နေပြည်တော် ၂၆ မတ်
ငွေရေးကြေးရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှုတွင် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် မိတ်ဖက်နိုင်ငံများက ပံ့ပိုးပေးလျက်ရှိသည့် နည်းပညာနှင့် သင်တန်းများကို ထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် ငွေရေးကြေးရေးကဏ္ဍဆိုင်ရာ နည်းပညာအကူအညီ ပူးပေါင်းဆောင်ရွက်ရေးကော်မတီ (Conference of the Committee for the Coordination of Financial Sector Technical Assistance to Myanmar - COFTAM) သတ္တမအကြိမ် ညီလာခံကို ယနေ့နံနက် ၉ နာရီ ၁၅ မိနစ်တွင် နေပြည်တော်ရှိ Hilton Hotel ၌ ကျင်းပသည်။
ညီလာခံတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးစိုးသိန်းနှင့် အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ ငွေကြေးနှင့် အရင်းအနှီးဈေးကွက်ဌာနမှ Division Chief Mr. Simon Gray တို့က ပူးတွဲသဘာပတိများအဖြစ် ဆောင်ရွက်ကြပြီး အမှာစကားပြောကြားကြသည်။
အဆိုပါ ညီလာခံတွင် မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်မည့် ငွေရေးကြေးရေးကဏ္ဍ၏ တိုးတက်မှုများ၊ လက်ရှိစိန်ခေါ်မှုများနှင့် စိန်ခေါ်မှုများကို ဖြေရှင်းပေးနိုင်မည့် နည်းပညာအကူအညီပေးရေးဆိုင်ရာ လုပ်ငန်းစီမံချက်များကို အသေးစိတ်ဆွေးနွေးကြသည်။
အလားတူ ယမန်နေ့က အကြိုတွေ့ဆုံ ညှိနှိုင်းမှုအနေဖြင့် လုပ်ငန်းကော်မတီ အဖွဲ့(၈)ခုမှအဖွဲ့အလိုက် သီးခြားတွေ့ဆုံ၍ နည်းပညာအကူအညီများနှင့် သင်တန်းများကို သုံးသပ်ခြင်း၊ အနာဂတ်လုပ်ငန်းများအတွက် ဦးစားပေးအစီအစဉ်များသတ်မှတ်ခြင်း၊ အခြေခံကောင်းများ ဖြည့်ဆည်းပေးနိုင်ရန် ပူးပေါင်းဆောင်ရွက်မှု နယ်ပယ်သတ်မှတ်ခြင်း၊ ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများမှ ဖြည့်ဆည်းပေးမည့် စီမံကိန်းများကို အစီအစဉ်ချမှတ်ခြင်းနှင့် စီမံကိန်းပါ အကြောင်းအရာများကို ပုံမှန်သုံးသပ်ပြင်ဆင်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
ယင်းလုပ်ငန်းကော်မတီများ၏ ဆွေးနွေးချက်များကို ယနေ့ကျင်းပသည့် ညီလာခံတွင် လုပ်ငန်းအဖွဲ့များအလိုက် တင်ပြမှုများပြုလုပ်ခဲ့ပြီး တက်ရောက်သူများက ဆွေးနွေးအတည်ပြုကြသည်။
(သတင်းစဉ်)


