ်ကြောင့် နိုင်ငံတကာမှာ ဒေါ်လာဈေးအားကောင်း နေတာဖြစ်တယ်။ သူများနိုင်ငံက ငွေတန်ဖိုး ၃ရာခိုင်နှုန်း၊ ၅ရာခိုင်နှုန်း ကျရင် မြန်မာနိုင်ငံမှာလည်း ငွေတန်ဖိုး ၅ ရာခိုင်နှုန်း၊ ၇ ရာခိုင်နှုန်း ကျတာ သဘာဝကျတယ်။ သူများနိုင်ငံတွေက ၁ ရာခိုင်နှုန်း ငွေဈေးကျပြီး ကိုယ်နိုင်ငံက ငွေဈေးက ၂၀ ရာခိုင်နှုန်း ဖြစ်သွားတယ်ဆိုရင် သဘာဝမကျဘူး။သဘာဝမကျတဲ့ အကြောင်းကို ရှာပြီးရှင်းမယ် ဆိုရင်တော့ ပြဿနာပြေလည်သွားမှာပါ။

 

ရွှေလုပ်ငန်းရှင်အသင်းမှာလည်း အစည်းအဝေးလုပ်ပြီး သဘာဝမကျတဲ့အပိုင်းတွေကို ထိန်းထိန်း သိမ်းသိမ်းလုပ်ဖို့ မေတ္တာရပ်ခံခဲ့ပါတယ်။ အသင်းက အာဏာပိုင်အဖွဲ့အစည်းမဟုတ်တော့ အသင်းသားတွေ မလုပ်ဘူးဆိုရင် ကျွန်တော်တို့ကလည်း ဘာမှလုပ်လို့မရပါဘူး။ အဓိက နိုင်ငံတော်အာဏာပိုင် အဖွဲ့အစည်း ကလည်း လိုအပ်တဲ့ကိုင်တွယ်မှုလုပ်ဖို့လိုပါတယ်။

 

လက်ရှိရွှေဈေးကွက်မှာ ပုံမှန်ရောင်း ပုံမှန်ဝယ်တော့လုပ်နေပါတယ်။ သို့သော်လည်း အရောင်းအဝယ် လုပ်တဲ့အခါမှာ တချို့ကုန်သည်တွေက ရွှေကိုကြိုရောင်းမယ်။ ကြိုဝယ်မယ် စသဖြင့် အဲ့လိုအပိုင်းလေးတွေ ရှိတော့ အဲ့ဒီစနစ်ကလည်း ရွှေဈေးကိုတက်စေတာပေါ့။ ကြိုရောင်း ကြိုဝယ်လုပ်တဲ့အပိုင်းကလည်း အတက်အကျဖြစ်စေတယ်။ ဒုတိယတစ်ချက်က မီတာတိုးပြီး ဝယ်တာရှိတာပေါ့။ ဒါကလည်းရွှေဈေးကို အတက်အကျဖြစ်စေတယ်။ နောက်တစ်ချက်က ရက်ရွှေ့ပြီးရောင်းတာ လေနဲ့အရောင်းအဝယ်လုပ်တာ ဒါတွေကလည်း အတက်အကျဖြစ်စေတာပေါ့။ နိုင်ငံမှာဖြစ်နေတဲ့ ရွှေဈေးအတက်အကျကြမ်းတဲ့ အနေအထား ရယ် ဒေါ်လာဈေးအတက်အကျကြမ်းတဲ့ အနေအထားရယ် ဒါကိုမထိန်းနိုင်ရင် ဒီထက်ပိုဆိုး သွားမယ်။ ဖြေရှင်းနိုင်တဲ့နည်းနဲ့ဖြေရှင်းရတာပေါ့။ အသင်းအနေနဲ့လည်း ရွှေလုပ်ငန်းရှင်တွေကို ခေါ်ပြီး ဈေးတည်ငြိမ်ပြီး ကျသွားအောင် ရွှေတွေအရောင်းအဝယ်လုပ်မယ်ဆိုရင် လက်ငင်းဘဲ အရောင်း အဝယ်လုပ်ပါ။ ကြိုရောင်း ကြိုဝယ်စနစ်မလုပ်ပါနဲ့။ တစ်ပိုင်တစ်နိုင်ပဲလုပ်ပါ။ မီတာယူပြီးဝယ်တာ မလုပ်ပါနဲ့လို့ မေတ္တာရပ်ခံထားတယ်။ နိုင်ငံတော်ဘက်ကလည်း ဒေါ်လာငွေဈေးနှုန်း ထိန်းပေးမယ်ဆိုရင် နှစ်ဖက်စလုံး တစ်ပြိုင်နက်တည်း လုပ်သွားနိုင်မယ်ဆိုရင် ပြေလည်သွားမှာပါ။ 

