ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း တရုတ်နိုင်ငံ အာရှရေးရာအထူး ကိုယ်စားလှယ်၊ နာဂငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီ ဥက္ကဋ္ဌနှင့် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ ဒုတိယဥက္ကဋ္ဌတို့အား သီးခြားစီတွေ့ဆုံ

နေပြည်တော်  ၁၂  ဇူလိုင် 

 

ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းသည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာအထူး ကိုယ်စားလှယ် မစ္စတာ စွန်ကော့ရှန် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့၊ နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ-ခပ်ပလန်(NSCN-K)မှ နာဂ ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီ ဥက္ကဋ္ဌ ဦးအန့်ကန့် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ(KNPP) ဒုတိယဥက္ကဋ္ဌ ခူဦးရယ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့အား ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ ဧည့်ခန်းမ ၌ သီးခြားစီတွေ့ဆုံသည်။ 

 

 

ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဋ္ဌသည် မစ္စတာ စွန်ကော့ရှန် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် နာဂ ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီ ဥက္ကဋ္ဌ ဦးအန့်ကန့် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့နှင့် တွေ့ဆုံစဉ် ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်များ၊ ဒေသတွင်း ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးသည်။

 

ထို့အတူ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ(KNPP) ဒုတိယဥက္ကဋ္ဌ ခူဦးရယ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံစဉ် ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်များနှင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုး ရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍  ဆွေးနွေးကြသည်။

 

 

အဆိုပါတွေ့ဆုံပွဲများသို့ ငြိမ်းချမ်းရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော်၊ အဖွဲ့ဝင် ဦးအောင်စိုး၊ အကြံပေးအဖွဲ့ဝင်များဖြစ်ကြသည့် ဦးလှမောင်ရွှေ၊ ဒေါက်တာ မင်းဇော်ဦး၊ အထောက်အကူပြု အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ 

 

(သတင်းစဉ်)