ငြိမ်းချမ်းမှ ပြည်ထောင်စုကြီး အေးချမ်းသာယာ

နေပြည်တော် ဖေဖော်ဝါရီ

 

၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၂၈ ရက်နေ့က ကချင်ပြည်နယ် ပူတာအိုခရိုင် ဆွမ်ပရာဘွမ်မြို့အနီးရှိ တံတားနှစ်စင်းကို ကေအိုင်အေ လက်နက်ကိုင်အဖွဲ့များက ဖျက်ဆီးခဲ့သဖြင့် လမ်းပန်းဆက်သွယ်မှုများ ပြတ်တောက်ခဲ့ရသည်။ တိုင်းရင်းသားပြည်သူများ ဖြတ်သန်းသွားလာနေသော တံတားများကို ဖျက်ဆီးလိုက်သောကြောင့် ပူတာအိုခရိုင်အတွင်းရှိ မြို့ရွာများသို့နေ့စဉ်သွားလာမှု ပြတ်တောက်သွားပြီး ကုန်စည်စီးဆင်းမှု ရပ်တန့်သွားသည်။

 

လမ်းပန်းဆက်သွယ်မှု ပြတ်တောက်ခြင်းကြောင့် ဖြစ်ပေါ်လာသော အကျိုးရလဒ်မှာ ဒေသခံတိုင်းရင်းသားပြည်သူများ နေ့စဉ်အသုံးပြုနေသောစားနပ်ရိက္ခာများ၊ လူသုံးကုန်ပစ္စည်းများနှင့် ဆေးဝါးများ ပြတ်လပ်မှုဖြစ်ပေါ်ပြီး ကုန်ပစ္စည်းဈေးနှုန်းကြီးမြင့်မှုဒဏ်ကို ဒေသခံများသာ ခါးစည်းခံနေကြရသည်။ 

 

ထို့အပြင် ထိုသို့ဖျက်ဆီးသောနေ့တွင်ပင် ကေအိုင်အို၊ကေအိုင်အေ လက်နက်ကိုင်အဖွဲ့က မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအိုလမ်းမပေါ်ရှိ ဆွမ်ပရာဘွမ်မြို့နယ် ကဝါးပန်ကျေးရွာအနီး ပြည်ထောင်စု လမ်းမကြီးပေါ်တွင် လီဆူတိုင်းရင်းသား ၁၉ ဦးနှင့် သဲဝိုင်ရွာမှ လီဆူတိုင်းရင်းသား နှစ်ဦး စုစုပေါင်း တိုင်းရင်းသား ၂၁ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

 

ကချင်ပြည်နယ်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တို့နှင့်တိုက်ပွဲများဖြစ်ပွားလေ့ရှိသောကြောင့် နယ်မြေမငြိမ်းချမ်းသည်မှာမှန်သော်လည်း ပူတာအိုခရိုင်ဒေသမှာမူ အခြားဒေသများထက်စာလျှင် တည်ငြိမ်အေးချမ်းသော ဒေသဖြစ်သည်။ ထိုဒေသများတွင် ဂျိမ်းဖော၊လီဆူ၊ ရဝမ်တိုင်းရင်းသားလူမျိုးများ အေးချမ်းစွာနေထိုင်ကြသည်။

 

ယခင်က လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး မြစ်ကြီးနားမှ ပူတာအိုခရိုင်အတွင်းရှိ ဒေသများသို့ ရက်ရှည်ဆက်သွယ်သွားလာခဲ့ရသော်လည်းမကြာသေးမီကာလက မြစ်ကြီးနားမှ ပူတာအိုခရိုင်အတွင်းသို့ အချိန်တိုအတွင်း ဆက်သွယ်သွားလာမှုလွယ်ကူအောင် နိုင်ငံတော်က ဆောင်ရွက်ပေးခဲ့သဖြင့် ဒေသခံတိုင်းရင်းသားပြည်သူများ ဝမ်းမြောက်ဝမ်းသာဖြစ်ခဲ့ကြသည်။

 