 

လောလောလတ်လတ်မှာ ဒေါ်လာဈေးက အတက်အကျ ကြမ်းနေတဲ့အတွက် ရွှေဈေးက ပါ အတက်ကြမ်းနေတာ၊ ဒါကိုမထိန်းရင် ဒီထက်ပိုဆိုးသွားမယ့် အခြေအနေရှိတယ်။ ရွှေဈေးတက်တာ သာမန်ပြည်သူတွေကို သိပ်မထိခိုက်ပေမယ့် ဒေါ်လာဈေးကတော့ အခြေခံကုန်ဈေးနှုန်းကို ထိခိုက်နိုင်တဲ့ အတွက် ပြည်သူတွေကို ထိခိုက်နိုင်တယ်။

 

 
OSSC ရုံးဖွင့်တော့ ရွှေတွေ ပြည်ပပို့မှာမို့ ပြည်တွင်းမှာ ရွှေတွေရှားသွားပြီး ရွှေဈေးတက်မယ် စသဖြင့် ပြောနေတာတွေရှိတယ်၊ တကယ်တော့မဟုတ်ပါဘူး၊ အတိုင်းအတာ သတ်မှတ်ချက်နဲ့ မူဝါဒချမှတ်ပြီး ပို့မှာဖြစ်တဲ့အတွက် အထိန်းအကွပ်မဲ့ လုပ်ချင်သလို လုပ်လို့မရပါဘူး၊ သတင်းစာ၊ မီဒီယာတွေမှာ ကန့်ကွက်တယ်လို့ကြားတယ်၊ ပွင့်လင်းမြင်သာစွာ လုပ်ဆောင်ခဲ့တာပါ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ပြောသလိုပါပဲ။ ကြိုးနီစနစ်နဲ့ လုပ်ဖို့မဟုတ်သလို  ဘယ်သူမှ လက်ဝါးကြီးအုပ်ထားတာမရှိပါဘူး''

 

 

 

ဒေါက်တာစိုးထွန်း (ဥက္ကဋ္ဌ၊မြန်မာနိုင်ငံမော်တော်ယာဉ်တင်သွင်းထုတ်လုပ်ဖြန့်ချိရောင်းချသူများအသင်း)

ဒေါ်လာဈေးက လက်ရှိမှာ ကျတာတော့မဟုတ်ဘူး။ ဈေးကွက်ရပ်နေတာ။ အရောင်းအဝယ် ဈေးကွက်မှာ လက်လီနဲ့လက်ကား ဈေးကွက်နှစ်ခုရှိတယ်။ Money Changer နဲ့ ဘဏ်တွေမှာတော့ ဝယ်ဈေးနဲ့ရောင်းဈေး ကွာထားတယ်။ ဝယ်ဈေးရောင်းဈေးက အရင်တုန်းက ၂ ကျပ်လောက်ပဲ ကွာတယ်။ အခု ဝယ်ဈေးရောင်းဈေးက ၅၀ ကျပ်လောက်ကွာတယ်။ အဲ့ပုံစံဖြစ်နေတယ်။ ဒေါ်လာကဝယ်ချင်တိုင်းဝယ်မရတော့ အရောင်းအဝယ်က တန့်နေတယ်။ စစ်ဆေးမှုတွေလုပ်နေတော့ အလုပ်မလုပ်ကြဘူး။ တရားဝင်ဈေးကွက် ရပ်တည်နိုင်ရင် ကောင်းတာပေါ့။ အခုက တရားဝင်ဈေးကွက်တစ်ခုတည်းမှာ မရပ်တည်နိုင်ဘူး။ ငွေက Importနဲ့ Export မှာ Import က များပြီး Export က နည်းတယ်။ ဘဏ်တွေမှာလည်း ဒေါ်လာလိုသလောက် မရောင်းနိုင်ဘူး။ Export လုပ်တဲ့ ကုမ္ပဏီတွေကလည်း အဲ့လောက်အများကြီးမရှိတဲ့အခါကျတော့ တရားမဝင် ဈေးကွက်ရပ်သွားရင် ဒေါ်လာရှားပြီး  ပြန်တောင်ဈေးတက်သွားနိုင်တဲ့ အနေအထားရှိတယ်။ လက်ရှိမဖြစ်မနေ ဝယ်မယ်ဆိုရင်တောင် ၁၆၀ဝ နဲ့ ဝယ်လို့မရဘူးဖြစ်နေတယ်။ 

