“ငါးရစ်ငါးသန်ဘေးမဲ့ချန်၊ ပုံမှန်စားသုံးမျိုးမသုဉ်း”
“ငါးရစ်တစ်ကောင်သုံးလရှောင်၊ ထောင်သောင်းတိုးပွားရေရှည်စား”
- မိုးဖြိုင်ဖြိုင်ရွာသော မေလနှောင်းပိုင်းနှင့် ဇွန်၊ ဇူလိုင်လများတွင် မြစ်ချောင်းအင်း အိုင်အနှံအပြား၌ ဥများဖြင့် ပြည့်နေသော ငါးမကြီးများနှင့် မျိုးရည်ပြည့်၀နေသော ငါးထီးကြီးများသည် ဥချရန် နေရာလာရှာ၍ ငါးရစ်တက်ကြပါသည်။
- ထိုငါးရစ်ငါးကြီးများကို ဖမ်းဆီးလိုက်ပါက ပေါက်ပွားလာမည့် သန်းပေါင်းများစွာသော ငါးသားပေါက်များသည် သေကြေပျက်စီးကြကာ ရေရှည်စဉ်ဆက်မပြတ် ငါးထုတ်လုပ်နိုင်ရေးနှင့် တစ်နိုင်ငံလုံးငါးရိက္ခာဖူလုံစွာ စားသုံးနိုင်ရေးကို အထောက်အကူ မပြုတော့ဘဲ ငါးမျိုး ပြုန်းတီးသွားစေနိုင်ပါသည်။
- စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနမှ အမိန့် ကြော်ငြာစာအမှတ် ၂/၉၂ ဖြင့် ငါးရစ်ငါးသန်ရာသီချိန်များတွင် ငါးများဖမ်းဆီးခြင်း မပြုရန် တားမြစ်ထားပါသည်။ အဆိုပါ တားမြစ်ချက်ကို ဖောက်ဖျက်ကျူး လွန်ပါက သက်ဆိုင်ရာ ဥပဒေအရ ဖမ်းဆီးတရားစွဲဆိုအပြစ်ပေးနိုင်ရန် ပြဌာန်းထားပါသည်။
- သို့ပါ၍ ငါးရစ်တက်ချိန်နှင့် ငါးသားပေါက်သော မိုးရာသီအချိန်များတွင် ငါးရစ် ငါးများလွတ်လပ်စွာ ဥချသားပေါက်နိုင်ရေးနှင့် နုနယ်လှသည့် ငါးသားပေါက်များ ဆက်လက်ရှင်သန် ကြီးထွားနိုင်ရေးအတွက် ငါးရစ်ငါးများနှင့် ငါးသားပေါက်များကို ဖမ်းဆီးခြင်း မပြုဘဲ ဘေးမဲ့ပေးကြပါရန် နှိုးဆော်အပ်ပါသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန
ငါးလုပ်ငန်းဦးစီးဌာန


