ဝါးခယ်မ   ၂၂  ဧပြီ

 

ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ်အတွင်းမှ ငါးမွေးမြူရေးကန်များ အပူချိန်လွန်ကဲမှုဒဏ်ကြောင့် ဆုံးရှုံးမှု မဖြစ်ပေါ်စေရေး စောင့်ကြည့်ရန် လိုအပ်ကြောင်း  မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူများအား အသိပေး နှိုးဆော်ထားကြောင်း သိရသည်။

 

အပူချိန်လွန်ကဲမှုကြောင့် ငါးမွေးမြူရေးကန်များရှိ ကန်ရေများ ရေငွေ့ပြန်ပြီး ရေလျော့နည်းကာ ကန်ထဲရှိငါးများ၏ စွန့်ပစ် အညစ်အကြေးများကြောင့် လည်းကောင်း၊ အစာကျွေးမှု လွန်ကဲသဖြင့် စားကြွင်းစားကျန်များကြောင့် လည်းကောင်း၊ ကန်ရေ ညစ်ညမ်းပြီး ငါးရောဂါများ ကျရောက်တတ်သဖြင့် ကြိုတင်သတိထား ဆောင်ရွက်သင့်ကြောင်း မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစန်းမောင်ဦးက ပြောသည်။

 

ငါးမွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူများအနေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနမှ ထုတ်ပြန်ကြေညာထားသော ကြိုတင်ကာကွယ်ရေး နှိုးဆော်ချက်များအတိုင်း အပူချိန်မြင့်မားပြီး ငါးမွေးကန်များရှိ ကန်ရေများ ခန်းလာပါက သန့်ရှင်းသောရေအသစ်များ ဖြည့်သွင်းခြင်းဖြင့် လည်းကောင်း၊ ရေအသစ် ဖြည့်သွင်းရန် ခက်ခဲပါက မွေးမြူထားသော ငါးအရေအတွက် လျော့ချခြင်းဖြင့် ဆောင်ရွက်သင့်ကြောင်း၊ အပူချိန်မြင့်မားသော နေ့လယ်ပိုင်းများ၌ ငါးများ ကန်ပြောင်းရွှေ့ခြင်း မပြုလုပ်သင့်ကြောင်း၊ အစာကျွေးပြီးပါက အစာကျန်များ ရှိ၊ မရှိ စစ်ဆေးသင့်ကြောင်း၊ ငါးမွေးမြူရေးကန်များ၌ ပုံမှန်မဟုတ်သော အခြေအနေ ကြုံတွေ့လာပါက မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနသို့ ဆက်သွယ်အကြောင်းကြားကာ ပူးပေါင်းဆောင်ရွက် ဖြေရှင်းပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူးက ဆက်လက် ပြောကြားသည်။

 

ဝါးခယ်မမြို့နယ်တွင် ဂရမ်းကျေးရွာ၊ မြဂိုးလေးကျေးရွာ၊ မြဂိုးကြီးကျေးရွာ၊ သီလချောင်းကျေးရွာ၊ မြစ်ကလေးကျေးရွာနှင့် ကျွဲတလင်းကျေးရွာများ၌ အများဆုံး ငါးမွေးမြူရေးလုပ်ငန်း လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။

 

လွှမ်းသီဟ  (ဝါးခယ်မ)

 

IMG_201