ပဲခူး ၁၀ ဧပြီ

 

ပဲခူးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန၊ ငါးလုပ်ငန်းပညာပေး သင်တန်းခန်းမတွင် ယနေ့နံနက် ၉ နာရီက ငါးလုပ်ငန်း ပညာပေးသင်တန်းခန်းမနှင့် ငါးရောဂါ ရှာဖွေရေးဓာတ်ခွဲခန်း ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

 

အခမ်းအနားတွင် ငါးလုပ်ငန်းပညာပေး သင်တန်းခန်းမနှင့် ငါးရောဂါရှာဖွေရေး ဓါတ်ခွဲခန်းအား ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်ရင်၊ တရားလွှတ်တော် တရားသူကြီးချုပ် ဦးမောင်မောင်ရွှေ၊ လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးကြည်ဇင်၊ တိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးအောင်ဇော်နိုင်၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးညွှန့်ရွှေ၊ ပဲခူးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုင်းကျော်မြင့်နှင့် ပဲခူးတိုင်းဒေသကြီး လွှတ်တော်စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဆည်မြောင်းနှင့် မြေယာကိစ္စရပ်များဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးမျိုးခိုင်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး ငါးလုပ်ငန်းပညာပေး သင်တန်းခန်းမနှင့် ငါးရောဂါရှာဖွေရေး ဓါတ်ခွဲခန်း ဆိုင်းဘုတ်အား  စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးသည်။


      
ထို့နောက်  ငါးလုပ်ငန်းပညာပေး သင်တန်းခန်းမနှင့် ငါးရောဂါရှာဖွေရေး ဓါတ်ခွဲခန်း ဆိုင်းဘုတ်အား အမွှေးနံ့သာရည်များ ပက်ဖြန်းပေးကြပြီး လွှတ်တော်ဥက္ကဋ္ဌ၊ တရားသူကြီးချုပ်နှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုကြသည်။


      
ယင်းနောက် စိုက်ပျိုးရေး၊ ပဲခူးတိုင်းဒေသကြီး လွှတ်ဥက္ကဋ္ဌ ဦးခင်မောင်ရင်က အမှာစကား ပြောကြားကြပြီး ပဲခူးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုင်းကျော်မြင့်က ဌာန၏ လုပ်ငန်းဆောင်ရွက်မှုများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။


     
ယခုဖွင့်လှစ်သည့် ငါးလုပ်ငန်းပညာပေးသင်တန်းခန်းမနှင့် ငါးရောဂါရှာဖွေရေး ဓါတ်ခွဲခန်းသည် ရေချိုငါးများကို စားသုံးသူများအတွက် စဉ်ဆက်မပြတ် ပိုမိုတိုးတက်ထုတ်လုပ်နိုင်ပြီး ထုတ်လုပ်သည့် ရေထွက်ကုန်ပစ္စည်းများသည်လည်း စားသုံးသူများ ဘေးဥပါဒ် မဖြစ်စေရန်နှင့် ကျန်းမာရေးနှင့် ညီညွတ်၍ သန့်ရှင်းသော ရေထွက်ကုန်ပစ္စည်းများ ဖြစ်ရန်အတွက် မရှိမဖြစ်လိုအပ်သည့် သုတေသနလုပ်ငန်း၊ စွမ်းရည်မြှင့်တင်ခြင်းဆိုင်ရာ သင်တန်း၊ အခြားသော လိုအပ်သည့် နည်းပညာဆိုင်ရာ ဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် အထောက်အကူပြုနိုင်သော ပင်မအရင်းအမြစ်တစ်ခု ဖြစ်လာမှာဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုင်းကျော်မြင့်က ပြောသည်။

 

အဆိုပါ ငါးလုပ်ငန်းပညာပေးသင်တန်း ခန်းမသည် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ခွင့်ပြုငွေကျပ် ၁၃၇၁၆၅၀ဝ၀ ဖြင့်လည်းကောင်း၊ ငါးရောဂါရှာဖွေရေး ဓါတ်ခွဲခန်းသည် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုငွေကျပ် ၃၅၆၂၀ဝ၀ဝ ဖြင့်လည်းကောင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

တင်စိုး(ပဲခူး)