ငါးသိုင်းချောင်း ၁၇ ဧပြီ

 

ပုသိမ်ခရိုင် ငါးသိုင်းချောင်းမြို့၌ နှစ်စဉ်မြန်မာနှစ်ဆန်း တစ်ရက်နေ့ ညနေပိုင်းတွင် ဒေသခံပြည်သူများ၏ မြို့လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို အစဉ်အလာမပျက် ကျင်းပလာခဲ့ရာ ယနေ့ ၁၃၈၁-ခုနှစ် မြန်မာနှစ်ဆန်း တစ်ရက်နေ့တွင် (၇၄)ကြိမ်မြောက် ရှိပြီဖြစ်ကြောင်း သိရသည်။

 

အဆိုပါ မြို့လုံးကျွတ် စုပေါင်းဆွမ်းဆန်စိမ်း လောင်းလှူပွဲအတွက် ငါးသိုင်းချောင်းမြို့ပေါ်ရှိ ရပ်ကွက်အသီးသီး၌ ဆွမ်းလောင်းမဏ္ဍပ်များ တည်ဆောက်ခြင်း၊ ဆွမ်းဆန်စိမ်း၊ စာရေးတံမဲနှင့် အခြားလှူဖွယ်ဝတ္ထုများအား စုပေါင်းအလှူခံယူ စုဆောင်းပြင်ဆင်ခြင်း၊ ဒေသခံပြည်သူများအား ဆွမ်းဆန်စိမ်း စုပေါင်းလောင်းလှူနိုင်ရန် နှိုးဆော်အသိပေးခြင်းနှင့် အခြားလိုအပ်သော ပြင်ဆင်မှုများကို သက်ဆိုင်ရာ ရပ်ကွက်အလိုက် ဒေသခံပြည်သူ အကျိုးတော်ဆောင်များက မဟာသင်္ကြန်အကြိုနေ့မှ ယနေ့နှစ်ဆန်း တစ်ရက်နေ့ နံနက်ပိုင်းအထိ ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိကြသည်။

 

ယနေ့ညနေပိုင်း၌ ရပ်ကွက်အလိုက် ဆွမ်းလောင်းမဏ္ဍပ် (၁၀)ခုဖွင့်လှစ်၍ ငါးသိုင်းချောင်းမြို့ပေါ်နှင့် ဝန်းကျင်ရှိ ဘုန်းတော်ကြီးကျောင်း (၅၀)နှင့် သီလရှင်စာသင်တိုက် (၁၃)ကျောင်း စုစုပေါင်းကျောင်းတိုက် (၆၃)တိုက်မှ မြို့နယ်သံဃနာယကအဖွဲ့ဝင် ဆရာတော်ဦးဆောင်သော သံဃာတော်များအား ဆွမ်းဆန်စိမ်း လောင်းလှူကြမည်ဖြစ်သည်။

 

စိုးမင်းဦး(ပြန်/ဆက်)