 

ကုန်သည်စက်မှုအသင်းချုပ်ဘက်ကရော ကျွန်တော်တို့အသင်းဘက်ကရော အကြံပြုထားတာရှိတယ်။ တရားမဝင်ဈေးကွက်ကို အခုမျိုးလုပ်တာမျိုးနဲ့ လုံလောက်တာမဟုတ်ဘူး။ တရားဝင်ဖြစ်လာအောင် ဆောင်ရွက် ဖို့ ငွေလွှဲတဲ့လုပ်ငန်းတွေ တရားဝင်ဖြစ်အောင် လုပ်ငန်းလိုင်စင်တွေ ထုတ်ပေးဖို့လိုပါတယ်။ မူဆယ်ဘက်မှာ လည်း နိုင်ငံခြားဘဏ်တွေကို လုပ်ပိုင်ခွင့်ပေးဖို့ ယွမ်ငွေနဲ့တရားဝင်ပေးချေခွင့်ပြုဖို့ တင်ပြထားတယ်။ ဒါမှ ငွေကြေးစီးဆင်းမှုမြန်ဆန်လာမယ်။ ပို့ကုန်ကိုလည်းအားပေးဖို့လိုမယ်။

 

ရွှေဆိုရင်လည်း အရင်တုန်းက တရားမဝင်ခိုးသွားကြတယ်။အခု တရားဝင်ဖြစ်လာတဲ့အတွက် ကောင်းတယ်။ တရားဝင်လမ်းကြောင်းကသွားတော့ အစိုးရလည်း အခွန်အခရမယ်။ တစ်ဖက်မှာလည်း အဝင်အထွက်ကို သေချာသိနိုင်တယ်။ တရားဝင်လုပ်ငန်းမှန်သမျှကိုကြိုဆိုပါတယ်။

 

 

လက်ရှိကတော့ ဒေါ်လာဈေးတက်တာကတော့ ကုန်သွယ်ရေးစစ်ကြောင့် ဖြစ်တာပေါ့။ ကျွန်တော်တို့ နိုင်ငံနဲ့တော့ အရမ်းကြီးမဆိုင်ဘူးပေါ့။ ဒါပေမယ်လည်း အမေရိကန်ဒေါ်လာက ကမ္ဘာသုံးငွေကြေးဆိုတော့ တစ်ကမ္ဘာလုံးကို ထိခိုက်တာပေါ့။ ထိခိုက်သော်လည်း နိုင်ငံတိုင်းလိုလိုက ဒေါ်လာဈေးတက်တယ်။ ကျွန်တော်တို့နိုင်ငံကတော့ သူများထက်ပိုတက်တယ်ဆိုတာကတော့ တချို့ကဈေးကစားတာပေါ့။ အစိုးရ ဘက်ကလည်း တော်တော်လေးကြပ်မတ်တဲ့ သဘောရှိလာတဲ့အခါကျတော့ နည်းနည်းတော့ ပြန်ကျသွား တယ်။ အခုလောလောဆယ်ကတော့ ကုန်သွယ်ရေးစစ်ကလည်း ပြီးအုန်းမှာမဟုတ်သေးဘူး။ မပြီးတဲ့ အခါကျတော့ ကျတယ်ဆိုပေမယ် သိပ်တော့ကျသွားမှာမဟုတ်ဘူး။ အတက်ဘက်မှာပဲရှိအုံးမှာ။ တက်ဈေးရှိ တယ် ဆိုတော့ ဒီအခြေအနေမှာ ကိုယ်နိုင်ငံရဲ့စီးပွားရေး ဘယ်လိုဆက်ပြီး ထိန်းမလဲပေါ့။ ဒီအချိန်မှာ အကောင်းဆုံးကတော့ ပို့ကုန်ဖွံ့ဖြိုးမှုကို အကောင်းဆုံးလုပ်ရမယ်။ ပို့ကုန်ဖွံ့ဖြိုးမှုဆိုတာ အရေအတွက်တိုး တက်တာတင်မဟုတ်ဘူး။ အရည်အသွေးပါ တိုးတက်ဖို့လိုတယ်။ အဲ့ဒီမှာ တန်ဖိုးမြင့်ထုတ်ကုန်တွေထုတ်ပြီး ပို့နိုင်အောင် လုပ်ဖို့လည်းလို့တယ်။ လောလောဆယ် ဒေါ်လာဈေးတက်တဲ့ဟာ မြန်မာငွေပျော့တာမကောင်းဘူး။ ပို့ကုန်ဖွံ့ဖြိုးအောင် ပီပီပြင်ပြင် တွန်းတွန်းတိုက်တိုက် လုပ်ဖို့လိုတယ်။ ပြောချင်တာကတော့ ဒီအချိန်မှာ ပို့ကုန်နဲ့ဆက်စပ်နေတဲ့ စက်မှုလုပ်ငန်းတွေ တန်ဖိုးမြင့်ထုတ်ကုန်ထုတ်တဲ့လုပ်ငန်းတွေ လုပ်ချင်အောင် ဥပဒေကြောင်းအရ ပံ့ပိုးပေးရမယ်။ တခြားပံ့ပိုးမှုတွေလုပ်ပေးရမယ်။ အဲ့လိုလုပ်လိုက်မယ်ဆိုရင် အခုဖြစ်နေတဲ့ ဒေါ်လာဈေး တကယ်သာလုပ်တက်ကိုင်တက်မယ်ဆိုရင် အခက်အခဲတွေကို ကျော်လွှားနိုင်မှာပါ။

