သိန်းထွန်း(IR)

 

လူ့ဘုံလောက ပြုမူကျင့်ကြံနေထိုင်သည့်နည်း ဆိုသည်ကလူ့တစ်ဦးချင်း၏ဘဝအဓိပ္ပာယ်ဟု ဆိုရပေမည်။ လူတစ်ဦးချင်းစီသည် မိမိတို့ဆန္ဒသဘောအလိုက် မိမိဘဝအဓိပ္ပာယ်နှင့် မိမိဘဝနေနည်းများကို ရွေးချယ်နေထိုင်ကြ သည်ဖြစ်ရာ မည်သို့မည်ပုံ ဘဝကိုဖြတ်ကျော်ကြမည်ဆိုသည်က မိမိအတွက် အရေးပါနေပါသည်။ ထို့နည်းတူစွာပင် အပြန်အလှန် အမှီသဟဲပြုနေထိုင်ကြသော လူမှုဝန်းကျင်အတွက်လည်း လွန်စွာအရေးကြီးပါ၏။

 

မွေးဖွားခြင်းမှ ဘဝ၏နိဂုံး

မိမိတို့၏ဘဝအစ မွေးဖွားခြင်းမှဘဝ၏နိဂုံး သေဆုံးခြင်းအကြား ဖြတ်သန်းခဲ့ကြရသည့်ကာလများကို သမင်လည်ပြန် ပြန်လည်သုံးသပ်ကြမည်ဆိုလျှင် ရုပ်ရှင်ကြည့်ရသကဲ့သို့ မျိုးစုံကွဲပြားသော အနိမ့်အမြင့်၊ အတက်အကျ၊ အလှုပ်အရမ်းဝမ်းသာဝမ်းနည်းတို့နှင့် ဘဝတစ်ခု ဖြတ်သန်းမှုကို မုချတွေ့ကြရပေလိမ့်မည်။ ကောင်းသည်များလည်း ရှိနေပါမည်။ ဆိုးသည်များလည်း ရှိနေပါမည်။

 

ကောင်းမှုပြုခဲ့သည်များလည်း ရှိနေပါမည်။ မကောင်းမှုပြုခဲ့သည်များလည်း ရှိနေနိုင်ပေ၏။ တစ်ဦးနှင့်တစ်ဦး၏ ဘဝဖြတ်သန်းခဲ့ရမှု၊ မိမိ၏လက်ရှိဘဝအပေါ် လက်ခံနိုင်မှု၊ ပုံဖော်ဖန်တီးမှုတို့သည် ထပ်တူညီကြမည်မဟုတ်။ အသိဉာဏ်ပညာရင့်ကျက်မှု၊ သုံးသပ်ဆန်းစစ်နိုင်မှု၊ ကျင့်ကြံအားထုတ်နိုင်မှုတို့အလိုက် ကွဲပြားနိုင်ပါ၏။

 

ထိုမတူညီကြသော ဘဝနေနည်းအမျိုးမျိုးဖြင့် လောကီဘုံသား ဆုံလည်နွားပမာ လူ့ဘဝတွင် ကြုံတွေ့ ကြရသော အကောင်းအဆိုး လောကဓံတရား ၈ ပါးဖြင့် သံသရာခရီးကို မည်မျှဆက်ကြရဦးမည် ဆိုသည်က မည်သူမှ မသိနိုင်။ ပစ္စုပ္ပန်အရှိတရားသည်သာလျှင် မိမိလက်ဝယ်ပိုင်ပိုင် ဆုပ်ကိုင်နိုင်သည်က လက်တွေ့ တရားပင် မဟုတ်ပါလား။ သို့ဆိုလျှင် လက်ရှိပစ္စုပ္ပန် ကာလကို မည်သို့ဖြတ်ကျော်ကြမည်နည်း။ အနာဂတ်ကို မည်ကဲ့သို့ ပုံဖော်ကြမည်နည်း။  သံသရာခရီးကို မည်သို့လျှောက်လှမ်းကြမည်နည်း။ ယင်းပုံဖော်ဖန်တီးမှုများသည်က မိမိနှင့် မိမိပတ်ဝန်းကျင်အပေါ် ကောင်းကျိုး၊ ဆိုးကျိုးများ သက်ရောက်စေသည်ကတော့ အမှန်ပင်။

 