သို့သော် ငြိမ်းချမ်းသာယာ ဖွံ့ဖြိုးတိုးတက်မှုများ ပျက်စီးသွားခဲ့သည်။အပြစ်မဲ့တိုင်းရင်းသားပြည်သူများ ကြေကွဲဝမ်းနည်းကြရသည်။ လမ်းပန်းဆက်သွယ်မှု ပြန်လည်ကောင်းမွန်ရေး၊ အပြစ်မဲ့ တိုင်းရင်းသားပြည်သူများ ပြန်လည်လွတ်မြောက်ရေးအတွက် တိုက်တွန်းနှိုးဆော်ဆန္ဒဖော်ထုတ်ကြသည်။ မြစ်ကြီးနား-ဆွမ်ပရာဘွမ် လမ်းပိုင်းအတွင်းမှ ဖျက်ဆီးခြင်းခံခဲ့ရသော လမ်းပိုင်းများကို အမြန်ဆုံးပြန်လည်ပြုပြင်ပေးပြီး တိုင်းရင်းသား ပြည်သူများ လုံလုံခြုံခြုံ ဆက်သွယ်သွားလာနိုင်ရေးအတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။

 

ဖမ်းဆီးခံရသော တိုင်းရင်းသားပြည်သူများ၊ ထွက်ပြေးတိမ်းရှောင်ကြရသော ဒေသခံများမှာ အပြစ်မဲ့ပြည်သူများသာဖြစ်၍ မေတ္တာတရားရှေ့ထားကာစာနာထောက်ထားနားလည်ပေးနိုင်ရန် တိုက်တွန်းအပ်ပါသည်။

 

ကချင်ပြည်နယ်အပါအဝင် တောင်တန်းဒေသများမှ တိုင်းရင်းသားညီအစ်ကိုမောင်နှမများသည် ဘုံရန်သူဖြစ်သော နယ်ချဲ့ရန်ကို အတူတကွလက်တွဲတွန်းလှန်ခဲ့ကြပြီး တောင်တန်း-ပြည်မ အတူလက်တွဲ၍ လွတ်လပ်ရေးရရှိအောင် ညီညီညွတ်ညွတ် ကြိုးပမ်းဆောင်ရွက်ခဲ့ကြသူများဖြစ်သည်။ လွတ်လပ်ရေးရရှိလုနီးနှင့် လွတ်လပ်ရေးရရှိပြီးသောအခါ အမြင်မတူ သဘောကွဲလွဲမှုများ ဖြစ်ပေါ်ခဲ့ပြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ ပေါ်ပေါက်လာခဲ့သည်။ လက်နက်စွဲကိုင်တိုက်ခိုက်ခြင်းကြောင့် အဓိကခါးစည်းခံကြရသောသူများမှာ တိုင်းရင်းသားပြည်သူများသာ ဖြစ်သည်။ တိုင်းရင်းသားပြည်သူများမှာ မြေစာပင်များဖြစ်ကြရပြီးဒုက္ခဆင်းရဲရောက်ကြရသည်။

 

လက်နက်ကိုင်ပဋိပက္ခများကို လက်နက်နှင့်ဖြေရှင်းခြင်းမှာ နှစ်ဖက်ထိခိုက်နစ်နာဆုံးရှုံးသည့်အပြင် အပြစ်မဲ့ပြည်သူများ ဆင်းရဲဒုက္ခရောက်ကြရပြီး မိမိတို့ဒေသများဖွံ့ဖြိုးတိုးတက်ရေးနှင့် အလှမ်းဝေးနေဦးမည်ကို သတိမူရမည်ဖြစ်သည်။ လက်နက်ကိုင်ပဋိပက္ခများကို ငြိမ်းချမ်းသောနည်းဖြင့် အမှန်တကယ်ရယူလိုပါလျှင် စားပွဲဝိုင်းတွင် တွေ့ဆုံဆွေးနွေးအဖြေရှာခြင်းသည်သာ အကောင်းဆုံးဖြစ်သည်။ နိုင်ငံတော်အစိုးရ အနေဖြင့်လည်း ငြိမ်းချမ်းရေးတံခါးဖွင့်ထားပြီး မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းကိုမဆို ကမ်းလင့်ကြိုဆိုလျက်ရှိသည်။

 

သို့ဖြစ်ရာ လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းပြီး တိုင်းပြည်ငြိမ်းချမ်းမှသာ ပြည်ထောင်စုကြီး အေးချမ်းသာယာဖွံ့ဖြိုးတိုးတက်ပြီး တိုင်းရင်းသားပြည်သူအားလုံး၏ လူမှုစီးပွားဘဝ လုံခြုံစိတ်ချကာ ကိုယ်စိတ်နှလုံးချမ်းသာစွာဖြင့် ရပ်တည်နေထိုင်နိုင်မည်ဖြစ်ပါသည်။

 

ကြေးမုံ