 

အခု ဘဏ်တွေမှာ ဒေါ်လာ ရောင်းဈေး ဝယ်ဈေး ကွာဟမှုကလည်း မဖြစ်သင့်ဘူး။အဲ့ဒါကလည်း ဗဟိုဘဏ်နဲ့ဆိုင်တယ်။ အခုဘဏ်တော်တော်များများက ဒေါ်လာရောင်းချင်ရင် ရောင်းလို့ရတယ်။ ဝယ်မယ်ဆိုမရောင်းတော့ဘူး။ ဘဏ်တွေအနေနဲ့ အဲ့ဒါမဖြစ်သင့်ဘူး။ အဝင်အထွက်ဆိုတာ  ဝင်တာရှိရင် ထွက်တာလဲရှိရမယ်။ ဗဟိုဘဏ်က ကြီးကြပ်ရမယ်လို့မြင်တယ်။ ဈေးကွာတယ်ဆိုတာ သူအမြတ်ဖန်တီးတာဘဲ။ အောက်ခြေမှာဖြစ်နေတာကို ဗဟိုဘဏ်နဲ့ သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းတွေက ပြန်ကြီးကြပ်ဖို့တော့ လိုတယ်။ ဗဟိုဘဏ်က သူတို့ထုတ်ရောင်းတဲ့ ဈေးသူတို့သိပြီးသားပဲ။ ကြီးကြပ်ရမှာသူတို့ တာဝန်ပေါ့။

 

 

 

ဒေါက်တာဇေယျာညွန့်(အမှုဆောင်အရာရှိချုပ်၊ အသေးစားနှင့် အလတ်စားစက်မှုလုပ်ငန်းဖွံ့ဖြိုးရေးဘဏ်)

လက်ရှိကတော့ ဒေါ်လာဈေးကတက်နေတယ်ပေါ့။ ပုံမှန်ထက် ဝယ်အားမရှိဘဲနဲ့ တက်နေတာပေါ့။ ပုံမှန် ဝယ်အားမရှိဘဲ တက်နေတာဆိုတော့ အပြင်မှာတစ်ကယ်တမ်း ပို့ကုန်သွင်းကုန်လုပ်တဲ့ ငွေမတက်ဘဲနဲ့ ဒေါ်လာဈေးကတက်နေတယ်။ ဒေါ်လာဈေးတက်နေတဲ့အတွက်ကြောင့်မို့လို့ လေပတ်ကားတွေကြောင့် အချိန်နဲ့ တစ်ပြေးညီ ဈေးကခုန်နေတယ်။ နိုင်ငံတကာမှာတော့  ဒီလိုမတက်ဘူး။ အိမ်နီးချင်း နိုင်ငံတွေမှာလည်း ဒီလိုတက်တာ ထုံးစံမရှိဘူး။ ကွာဟနှုန်းကလည်း ကျွန်တော်တို့တစ်နိုင်ငံတည်း ဟနေတယ်။ အဲ့ဒါတွေကလည်း အရေးယူသင့်တယ်။ တစ်ကယ်တမ်း နယ်စပ်တွေမှာသွားနေတဲ့ ဒေါ်လာကိုင်သုံးနေတဲ့သူတွေကိုလည်း အရေးယူသင့်တယ်။ အဲ့ဒါမှသာ ဒေါ်လာဈေးပြန်ကျသွားနိုင်တယ်။