စိတ်၏ကြိုးဆွဲရာ

စိတ်၏ကြိုးဆွဲရာ လိုက်ပါနေရသောရုပ်တို့သည် ကောင်းမှုကိုလည်း ဖန်တီးနိုင်ပါ၏။ မကောင်းမှုကိုလည်း ဖန်တီးနိုင်ပါ၏။ ချစ်စေသည်မှာလည်း ဤရုပ် ဤစိတ် ပင်။ မုန်းစေသည်မှာလည်း ဤရုပ် ဤစိတ်ပင်မဟုတ် ပါလား။ ဤသည်တို့ကို အသိတရား၊ သတိတရားနှင့် ဆင်ခြင်ကြခြင်းဖြင့် မိမိကောင်းကျိုး၊ လောကကောင်း ကျိုးကို ဖန်တီးနိုင်ပါလိမ့်မည်။ သတိပဋ္ဌာန်တရားသည် မိမိ၏ရုပ်ခန္ဓာနှင့် စိတ်တို့ကိုသတိတရားလက်ကိုင်ထား၍ ဉာဏ်ဖြင့် ဆင်ခြင်ခြင်းဟု နားလည်လက်ခံထားပါ၏။ တစ်နည်းအားဖြင့် မိမိ၏ဘဝလမ်းကြောင်းကို မိမိကိုယ်တိုင် ဉာဏ်ဖြင့်ယှဉ်၍ သိနေခြင်းပင်ဖြစ်ပါ၏။ အာနာပါန ထွက်လေဝင်လေ ကမ္မဋ္ဌာန်းအလုပ်ကို မိမိနှာသီးဖျားဝတွင် အာရုံစိုက်၍ ထွက်လေ၀င်လေကို အသိမြဲနေသကဲ့သို့ မိမိ၏ဘဝရပ်တည်ချက်ကိုလည်းသိရန် လိုအပ်ပေလိမ့်မည်။ မိမိကိုယ်ကို သိခြင်းအားဖြင့် မိမိကိုယ်မိမိ ပြုပြင်နိုင်ပေလိမ့်မည်။ မည်သူမဆို မိမိ၏ ကိုယ်မှု၊ နှုတ်မှု၊ စိတ်မှုတို့ကို ကောင်းသည်ထက်ကောင်းအောင် အစဉ်ပြုပြင်နေသင့်သည်။ သေသည်အထိ အမြဲပြုပြင်နေရမည်ဟု မဟာဂန္ဓာရုံ ဆရာတော် အရှင်ဇနကာဘိဝံသက ဆုံးမတော်မူခဲ့ပါသည်။

 

လူသတ္တဝါတို့၌ မေတ္တာ၊ ကရုဏာ၊ မုဒိတာ ဟူသော ဗြဟ္မစိုရ်တရားများ ကွယ်ပျောက်၍ လူမိုက်တရားများ မလွှမ်းမိုးနိုင်ရန်ဆိုသည်က မိမိကိုယ်တိုင်အပါအဝင် တစ်ဦးချင်းစီက လိုက်နာကျင့်ကြံကြခြင်းဖြင့် ငြိမ်းအေး သောဘဝ၊ သာယာသောလောကကို တည်ဆောက်နိုင်ပေလိမ့်မည်။ အသက်ရှင်စဉ်ကာလအတောအတွင်း ဗြဟ္မစိုရ် တရားများလက်ကိုင်ထား၍ တန်ဖိုးရှိသော၊ အနှစ်သာရပြည့်ဝသော ကျင့်ကြံနေထိုင်နည်းသည်သာ ပစ္စုပ္ပန်အတွက် ရော သံသရာအတွက်ပါ အကျိုးဖြစ်ထွန်းစေနိုင် ပါလိမ့်မည်။

 

မတည်မြဲသော အနိစ္စလောကတွင် ယောက်ျားမိန်းမ၊ သူငါတို့သည် ပညတ်သဘောတို့ပင် ဖြစ်ပေသည်။ တစ်ချိန်ချိန်တွင် ထိုပညတ်တို့ ပျက်စီးကြရမည်မှာလည်း လောကနိယာမသဘောပင် ဖြစ်၏။ မိမိ၏ ဘဝကိုယ်ပင် မိမိမပိုင်သော အနိစ္စဓမ္မတို့တွင် မြစ်အတွင်းမှ ပင်လယ် အတွင်းသို့ မျောလာသည့် ဆင်သေကောင်ပေါ်မှ ကျီးမိုက် ပမာမဖြစ်ရန် လိုအပ်လှပေ၏။ လူ့ဘဝတစ်လျှောက်တွင် စည်းစိမ်၊ ငွေကြေး၊ ရာထူး၊ ဂုဏ်၊ ထင်ပေါ်ကျော်ကြားမှု၊ ပစ္စည်းဥစ္စာပြည့်စုံမှု စသည့်လောကစည်းစိမ်များ လိုအပ်နိုင်ပါသည်။ သို့သော် လွန်ကျူးသော လောဘတို့ဖြင့် မတည် မြဲသောတရားတို့အပေါ်တွင် မှီတွယ်တတ်ကြသည်ကို ဆင်ခြင်သင့်လှသည်။

