ငဖဲ စက်တင်ဘာ ၁၇
မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ငဖဲမြို့နယ် ပဒါန်း အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။
ဦးစွာ နယ်မြေခံတပ်နယ်မှ ဗိုလ်မှူးချုပ်နိုင်ဝင်းက အမှာစကားပြောကြားပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်စိုးက ကျောင်းသား ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးရေး၊ စာပေအသိပညာကြွယ်ဝရေးနှင့်ပတ်သက်၍ အမှာစကားပြောကြားသည်။
ဆက်လက်၍ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အခမ်းအနားတွင် အထူးအစီအစဉ် တစ်ရပ်အဖြစ် ထည့်သွင်းကျင်းပသော အမြဲမပြတ်လေ့လာ သင်ယူရေးစကားဝိုင်းတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ဥမ္မာကျော်က ဦးဆောင်ဆွေးနွေးသူအဖြစ်ဆောင်ရွက်ရာ ကျောင်းသား ကျောင်းသူများက စာရေးဆရာတက္ကသိုလ်ဘုန်းနိုင်ရေးသားသော မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေးကို ဖော်ကျူးသည့် သူ့ကျွန်မခံပြီ စာအုပ်အား ပါဝင်ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသည့် ကျောင်းသား ကျောင်းသူများက သိရှိလိုသည်များမေးမြန်းရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ဆွေးနွေးပြောကြားသည်။ ထို့နောက် အခြေခံပညာအထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲတွင် ဆုရရှိသူ သုံးဦး၊ နှစ်သိမ့်ဆုရရှိသူ နှစ်ဦး၊ အမြဲမပြတ် လေ့လာသင်ယူရေးစကားဝိုင်းတွင် ပါဝင်ဆွေးနွေးကြသည့် ကျောင်းသား ကျောင်းသူ လေးဦးနှင့် ကျောင်းစာကြည့်တိုက်အတွက် စာအုပ်စာစောင်တို့ကို နယ်မြေခံတပ်နယ်မှ ဗိုလ်မှူးချုပ် နိုင်ဝင်းနှင့် ဗိုလ်မှူးများ၊ တာဝန်ရှိသူများက ဂုဏ်ပြုဆုငွေနှင့် မှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