 

လက်ရှိအရေးယူတယ်ဆိုတာကလည်း ဆေးမြီတိုနဲ့ကုတာပေါ့။ တစ်ကယ်တမ်းစီးပွားရေးအရ ရိုက်ခတ်နေတဲ့ အထူးသဖြင့် အိမ်နီးချင်း တရုတ်နိုင်ငံပေါ့။ တရုတ်နိုင်ငံကိုကုန်ဝယ်တယ်။ ကုန်ဝယ်တဲ့ အခါကျတော့ ဒေါ်လာနဲ့ပဲသွားဝယ်ကြတယ်။ တစ်ကယ်တော့ ဘဏ်တွေနဲ့ချိတ်ဆက်ပြီးလုပ်ရမှာ။ ဘဏ်တွေမှာသုံးတဲ့ငွေက ဘယ်လောက်သုံးသွားတယ်ဆိုတာ ဘယ်လောက်ဝင်လာတယ်ဆိုတာ အစိုးရက သိမှာ။ သိလာမှ ဒါကိုဖြေရှင်းလို့ရမှာ။ အခုက ဝယ်ရောင်းသမားတွေက ဒေါ်လာယူလာတယ်။ ဟိုဘက်ရောင်း တယ်။ ဟိုဘက်ကတရားမဝင် ပစ္စည်းတွေသယ်လာ။ ဒါတွေကြောင့် ဖြစ်နေတာပေါ့။ အဓိက တရုတ်ဆိုရင်လည်း တရုတ်နဲ့မြန်မာနဲ့  ယွမ်နဲ့မြန်မာငွေ တရားဝင်သုံးနိုင်အောင် နိုင်ငံတော်အစိုးရကနေ ကြီးကြပ်ပြီးတော့ လုပ်ပေးသင့်တယ်။ တရားဝင်ကုန်သွယ်မှုရအောင် တရားဝင်တရုတ်ငွေကို ကုန်သွယ်မှု လုပ်တဲ့အခါ တရားဝင်သုံး စွဲနိုင်အောင် လုပ်ပေးဖို့လို့တယ်။ အဲ့ဒါဆိုအဆင်ပြေသွားမယ်။ ဒေါ်လာပြဿနာ လည်း ပြေလည်သွားမယ်။

 

 

ဒေါက်တာဝင်းမြင့်(အတွင်းရေးမှူး၊ မြန်မာနိုင်ငံစက်သုံးဆီအသင်း)

ဟိုရက်ကတော့ စစ်ဆေးမှုလေးတွေ လုပ်နေတယ်ကြားတယ်။ အဲ့ဒါကြောင့် ဒေါ်လာဈေး ပြန်ငြိမ်သွား တယ်။ လတ်တလောတော့ သက်ရောက်မှုကောင်းတယ် ပြောရမှာပေါ့။ ဒါပေမယ် ဥပဒေအတိုင်း ဆောင်ရွက်ရင် ပိုကောင်းမှာပေါ့။ ဥပဒေရှိရမှာပေါ့။ ဘာကြောင့်ဖြစ်တယ်ဆိုတာ ဒေါ်လာသည်ဈေးနှုန်းကစားတဲ့ ဒေါ်လာဈေးနှုန်းကို ဖန်တီးတဲ့အုပ်စုရှိတာပေါ့။ အဖွဲ့ရှိတယ်။ 

 