 

အကုသိုလ်စေတသိက် ၁၄ ပါး

ထို လောဘ၊ ဒေါသ၊ မာန်မာန၊ ဣဿာ မစ္ဆရိယတို့ အပါအဝင် အကုသိုလ်စေတသိက် ၁၄ ပါး၏ ကြိုးဆွဲရာနောက် ကောက်ကောက်ပါအောင်လိုက်ပါရင်း လှုပ်လေမြုပ်လေ ဘဝများမဖြစ်ရန် လိုပါသည်။ အပူသောကများကို ဖန်တီးကြသည်မှာ လူသားများပင် ဖြစ်သည်။ အေးချမ်းခြင်းကို ဖန်တီးကြသူများမှာလည်း လူသားများပင်ဖြစ်သည်။ ထို့အတူ ငြိမ်းချမ်းရေးကို ဖန်တီးကြသည်မှာ လူသားဖြစ် သကဲ့သို့ စစ်ပွဲများကို ဖန်တီးကြသူများမှာ လူသားများပင် ဖြစ်ကြပါသည်။ သို့ဆိုပါလျှင် လူသားတို့သည် မည်သူ့အတွက် ငြိမ်းချမ်းရေးဖန်တီးကြ၍ မည်သူ့အတွက် စစ်ပွဲများ ဖန်တီးကြပါသနည်း။ စစ်ပွဲဖန်တီးသူတို့၏ ဘဝခံယူချက်၊ အမြင်နှင့်လျှောက်လှမ်းမှုတို့သည်ငြိမ်းချမ်းရေးဖန်တီး သူတို့၏ ဘဝခံယူချက်၊ အမြင်နှင့် တည်ဆောက်မှုပုံစံတို့ မည်သို့မျှတူညီနိုင်မည် မဟုတ်။ တွေ့ရာကြုံရာကိစ္စ၌ သင့်တင့်အောင် နှလုံးသွင်းလေ့ရှိမှု ယောနိသော မနသိကာရမရှိလျှင် အဘယ်သို့ငြိမ်းချမ်းကြမည်နည်း။ မိမိ၏သန္တာန် အတွင်း မငြိမ်းချမ်းနိုင်သကဲ့သို့ မိမိဝန်းကျင်ကိုလည်း ငြိမ်းချမ်းစေမည် မဟုတ်ချေ။ သို့ဆိုပါလျှင် လူ့ဘုံလောက အတွင်း ကျင်လည်သူများအကြား ငြိမ်းအေးရန်ဆိုပါက မေတ္တာတရားနှင့် အမုန်းတရားမည်သည်ကို ရွေးချယ်ကြ မည်နည်း။

 

ဒီဃာဝုဝတ္ထု

ချစ်စကိုရှည်စေ၊ မုန်းစကိုတိုစေနှင့် ပတ်သက်၍ မြတ်စွာ ဘုရားရှင်က ဒီဃာဝုဝတ္ထုကို ဟောကြားတော်မူခဲ့ ပါသည်။ အကျဉ်းအားဖြင့် ဖော်ပြလိုပါသည်။ ရှေးအခါက ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သော ကာသိမင်းသည် အင်အားကြီးသဖြင့် အင်အားငယ်သော ဒီသီတိအမည်ရှိ ကောသလမင်း၏ နိုင်ငံကို တိုက်ခိုက်သိမ်းပိုက်၍ ကောသလ မင်းနှင့် မိဖုရားကြီးကို အဆုံးစီရင်ခဲ့သည်။

 

ကောသလမင်းသည် ထွက်ပြေးတိမ်းရှောင်နေစဉ်အတွင်း ဒီဃာဝု အမည်တွင်သော သားတစ်ယောက်ကျန်ရှိခဲ့သည်။ ဒီဃာဝုသည် မိဘနှစ်ပါးအဆုံးစီရင်ခံရသည်ကို ကိုယ်တိုင် မြင်တွေ့ခဲ့ရသည်။ ထို့ကြောင့် မိမိ၏ မိဘနှစ်ပါးကို အဆုံးစီရင်၍ နိုင်ငံကို သိမ်းပိုက်ခဲ့သော ကာသိမင်းကို လက်စားချေရန် ကြိုးစားလေသည်။

 

