ငဖဲ ၁၀ ဧပြီ                  

 

                                
မင်းဘူးခရိုင်၊ ငဖဲမြို့နယ် ပေါင်းကလေးကျေးရွာတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနတို့ ပူးပေါင်း၍ ကျေးလက်နေတောင်သူများအား စိုက်ပျိုးရေးဆိုင်ရာ စပါးစိုက်ပျိုးနည်းစနစ် (SRI) တောင်သူအသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၉ နာရီက အဆိုပါကျေးရွာ ဓမ္မာရုံ၌ပြုလုပ်ခဲ့သည်။


          
ဟောပြောပွဲတွင် ငဖဲမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးဝင်းအောင်က တောင်သူများအနေဖြင့် မိရိုးဖလာ သမားရိုးကျ စိုက်ပျိုးနေသော မျိုးများကိုမသုံးဘဲ နွေစပါးအထွက်နှုန်း ကောင်းမွန်ရေးအတွက် SRI နည်းစနစ်ဖြင့် မျိုးကောင်းမျိုးသန့်များကို စိုက်ပျိုးရန်နှင့် စိုက်ပျိုးနည်းစနစ်များ၊ သီးနှံအမျိုးပေါင်း ၈၀ ကျော်ကို ဖျက်ဆီးတတ်သော ငမြှောင်တောင်ပိုးအကြောင်းနှင့် ပိုးကျရောက် ဖျက်ဆီးပါက ကာကွယ်နှိမ်နင်းရန် နည်းလမ်းများ၊ အသုံးပြုသင့်သည့် ပိုးသတ်ဆေးများ အကြောင်းကိုလည်းကောင်း၊ မြို့နယ်ကျေးလက်ဦးစီးမှူး ဦးယုနိုင်လင်းက ဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော မြစိမ်းရောင် ကျေးရွာစီမံကိန်းလုပ်ငန်းများ၊ VDP စီမံကိန်းလုပ်ငန်းများ၊ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သင်တန်းများ ဖွင့်လှစ်ဆောင်ရွက်ပေးမှုများနှင့် ပတ်သက်၍ အသီးသီး ဟောပြောခဲ့ကြသည်။ 

 

ယင်းနောက် မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများမှ စိုက်ပျိုးရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိသည်။

 

မယု(ငဖဲ)

 

ee