ပြန်ကြည့်မယ်ဆိုရင် ဒေါ်လာဆိုတာက ကုန်ပစ္စည်းတစ်ခုလိုဖြစ်နေတယ်။ ကျန်တဲ့ပစ္စည်းတွေနဲ့မတူဘူး။ ထူးခြားတာက သက်ရောက်မှုက တစ်နိုင်ငံလုံးရဲ့  စီးပွားရေးကို သွားသက်ရောက်နေတယ်။ သက်ရောက်တော့ လွတ်လပ်တယ်၊ လွတ်လပ်တယ်ဆိုတာက အရာရာတိုင်းတော့ မကောင်းဘူးလို့မြင်တယ်။ ရောင်းဝယ်၊ ဖောက်ကားမှုပြုတဲ့နေရာမှာတော့ လွတ်လပ်ခြင်းဆိုတာကောင်းတယ်။ ဒါပေမယ် တချို့ ကိစ္စရပ်တွေမှာတော့ လွတ်လပ်လို့ မကောင်းဘူး။ အထူးသဖြင့် ဒေါ်လာကတော့ လွတ်လပ်စွာ ဈေးကွက်ကြီးက ဖြစ်တယ်ဆိုတာ စကားလုံးလေးက ကောင်းတယ်။ သို့သော်လည်းဘဲ အဲ့လိုထားလို့ရတဲ့ ပစ္စည်းမျိုးတော့ မဟုတ်ဘူးလို့မြင်တယ်။

 

နိုင်ငံတကာမှာလည်း ငွေကြေးမူဝါဒ ငွေကြေးတည်ငြိမ်မှုက အရေးကြီးတယ်။ငွေကြေးမူဝါဒ ငွေကြေး တည်ငြိမ်မှုမရှိရင် အဲ့ဒီနိုင်ငံတွေရဲ့ စီးပွားရေးမတည်ငြိမ်မှုဖြစ်တာပေါ့။ လွန်ခဲ့တဲ့ခုနှစ်နှစ်က ထိုင်းနိုင်ငံဆိုရင်ရင် ငွေကြေးတည်ငြိမ်မှုမရှိခဲ့လို့ စီးပွားရေးကမောက်ကမဖြစ်ခဲ့တဲ့ နမူနာတွေရှိခဲ့တယ်။ ဒေါ်လာကို ဗဟိုဘဏ်က ထိန်းကျောင်းပြီးတော့ ဆောင်ရွက်တဲ့ဈေးကွက်နဲ့ ဖြစ်သင့်တယ်လို့မြင်တယ်။

 

ရွှေလုပ်ငန်းနဲ့ပတ်သက်ရင်လည်း သတ္တုတူးဖော်ရေးကလုပ်နေတာကြာပြီ။ အမြဲတမ်းလည်း ကျွန်တော်တို့နိုင်ငံက ရွှေတွေကအများကြီးထွက်နေပါတယ်။ အဲ့ဒီရွှေတွေကလည်း အိမ်နီးချင်းနိုင်ငံတွေကို ရောင်းစားနေတာဘဲ။ ဒီငွေတွေကလည်း တရားဝင်လမ်းကြောင်းပေါ်မှာ မရှိဘူး။ မရှိတဲ့အခါကျတော့ အဲ့ဒီကရတဲ့ ငွေတွေကလည်း တစ်ကယ်တမ်းတော့ အတိုင်းအတာတစ်ခုထိ နည်းမှာမဟုတ်ဘူး။ တရားဝင် ရောင်းချခွင့် မပြုခဲ့တဲ့အခါကျတော့ ကုန်သွယ်မှုမညီမျှမှုဖြစ်တာပေါ့။ 

 

မကြာခင်ကတော့ ရွှေနဲ့ပတ်သက်ပြီး One Stop Service ဖွင့်တယ်ဆိုတော့ ဝမ်းသာစရာသတင်းပါပဲ။ တရားဝင်သွားလို့ရပြီဆိုရင် ငွေတွေကလည်း တရားဝင်လမ်းကြောင်းပေါ် ရောက်လာပြီဆိုရင် တရားမဝင် ရောင်းဝယ်မှုတွေ အထူးသဖြင့် မဂိုလမ်းမှာ ဒီရောင်းတဲ့ရွှေတွေ ဒေါ်လာဈေးကွက်ဆိုတာ ဒီဘက်ကပဲ လာတာဘဲ။ အဲ့ဒီကနေအခြေပြုပြီး အဲ့ဒီကနေ ဈေးနှုန်းအရောင်းအဝယ် လုပ်တဲ့အခါကျတော့ ကုန်သည်ဆိုတာ ကတော့ ကိုယ်လက်ထဲရှိတဲ့ပစ္စည်းကို ဈေးရအောင်ရောင်းကြတာပေါ့။ ကျန်တာတွေ တိုင်းပြည်မှာဘာဖြစ်မယ် ညာဖြစ်မယ်ဆိုတာ သူတို့မတွက်တော့ဘူး။