ဒီဃာဝုသည် လက်စားချေလိုစိတ်ဖြင့် ကာသိမင်းထံ အနီးကပ်အခစားဝင်နိုင်ရန် ကြိုးစားရာမှ ကာသိမင်း၏ အနီးသို့ရောက်ရှိလာခဲ့ပါသည်။ တစ်ရက်တွင် ကာသိမင်းတောကစားထွက်ရာသို့ ဒီဃာဝုလိုက်ပါလာရာ ဒီဃာဝုက ကာသိမင်းအား နောက်လိုက်နောက်ပါများနှင့် ခွဲထုတ်လာခဲ့လေသည်။ နောက်လိုက်များနှင့် ကွဲကွာပြီး ပင်ပန်းလာသော ကာသိမင်းသည် ဒီဃာဝုမင်းသား၏ ရင်ခွင်ထက်၌ ဦးခေါင်းကို ချ၍အိပ်လေ၏။ ဒီဃာဝုမင်းသား သည် ငါတို့အပေါ် များစွာသောအကျိုးမဲ့ကို ပြုလုပ်ခဲ့သူဘုရင် ဗြဟ္မဒတ်မင်းအား လက်စားချေရန် သုံးကြိမ်တိုင်တိုင် ကြိုးပမ်းလေသည်။ ထိုသို့ကြိုးစားသည့် အကြိမ်တိုင်းတွင် ခမည်းတော် မင်းတရားမသေဆုံးခင်က မိမိအား မြွက်ညွှန်းမိန့်ဆိုခဲ့သည့် ချစ်သား ဒီဃာဝု....သင်သည် အရှည်ကိုလည်း မကြည့်လင့်၊ အတိုကိုလည်း မကြည့်လင့်။

 

ချစ်သား ဒီဃာဝု ... ရန်တုံ့မူသဖြင့် ရန်တို့သည် မငြိမ်းနိုင်ကုန်။

ချစ်သား ဒီဃာဝု .... ရန်တုံ့မမူမှသာ ရန်တို့သည် ငြိမ်းကုန်၏ဆိုသော ရန်ငြိမ်းကြောင်း ဩဝါဒစကား လေးခွန်းကို ပြန်လည် သတိရလျက် မလွန်ဆန်နိုင်ဘဲရှိတော့သည်။

 

ထိုအချိန်တွင် ကာသိတိုင်းရှင်ဘုရင် ဗြဟ္မဒတ်မင်းသည် အိပ်မက်မက်နေရာလန့်နိုးရာမှ အကြောင်းစုံကို သိလေသော် ကာသိမင်းနှင့် ဒီဃာဝုမင်းသားတို့သည် တစ်ယောက်နှင့်တစ်ယောက်အား အသက်ချမ်းသာပေး၍ ချစ်ကြည်မှုကို ပြုကြလေသည်။ ထို့အပြင် အချင်းချင်း မပြစ်မှားရန် ကတိသစ္စာကျိန်ဆိုမှုကိုလည်း ပြုကြလေကုန်၏။ မင်းသား ဒီဃာဝုသည် ခမည်းတော်မှာကြားခဲ့သည့် ရန်ငြိမ်းကြောင်း စကားလေးခွန်း၏ ရည်ရွယ်ချက်ကို ဗြဟ္မဒတ်မင်းအား အောက်ပါအတိုင်း ရှင်းလင်းခဲ့လေသည်။

 

သင်သည်- အရှည်ကိုလည်း မကြည့်လင့်ဆိုသည်မှာ ရှည်မြင့်စွာ ရန်ကိုမပြုလင့်ဟု ဆိုပါ၏။ အတိုကိုလည်း မကြည့်လင့်ဆိုသည်မှာ အဆွေခင်ပွန်းတို့နှင့် တိုတောင်းလျင်မြန်စွာ မိတ်မပျက်စေလင့် ဟုဆိုပါ၏။ ရန်တုံ့မူသဖြင့် ရန်တို့သည် မငြိမ်းနိုင်ကုန် ဆိုသည်မှာ အပြန်အလှန် လက်စားချေ သတ်ဖြတ်နေကြလျှင် ထိုရန်သည် ဘယ်နည်းမျှ မငြိမ်းနိုင်ရာဟု ဆိုပါ၏။ ရန်တုံ့မမူမှသာ ရန်တို့သည် ငြိမ်းကုန်၏ဆိုသည်မှာ အချင်းချင်း ချမ်းသာပေးကြကာ ရန်တုံ့မမူသဖြင့် ထိုရန်သည် အပြီးတိုင် ငြိမ်းအေးသွား၏ဟု ဆိုပါ၏။

(ဒီဃာဝုဝတ္ထု၊မဟာဗုဒ္ဓဝင် တတိယတွဲ)

 

သို့ဖြစ်ရာ ရန်ကိုရန်ခြင်းတုံ့ပြန်ပါက ရန်မီးပင်ပွားများနေမည်ဖြစ်ရာ ငြိမ်းအေးသောဘဝများကို တည်ဆောက် နိုင်မည်မဟုတ်။ ငြိမ်းချမ်းသောအခြေအနေဆိုသည်မှာ ငြိမ်းအေးလိုသော အသိစိတ်တွင် တည်နေပါ၏။

 

မရသော လောကဓမ္မတာ

မိမိတို့၏ဘဝများဆိုသည်က သမုဒ္ဒရာထက်မှ ရေပွက်ပမာ ခဏတာမျှသာ။ ထိုခဏတာနေရစဉ် ကာလအတွင်း ချစ်ခင်သူများနှင့်လည်း တွေ့ကြရပါမည်။ မချစ်ခင်သူများနှင့်လည်း ကြုံကြိုက်ကြရသည်။ ထို့နည်းတူပင် ချစ်ခင်သူများနှင့်လည်း ခွဲခွာကြရသည်။ မချစ်ခင် သူများနှင့်လည်း ခွဲခွာကြရပါမည်။ ဤသည်မှာ မည်သူမျှ ရှောင်လွှဲမရသော လောကဓမ္မတာပင် ဖြစ်ပေ၏။ မိမိ သေလွန်ပြီးနောက်တွင် အသက်ရှင်စဉ်က မိမိနှင့်အတူ ရှိခဲ့သော ရာထူး၊ ငွေကြေး၊ ဂုဏ်၊ မိသားစု၊ မိတ်ဆွေတို့ကို ထာဝရခွဲခွာကြရပါမည်။ လက်ချည်းဗလာဖြင့်လာခဲ့သော ဘဝသည် လက်ဗလာချည်းနှင့်ပင် ပြန်ကြရပါလိမ့်မည်။ မိမိနှင့်အတူ ကျန်ရှိနေမည်မှာ မိမိပြုခဲ့သည့် ကုသိုလ်၊ အကုသိုလ် တရားပင် ဖြစ်ပါ၏။

 

သို့ဆိုပါလျှင် နေထိုင်ရသော ခဏာတာဘဝတွင် ကောင်းသောလာခြင်း၊ ကောင်းသောနေခြင်း၊ ကောင်းသော ကျင့်ကြံခြင်းဟူသည် အသိနှင့် ကိုယ်ကျင့်သာ ဖြစ်ပေလိမ့်မည်။ ကိုယ်ကျင့်အဘိဓမ္မာတွင် အသိသည် အသိသာ၊ ကိုယ်ကျင့်မဟုတ်။ သိတိုင်း မကျင့်လျှင် သိနေရုံဖြင့် အကျိုးမရ။ ကျမ်းစာတို့သည် သိအောင်သာ ( ညွှန်ပြနိုင်၏။ ကျင့်၍ မပေးနိုင်ကြ။ အသိသည် အသိမျှသာဖြစ်ပြီး သိသလောက် ကိုယ်ကျင့်တရား မရှိလျှင် ကျကျနန ယုတ္တိ ယုတ္တာနှင့် စဉ်းလဲတတ်သဖြင့် မသိ၍ ဆိုးရွားနေသူတို့ ထက်ပင် ကြောက်စရာကောင်းကြောင်း ဆိုထားပါသည်။

 

အေးငြိမ်းသောဘဝ၊ သောကပူလောင်သော ဘဝများဆိုသည်က မည်သူမျှဖန်တီးသည်မဟုတ်။ ကာယကံရှင် မိမိကိုယ်တိုင်က ဖန်တီးခြင်းသာ ဖြစ်ပါ၏။ မိမိသည်ကိုယ်တိုင်အတွက် သော်လည်းကောင်း၊ လောကဝန်းကျင် အတွက်လည်းကောင်း အေးချမ်းသောဝန်းကျင် တည်ဆောက်ကြမည်ဆိုပါက လောကီ လောကုတ္တရာ နှစ်ဖြာသော ကောင်းကျိုးကို ရရှိစေပါလိမ့်မည်။ တရားရှာကိုယ်မှာတွေ့ ဆိုသကဲ့သို့ပင် အနှစ်သာရပြည့်ဝ၍ အေးငြိမ်းသော ဘဝဆိုသည်က အခြားနေရာတွင် ရှာရန်မဟုတ်။ မိမိသန္တာန်အတွင်း၌သာ ကိန်းအောင်းနေပါ၏။ ဆင်ခြင်ရန်နှင့် ကျင့်ကြံရန်သာ လိုအပ်ပါ၏။    ။